မြေမြှုပ်မိုင်း သို့မဟုတ် ပုန်းခိုစောင့်ဆိုင်းနေသည့် အကြမ်းဖက်သမား

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ အောင်ချမ်းသာရွာမှ တောင်သူ ဦးကြာခင်သည် မိုင်းနင်းမိရာမှ ခြေနှစ်ဖက် ဆုံးရှုံးခဲ့သူဖြစ်သည် (ဓာတ်ပုံ - David Doyle/Myanmar Now)
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ အောင်ချမ်းသာရွာမှ တောင်သူ ဦးကြာခင်သည် မိုင်းနင်းမိရာမှ ခြေနှစ်ဖက် ဆုံးရှုံးခဲ့သူဖြစ်သည် (ဓာတ်ပုံ - David Doyle/Myanmar Now)

ကျောက်ကြီး - လွန်ခဲ့သည့် ၂ နှစ်ခန့်က ဦးကြာရင် ရွာအပြင်ဘက် တောထဲတွင် ဝါးခုတ်နေစဉ် မြေမြှုပ်မိုင်းတစ်လုံး နင်းမိသွားသည်။

ဘယ်ဘက်ခြေထောက် ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိသွားရာ အဖော်မပါ တစ်ယောက်တည်း ဖြစ်နေသောကြောင့် ဦးကြာရင်က ကိုယ့်ကိုယ်ကိုယ် ရက်ရက်စက်စက် ပြုလုပ်ခဲ့ရသည်။

“ကျွန်တော် လဲနေရာကနေ ထထိုင်လိုက်တယ်။ ပြီးတော့ ပါလာတဲ့ ဓားကို ဆွဲထုတ်လိုက်ပြီး ခြေထောက်ကို ကိုယ့်ဘာသာ လှီးဖြတ်ပစ်ရတယ်။ အရမ်းနာပေမဲ့ ခြေထောက်က အသားစတွေကို လှီးပြီး ဖယ်ပစ်ရတယ်။ ဒီလိုမှမလုပ်ရင် အခြေအနေက ပိုဆိုးမှာမို့လို့ ရွေးချယ်စရာ ဒီတစ်လမ်းပဲ ရှိတော့တယ်” ဟု ၅၆ နှစ်အရွယ် ဦးကြာရင်က ပြောသည်။

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်အတွင်းမှ သူနေထိုင်သည့် အောင်ချမ်းသာရွာကလေးသည် တစ်ချိန်က စစ်မြေပြင်ဖြစ်သည်။ KNU ကရင်လက်နက်ကိုင်အဖွဲ့ အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် မြန်မာ့တပ်မတော်ကြား သီးခြားစီဖြစ်ပွားသည့် လက်နက်ကိုင်ပဋိပက္ခသည် ကမ္ဘာပေါ်တွင် အရှည်ကြာဆုံး ပြည်တွင်းစစ် ဖြစ်ခဲ့သည်။

KNU နှင့် မြန်မာ့တပ်မတော် ပဋိပက္ခတွင် နှစ်ဖက်စလုံးက မြေမြှုပ်မိုင်း သုံးကြရာ အောင်ချမ်းသာဝန်းကျင်ရှိ တောထဲတွင်လည်း မိုင်းအများအပြား ကျန်ရှိနေသည်။

ဒေသခံတို့က စိုက်ပျိုးရေးလုပ်ငန်းနှင့် တောထွက်ပစ္စည်းများကို မှီခိုအားထားနေရသည်။ အိမ်အတွက် ဟင်းသီးဟင်းရွက်မှ အစပြု၍ ပြန်လည်ရောင်းချရန် ကွမ်း၊ ဝါးတို့ကိုလည်း ထိုတောမှပင် ရရှိကြသည်။

ရွာသားများက တောထဲဝင်တိုင်း အန္တရာယ်များမှန်း သိကြသည်။ ဤသည်မှာ ပဋိပက္ခ အများဆုံးဖြစ်ပွားနေသည့် နယ်စွန်နယ်ဖျားတွင် ပြည်သူ သိန်းသန်းချီ ကြုံတွေ့နေရသော ဒုက္ခဖြစ်သည်။

နိုင်ငံအနှံ့ မြေမြှုပ်မိုင်းကဲ့သို့သော လက်နက်ပုန်းများကြောင့် သေဆုံးရသူအရေအတွက်မှာ နှစ်စဉ် ရာပေါင်းများစွာ ရှိသည်။ မြေမြှုပ်မိုင်း စောင့်ကြည့်ရေးဆိုင်ရာအဖွဲ့ Landmine Monitor ၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံသည် မြေမြှုပ်မိုင်းများကြောင့် နှစ်စဉ် သေဆုံးရသူအရေအတွက် ကမ္ဘာ့တတိယ အများဆုံးနိုင်ငံဖြစ်ကြောင်း သိရသည်။ ၁၉၉၉ နှင့် ၂ဝ၁၄ အကြား မြေမြှုပ်မိုင်းကြောင့် သေဆုံးသူအရေအတွက် ၃,၇၄၅ ဦး ရှိခဲ့ကြောင်း မှတ်တမ်းတင်ထားသော စာရင်းများအရ သိရှိရသည်။ မှတ်တမ်းတင်ခြင်း မပြုနိုင်သော ဖြစ်ရပ်များလည်း ရှိကြောင်း သိရသည်။

ယခုအခါ ဦးကြာရင်က သူ့ဓားကို ပုံစံတစ်မျိုးဖြင့် အသုံးချရန် စဉ်းစားထားသည်။

“ကျုပ်ကို အခုလို ဒုက္ခိတဘဝရောက်အောင် လုပ်တဲ့သူတွေကိုတွေ့ရင် ကျုပ် ဒီဓားနဲ့ သတ်ပစ်ချင်စိတ် ပေါ်လာမှာပဲ” ဟု သစ်သားခြေတု တပ်ထားသည့် ခြေထောက်ဘက်သို့ ယိုင်ကျမသွားအောင် သစ်ပင်ကို မှီကာ အားပြုရင်း ဦးကြာရင်က ပြောသည်။

လူခြောက်ယောက်၊ ခြေထောက် ငါးချောင်း

မြေမြှုပ်မိုင်းကြောင့် ခန္ဓာကိုယ်အစိတ်အပိုင်းတချို့ ဆုံးရှုံးသွားသည်မှာ ဦးကြာရင်တစ်ယောက်တည်းသာ မဟုတ်။ သူအပါအဝင် အိမ်ရှိ မိသားစုဝင် ခြောက်ယောက်စလုံး ဒဏ်ရာရခဲ့ဖူးပြီး တစ်အိမ်ထောင်စုလုံးတွင်မှ ခြေထောက်ငါးချောင်းသာ ရှိသည်။

သူ့အစ်ကို ဦးကြာခင်သည် ဇနီးနှင့်အတူ ဝါးခုတ်သွားစဉ် မိုင်းနင်းမိပြီး ခြေနှစ်ဖက် ဆုံးရှုံးခဲ့ရသည်။

“ကျုပ်မှတ်မိသေးတယ်၊ အဲဒီတုန်းက မိုးတွင်းဘက်ကြီး။ သွေးတွေ တအားထွက်တာ။ မိန်းမက ကျွန်တော့်ခန္ဓာကိုယ် အောက်ပိုင်းတစ်ခုလုံးကို စောင်နဲ့ ပတ်ပေးထားခဲ့ရတယ်” ဟု ဦးကြာခင်က ပြောသည်။

အောင်ချမ်းသာရွာ အနီးဝန်းကျင်မှ အမျိုးသားများသည် တောထဲတွင် သွားလာလုပ်ကိုင်ရသဖြင့် မိုင်းထိခံရခြင်းသည် သူတို့အတွက် အထူးအဆန်းပင် မဟုတ်တော့ပေ။ ကလေး လေးယောက်အဖေ ဦးကြာခင်မှာ မိသားစုစားဝတ်နေရေးအတွက် ခက်ခက်ခဲခဲ ရုန်းကန်နေရသူဖြစ်သည်။

“လောလောဆယ်မှာတော့ မိန်းမကပဲ ရှာဖွေကျွေးနေရတာပေါ့။ သူက ဟင်းသီးဟင်းရွက်လေးတွေ ရှာဖွေ ရောင်းချနေရလို့ အိမ်စရိတ် မလောက်ငှပါဘူး။ တခါတလေတော့ ကျွန်တော် ဝါးခြင်းတောင်းလေးတွေ ရက်ရောင်းရင် တစ်နေ့ကို ၅ဝဝ လောက် ရတယ်။ ဒီငွေပိုလေးကတော့ ကျွန်တော့် ဆေးဖိုးဝါးခ ရတာပေါ့” ဟု ဦးကြာခင်က ပြောသည်။

သူ့နှမဝမ်းကွဲ ဒေါ်ငွေရင်ကတော့ ရွာတွင် လွန်ခဲ့သည့် နှစ် ၄ဝ က ပထမဆုံး မိုင်းထိမှန်ခံရသူဖြစ်သည်။

ဒေါ်ငွေရင်က ညာဘက်ခြေထောက် ပြတ်သွားခဲ့ရာ ဝါးတောထဲတွင်ရပ်လျက် သူမိုင်းထိမှန်ခဲ့သည့် နေရာကို လိုက်ပြခဲ့သည်။ သူ့ကိုလာဆွဲခေါ်သည့် မိခင်နှင့်အဒေါ်တို့သည်လည်း မိုင်းနင်းမိကြကြောင်း ပြန်ပြောပြသည်။

“ကျွန်မကို တွဲခေါ်ဖို့ လာတဲ့အဒေါ်က ခြေထောက်နှစ်ဖက်စလုံး ပြတ်သွားပြီး အမေကတော့ ဗိုက်နဲ့ မျက်နှာတွေမှာ ဒဏ်ရာတွေ ရသွားတယ်” ဟု ဒေါ်ငွေရင်က ပြောသည်။

ရွာလူဦးရေက ၇ဝဝ ခန့် ရှိသည်။ ဒေါ်ငွေရင်ဖြစ်ရပ် နောက်ပိုင်း သူတို့ရွာလေးတွင် မိုင်းထိမှန်မှုကြောင့် သေဆုံးသူ ၂ဝ၊ ဒုက္ခိတဖြစ်သွားသူ ၁၂ ဦးခန့် ရှိလာသည်။

တိုက်ပွဲများကြောင့် အခြေအနေ ပိုမိုဆိုးရွား

KNU တပ်ဖွဲ့ဝင်များ ထောင်သည့် မိုင်းကို နင်းမိခဲ့ခြင်းဖြစ်သည်ဟု ဦးကြာရင်နှင့် ဒေါ်ငွေရင် နှစ်ဦးစလုံးက ပြောသည်။

မြန်မာ့တပ်မတော်ကို တိုက်ခိုက်ရန်၊ ရွာသားများ တောအတွင်း သစ်ခုတ်ခြင်း မပြုရန်၊ ဆက်ကြေး ရရှိရန် KNU က မိုင်းထောင်သည်ဟု ၎င်းတို့က ပြောသည်။

KNU တာဝန်ရှိသူတစ်ဦးက ၎င်းတို့ မိုင်းထောင်ကြောင်း ဝန်ခံသည်။ သို့သော်လည်း မိုင်းထောင်ခြင်း၏ ရည်ရွယ်ချက်မှာ ဆက်ကြေး၊ သစ်တောတို့နှင့် သက်ဆိုင်မှု မရှိကြောင်း၊ မြန်မာ့တပ်မတော်ကလည်း မိုင်းထောင်ကြောင်း သူက ပြောသည်။

ပြည်တွင်းစစ်ကာလအတွင်း မြေမြှုပ်မိုင်းကို ဗုံးပေါလအော သုံးကြသည့် လက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့် တစ်နိုင်လုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးရန် ပြည်သူအများအပြားက လိုလားနေကြသည်။

“သက်ဆိုင်ရာအဖွဲ့အစည်းတွေအားလုံးက အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်မှာ လက်မှတ်ရေးထိုးရင် မြေမြှုပ်မိုင်း ပြဿနာကိုလည်း ဖြေရှင်းပြီးသားဖြစ်မှာပါ” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးက Myanmar Now ကို ပြောသည်။

“လက်ရှိအစိုးရလက်ထက်မှာ မြေမြှုပ်မိုင်း ပြဿနာကို ဖြေရှင်းသွားနိုင်မယ်လို့ ယုံကြည်ပါတယ်”

ဘယ်တော့မှ အားလုံးရှင်းလင်းသွားမှာလဲ

နိုင်ငံတကာ ကူညီရေးအဖွဲ့အစည်းများက မြေမြှုပ်မိုင်းရှင်းလင်းရေး လုပ်ငန်းစဉ်များကို စတင် လုပ်ဆောင်ရန် အဆင်သင့်ဖြစ်နေသော်လည်း မိုင်းရှင်းလင်းမှုလုပ်ငန်းကို တရားဝင် စတင်နိုင်ခြင်း မရှိသေးပေ။

နော်ဝေနိုင်ငံမှ Norwegian People’s Aid အဖွဲ့၏ မြန်မာနိုင်ငံဆိုင်ရာယာယီတာဝန်ခံ အင်ဂီဘော့ မိုအာက ၂ဝ၁၁ ခုနှစ် ဒီမိုကရေစီအသွင်ကူးပြောင်းမှုကာလ မတိုင်မီ အစိုးရတာဝန်ရှိသူများနှင့် ပြောဆိုရာ၌ မြေမြှုပ်မိုင်းဆိုသည့် စကားလုံးကိုပင် သုံးနိုင်သည့်အခြေအနေ မရှိခဲ့ကြောင်း ရှင်းပြသည်။

“မြေမြှုပ်မိုင်းဆိုတဲ့ စကားလုံးအစား အသက်အန္တရာယ်နဲ့ ကျန်းမာရေးကို ခြိမ်းခြောက်နေတဲ့ အရာတွေလို့ပဲ သုံးနှုန်းခဲ့ရပါတယ်။ အခုတော့ ပြောင်းလဲသွားပါပြီ။

အစိုးရအာဏာပိုင်တွေရော၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေကရော မြေမြှုပ်မိုင်းကိစ္စတွေ၊ မိုင်းရှင်းလင်းရေးတွေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးလာကြပါပြီ” ဟု ပြောသည်။

သူတို့အဖွဲ့က မြေမြှုပ်မိုင်းများ မည်သည့်နေရာတွင် ရှိနေသည်ကို အချက်အလက်များ စုဆောင်း လေ့လာထားသော်လည်း တည်နေရာများ အတိအကျ ဖော်ထုတ်နိုင်မည့် နည်းပညာလုပ်ငန်းစဉ်များအတွက် ခွင့်ပြုချက် မရသေးကြောင်း ပြောကြားသည်။

လွန်ခဲ့သည့်နှစ် အောက်တိုဘာလက အပစ်ရပ်စာချုပ်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့ လက်မှတ်ထိုးပြီးနောက် မြေမြှုပ်မိုင်း ရှင်းလင်းရေး လုပ်ငန်းစဉ်များတွင် တိုးတက်မှုများ ရှိခဲ့ကြောင်း မိုအာက ပြောသည်။

တစ်သက်စာ အနာတရများ

ကျောက်ကြီးမြို့နယ်မှ ရွာသားများကမူ မိုင်းရှင်းလင်းရေးနှင့်ပတ်သက်သည့် လုပ်ငန်းစဉ် တစ်ခုခုကို အမြန်ဆုံး မြင်ချင်လှပြီ ဖြစ်သည်။ မြေမြှုပ်မိုင်းများသည် ကိုယ်လက်အင်္ဂါချို့တဲ့မှု ဖြစ်စေရုံသာမက စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ဖြစ်စေကြောင်း ပြောသည်။

ကော့ဗျင်းရွာမှ ၃၁ နှစ်အရွယ် မငွေရီသည် ကိုယ်အင်္ဂါချို့တဲ့သူများကို ဆွေးနွေးနှစ်သိမ့် အားပေးနေသူတစ်ဦး ဖြစ်သည်။ သူ ၂၁ နှစ်အရွယ်က တောထဲရှိ မိဘများထံ စက်ဘီးစီးပြီး ထမင်းသွားပို့စဉ် မြေမြှုပ်မိုင်း ထိမှန်ရာ ညာဘက်ခြေထောက် ဖြတ်ပစ်ခဲ့ရသည်။

“မြေမြှုပ်မိုင်းကြောင့် ခြေလက်အင်္ဂါချို့တဲ့သွားသူ အများစုဟာ အိမ်မှာပဲ နေကြရပြီး အပြင်ထွက် အလုပ် မလုပ်နိုင်လို့ စိတ်ဓာတ်ကျရာကနေ အမျိုးသားတွေအများအပြားကတော့ အရက်စွဲသွားကြတာပါပဲ။ ခြေလက်အင်္ဂါချို့တဲ့တာဟာ ရှက်စရာမဟုတ်ဘူး၊ ကျွန်မတို့အနေနဲ့ သူများတွေလို အပြင်သွားနိုင်သလို လူမှုရေးကိစ္စတွေမှာလည်း ပါဝင်ဆောင်ရွက်လို့ ရတယ်ဆိုတာ ပြောပြရပါတယ်” ဟု မငွေရီက ရှင်းပြသည်။

သတ္တိ၊ ရဲရင့်မှုတို့က သူ့မျက်နှာတွင် ပေါ်လွင်နေသည်။ မြေမြှုပ်မိုင်းသည် သူ့ခြေထောက်တစ်ဖက်ကို ဆုံးရှုံးစေရုံသာမက ကိုယ်ပိုင်ဆိုင်ဖွင့်ရေးအိပ်မက်ကိုလည်း ဖျက်ဆီးပစ်ခဲ့သည်။
“ကျွန်မ မျှော်လင့်ချက်တွေ မထားနိုင်တော့ပါဘူး။ လုပ်မှ မလုပ်နိုင်တော့တာ” ဟု သူ့မိဘအိမ် အပြင်ဘက်တွင် ထိုင်ပြီး မျက်ရည်ဝိုင်းနေသည့် မငွေရီက ပြောသည်။

“စိတ်မကောင်းဖြစ်တာကို ကျွန်မကူညီနေတဲ့ ကိုယ်လက်အင်္ဂါ ချို့တဲ့သူတွေ မမြင်အောင်နေပါတယ်။ သူတို့ရှေ့မှာတော့ ကြံ့ကြံ့ခိုင်ခိုင် ရပ်ပြနိုင်ဖို့တော့ လိုတယ်လေ” ဟု သူက ပြောလိုက်သည်။ ။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံ သမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။...

Published on Mar 19, 2021
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၆ က အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များကို ဆန္ဒပြသူအချို့က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြသနေစဉ်။ 

ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် သပိတ် ကော်မတီဝင်များနှင့် ဆွေးနွေးနေမှုသည် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) တင် ရွေးကောက်ခံအမတ်တစ်ဦးဖြစ်သူ ဒေါ်ဇင်မာအောင်က ပြောကြားလိုက်သည်။ 

“အခုလို အခြေနေမျိုးမှာ ဘယ်လိုမျိုး စုစုစည်းစည်းနဲ့ ဆောင်ရွက်လို့ရမလဲဆိုတာ ဆွေးနွေးနေပါတယ်။ ကျွန်မတို့ စုစည်းညီညွှတ်တဲ့အသံတစ်ခု ထွက်လာအောင် ကြိုးစားနေပါတယ်။ ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ" ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားသည့် ခေတ္တ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်ဇင်မာအောင်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည်  အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား ၁၀ နှင့် ဆွေးနွေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်လည်း တစ်ဖွဲ့ချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ ဆွေးနွေးလျက်ရှိသည်ဟု ဒေါ်ဇင်မာအောင်က ပြောသည်။ 

“အတိတ်ကာလ အတွေ့အကြုံအားဖြင့် သံသယတွေ ကျန်တာရှိတယ်။ အဲဒီသံသယတွေကိုလည်း ကျွန်မ တို့တွေ ချေဖျက်ရတာရှိတယ်။ အလုပ်လုပ်ရင်းနဲ့ ယုံကြည်မှုတွေ တည်ဆောက်နေရတာရှိတယ်။ တဖြည်းဖြည်းနဲ့တော့ ကျွန်မတို့ကြားမှာ Common Ground ကလည်း ရနေပြီ။ ၁၀၀ ရာခိုင်နှုန်း တစ်စုတစ်စီးတည်းဖြစ်ဖို့၊ သဘောတွေ တူညီဖို့၊ အပ်ကျမတ်ကျဖြစ်ဖို့ဆိုတာကတော့ သဘာဝ မကျပါဘူး။ သို့သော် ဒီကြားထဲက  ကျွန်မတို့ ဘယ်လိုပေါင်း စပ်ညှိနှိုင်းပြီးတော့ အတူတူ အလုပ်လုပ်သွားကြမလဲဆိုတဲ့အပေါ်မှာကတော့ ကျွန်မတို့ ကြိုးစားပမ်းစားတည်ဆောက်နေပါတယ်” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့များနှင့် သပိတ်ကော်မတီတို့နှင့် ဆွေးနွေး၍ ထွက်ပေါ်လာမည့် သဘောတူညီချက်များ၊ တာဝန်ခွဲဝေမှုများသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် အခြေခံကောင်းများဖြစ်လာမည်ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ထို့ပြင် CRPH အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ ဖက်ဒရယ်တပ်မတော် တည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

လွန်ခဲ့သည် ၅ နှစ်က NLD အစိုးရလက်ထက်၌ ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံတွင်မူ ဖက်ဒရယ်နှင့်ပတ်သက်၍ ကိစ္စများသည် စစ်တပ်၏ ကန့်ကွက်မှုကြောင့် ဆွေးနွေးခွင့်မရခဲ့ကြောင်း၊ လက်ရှိတွင် ဖက်ဒရယ် ဒီမိုကရေစီထူထောင်ချိန်တွင် ဖက်ဒရယ်တပ်မတော်ကိုပါ တည်ထောင်ရမည်ဖြစ်သောကြောင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာရေးကိုလည်း ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

“ဖက်ရယ်တပ်မတော်လို့ ပြောတာက ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စုကို သွားတော့မယ်။ ဖက်ဒရယ် တပ်မတော်ကြီးအတွက်ဆိုရင် အခင်းအကျင်းတွေလိုအပ်တယ်။ တကယ့် professional ဖြစ်တဲ့၊ လက်နက် ကိုင်ထားတာဖြစ်တဲ့အတွက် ပိုပြီးတော့ ကျင့်ဝတ်တွေ စောင့်ထိန်းရတယ်။ ဒီကျင့်ဝတ်တွေနဲ့ သွားရမယ်။ ဒါတွေကို အကြမ်းဖက်မှုတွေ၊ မတည်မငြိမ်မှုတွေ၊ Chaos တွေနဲ့ ပုံဖျက်လာနိုင်ပါတယ်။ ဒါတွေကို သတိထားဖို့ လိုတယ်။  တကယ့် professional တပ်မတော်သည် ဘယ်တော့မှ မရမ်းကားဘူး ”ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ဖက်ဒရယ်တပ်မတော်ရန် ကြိုးပမ်းခြင်းသည် ပြည်သူလူထုနှင့် တိုင်းပြည်ကို အကာအကွယ်ပေးမည့် တပ်မတော်ကိုထူထောင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး အကြမ်းဖက်မှုများကို ဖန်တီးလာမည့်သူများ၏ အန္တရာယ်ကို သတိထားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

“ပြည်သူတွေရဲ့ မလုံခြုံမှု၊ ဖိနှိပ်ခံတာတွေ ပိုတိုးလာတယ်။ ဒါက ဘာလဲဆိုရင် ပြည်သူကို အကာအကွယ် ပေးမယ်ဆိုပြီး သစ္စာဆိုခဲ့ကြတဲ့၊ ငါတို့သည် နိုင်ငံတော်နဲ့ နိုင်ငံသားတို့အပေါ်မှာ သစ္စာစောင့်သိရိုသေပါ မည်ဆိုပြီး မိုးလင်းတိုင်း တပ်ထဲမှာ သစ္စာဆိုထားရတဲ့သူတွေက သစ္စာမတည်တော့ဘူး။ သူတို့ကျင့်ဝတ်တွေကို လိုက်နာရမယ့်အစား ပြည်သူကို ခြောက်လှန့်တယ်။ အိပ်ကောင်းချင်းမအိပ်ရ၊ စားကောင်းချင်း မစားရဖြစ်အောင်လုပ်တယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် တစ်ဦးတစ်ယောက်အကျိုးစီးပွားအတွက် အသုံးချမခံတော့ဘဲ ပြည်သူများနှင့်အတူ ပူးပေါင်းရန် စစ်သားများကိုလည်း ၎င်းက တိုက်တွန်းဖိတ်ခေါ်လိုက်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံသမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။ ပြည်သူလူထုအကျိုး စီးပွားကို ကာကွယ်မယ်ဆိုရင် ပြည်သူလူထုက ဂုဏ်ယူဝမ်းမြောက်စွာနဲ့ကြိုဆိုနေမှာပါလို့ တပ်မတော်သားကောင်းတွေကို ပြောချင်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည် 

Published on Mar 19, 2021

တောင်ဒဂုံမြို့နယ်တွင် ယနေ့ (မတ် ၁၉) ညနေပိုင်းက စစ်ကောင်စီ၏ လက်နက်ကိုင်များက ရပ်ကွက် အတွင်းအထိ ဝင်ရောက်ပစ်ခတ်မှုကြောင့်  အရပ်သားတစ်ဦးကျဆုံးခဲ့ကြောင်း မျက်မြင်များက ပြောသည်။

တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်ထိပ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးအထိုင်သပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းရာတွင် ရပ်ကွက်အတွင်းလမ်းထဲ အထိဝင်ကာ ကျည်အစစ်ဖြင့် ပစ်ခတ်သဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည်။

“ဒိန်ချဉ်သည်အဖွားရဲ့ မြေးပါ။ သူ့အမေက နှလုံးရောဂါရှိတယ်။ ဖြစ်ဖြစ်ချင်းအချိန်တုန်းက သူက အဲ့ဒီနေရာမှာ မရှိဘူး။ ထကြွတဲ့အချိန်မှာ လူငယ်တွေနဲ့အတူတူလိုက်သွားတယ်။ ဝိုင်းရန်ပေးမယ်ဆိုတဲ့ စိတ်နဲ့သွားတယ်။ တကယ့်တကယ်နောက်ပြန်ဆုတ်တဲ့အချိန်မှာ ဖြစ်သွားတာ။ မျက်လုံးပါကျွတ်ထွက်သွား တယ် ” ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ယနေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီလက်နက်ကိုင်အင်အား ၅၀ ခန့်သည် အသံဗုံး၊ ရော်ဘာကျည်များ အပြင် ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ကာ အထိုင်သပိတ်ကို စတင်ဖြိုခွင်းပြီး ထို့နောက်တွင် လက်နက်ကိုင်အင်အားတိုးမြင့်ကာ ရပ်ကွက်အတွင်းရှိနေအိမ်များကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒလန်များ၏ သတင်းပေးမှုဖြင့် လက်နက်ကိုင်များသည် ရပ်ကွက်အတွင်းရှိ လူနာမည်နှင့် လိပ်စာ အတိအကျဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သည်ဟုဆိုကာ ပေါင်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါ မျက်မြင်သက်သေက ပြောသည်။ 

လက်နက်ကိုင်များအ‌နေဖြင့် အထိုင်သပိတ်စစ်ကြောင်းမှ လူ ၂၀၊ ရက်ကွက်အတွင်းမှ ၁၀ ဦး စုစုပေါင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် သပိတ်စစ်ကြောင်းများအနေဖြင့် လက်နက်ကိုင်များ လာရောက်ဖြိုခွင်းမည့်အခြေအနေကို မသိရသည့်အပြင် ဒလန်များ၊ သတင်းပေးများကြောင့် အိမ်လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခံနေရသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများ က ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဒီပဲယင်းမြို့နယ်တွင် ရဲနှစ်ဦးသေဆုံးပြီးနောက် အခင်းဖြစ်ရာအနီးဝန်းကျင်ရှိ သပြေကုန်းနှင့် တည်တော ရွာတွင် စစ်တပ်က တပ်စွဲထားရာ ရွာ ၅ ရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်

Published on Mar 19, 2021
ဒီပဲယင်းမြို့နယ် တည်တောကျေးရွာတွင် ပြီးခဲ့သည့်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ သပြေကုန်းနှင့် တည်တောကျေးရွာတွင် စစ်တပ်က တပ်စွဲ ထားသဖြင့် ရွာခံများအနေဖြင့် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ဒီပဲယင်းမြို့နယ်တွင် တည်တောနှင့် သပြေကုန်းရွာအနီး ကားလမ်းမတွင် ယမန်နေ့ (မတ် ၁၈) ရဲနှင့် ရပ်ရွာ လူထု ထိပ်တိုက်တွေ့ဆုံခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များက တပ်စွဲလာခြင်းဖြစ်သည်။ 

သပြေကုန်း၊ တည်တောအပြင် ရွာနီးချုပ်စပ်ဖြစ်သည့် အုဌ်ဆည်၊ သရက်ကန်နှင့် ချောင်းနီးတိုရွာမှ ဒေသခံများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာခံများနှင့် ဒီပဲယင်းမြို့ခံများက သတင်းပေးပို့လာ သည်။ 

ယမန်နေ့ ညဉ့်ဦးပိုင်း ၁ နာရီခန့်တွင် သပြေကုန်းရွာသို့ အင်အား ၁၈၀ ခန့်သည် စစ်ကား ၁၃ စီးဖြင့် ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်းအတွင်း တပ်စွဲခဲ့ခြင်းကြောင့် နံနက် ၄ နာရီခန့်တွင် ရွာခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံက ပြောသည်။ 

“တကယ့် စစ်မြေပြင်ကြီးလိုပဲ။ မနက် ၄ နာရီမှာ ကိုယ့်အထုပ်ကလေးတွေ၊ နွားလေးတွေ ဆွဲပြီး သွားကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်သူများတွင်ပါဝင်သူ ဒေသခံ ပြောသည်။ 

စစ်သားများက အန္တရာယ်မပြုကြောင်း ပြော၍ အေးအေးဆေးဆေးနေရန် ပြောသော်လည်း ရွာသားများက ပြောင်းရွေ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

ရွာသားများပြောင်းရွေ့ပြီးနောက် စစ်သားများသည် လူမနေသည့် နေအိမ်အလွတ်များတွင် နေရာယူနေထိုင်ကြပြီး အိမ်ခြေ ၁၃၀၊ ခန့်မှန်း လူဦးရေ ၁၈၀ ရှိသော သပြေကုန်းရွာတွင် သက်ကြီးရွာအိုနှင့် မရွေ့ပြောင်းနိုင်သည့် ခန့်မှန်း လူ ၈ ဦးခန့်သာကျန်ရှိခဲ့ကြောင်း အဆိုပါရွာခံက ပြောသည်။  

သပြေကုန်းကျေးရွာ၌ တပ်စွဲထားသော လက်နက်ကိုင်တပ်ဖွဲ့များသည် ရွာအတွင်း ထွက်ပြေးတိမ်းရှောင် ခြင်းမရှိသေးဘဲ ကျန်ရစ်သည့် ကုန်စုံဆိုင်မှ ပစ္စည်များလုယက်ခဲ့သည့်အပြင် ရွာအနေဖြင့် ၎င်းတို့အတွက် ဝက်တစ်ကောင်ပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း ယနေ့ည ၇ နာရီခွဲခန့်တွင် ရွာခံများက ဆက်သွယ်ပြော ကြားလာသည်။ 

တည်တောရွာတွင် ယမန်နေ့ညနေပိုင်းကတည်းက စစ်ကား ၁၅ စီးသည် သေနတ် တစ်ဒိုင်းဒိုင်းပစ်ဖောက် ဝင်ရောက်လာသဖြင့် ရွာသားများ ညတွင်းချင်းဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း တည်တောဒေသခံတစ်ဦးက ပြောသည်။ 

ရွာသားများက  အကာအကွယ်ယူ၍ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေချိန်တွင် စစ်ကားငါးစီး ရွာဂိတ်သို့ ရောက်၍ သေနတ်တရစပ် ပစ်ဖောက်နေသဖြင့် နောက်ထပ် စစ်ကား ၁၀ စီးရောက်ရှိကာ ရွာထဲဝင်လာချိန်တွင်တော့ ညတွင်းချင်းရွေ့ပြောင်းရကြောင်း အထက်ပါတည်တောရွာခံက ဆိုသည်။ 

“တစ်ချို့လည်း ကလေးပိုက်၊ တစ်ချို့လည်း ဆန်ထုတ်ထမ်းပြီး ပြေးရတာ။ အဝတ်အစားထုတ်တွေနဲ့ နီးစပ်ရာ နီးစပ်ရာပေါ့။ မီးတောင် မထိုးရဲဘူး။ ဆိုင်ကယ်မီးလေးတောင် ဟိုတစ်စုဒီတစ်စုလေးပဲ ထိုးပြီးသွားရတာ၊ အသက်ဘေးလုပြေးရတဲ့သဘောမျိုး” ဟု ၎င်းက ဆိုသည်။ 

ယနေ့ (မတ် ၁၉) တွင် စစ်တပ်က တည်တောရွာ အနောက်ဘက်တွင် တပ်စွဲထားပြီး အိမ်ခြေ ၆၀၀ ခန့်ရှိသည့် အဆိုပါရွာတွင် ရွာခံတစ်ဦးမျှ မရှိတော့ကြောင်း အဆိုပါတည်တောရွာခံက ဆိုသည်။ 

ယမန်နေ့တွင် ဒီပဲယင်း၊ မူးကမ်းကြီးရွာ ရဲစခန်းတာဝန်ခံနှင့် တပ်ဖွဲ့ဝင် နှစ်ဦးသည် မြို့နယ်တရားရုံးသို့ ရဲလုပ်ငန်းဆောင်ရွက်ရန် သွားစဉ် ဖုတ်ထန်းတောရွာအနီး လူ ၁၀၀ ခန့်က လူစုလူဝေးဖြင့် အကြမ်းဖက်၍ တပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တာဝန်ခံတစ်ဦး ဓားဒဏ်ရာ ၇ ချက်ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading