သတင်း

ကျောက်တော်တွင် ၉ နှစ်အရွယ်ကျောင်းသားတစ်ဦး ပစ်ခတ်မှုတစ်ခုအတွင်း သေဆုံး

ရခိုင်ပြည်နယ်မြောက်ပိုင်း ကျောက်တော်မြို့အဝင် ရွှေကျောင်းဘုန်းကြီးကျောင်းအနီးတွင် ယနေ့မနက်က ပေါက်ကွဲသံအချို့ကြားရပြီးနောက်၊ တပ်မတော်နှင့် ရက္ခိုင့်တပ်တို့ ပစ်ခတ်သည်ဟု ယူဆရသည့် အနေအထားအတွင်း အသက် ၉ နှစ်အရွယ် ကျောင်းသားတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားသည်ဟု မိသားစုဝင်များက ပြောသည်။

စာသင်ကျောင်းမှ အိမ်သို့ပြန်လာသည့် မောင်ကျော်မင်းမြတ်မှာ နေအိမ်ရှေ့သို့ ရောက်ခါနီးတွင် ပစ်ခတ်ခံရမှုကြောင့် ဝမ်းဗိုက်တွင် သေနတ်ဒဏ်ရာ ၅ ချက်ရပြီး သေဆုံးသွားခြင်းဖြစ်သည်ဟု မိခင်ဖြစ်သူ ဒေါ်ဖြူဖြူသန်းက Myanmar Now ကို ပြောသည်။

“ကလေးက (လမ်း) တစ်ဖက်ခြမ်းက အိမ်မှာ တခြားကလေးတွေနဲ့အတူ ရှိနေတာ။ ကျွန်မက ဒီဘက်ကို လာဖို့ လှမ်းခေါ်တော့ သားက ပြေးလာတာ။ ခြံဝမရောက်ခင် မှောက်လဲသွားတာ” ဟု ဒေါ်ဖြူဖြူသန်းက ဆိုသည်။

ယခုအခါ အလောင်းကို လူနာတင်ကားဖြင့် ကျောက်တော်မြို့နယ်ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ထားပြီးဖြစ်သည်ဟု သိရသည်။

ယနေ့မနက် ၈ နာရီခန့်က မိုင်းပေါက်ကွဲသံဟု ယူဆရသည့် အသံအချို့ ကြားရပြီးနောက် မိနစ်အနည်းငယ်အကြာတွင် သေနတ်သံများ ဆက်တိုက်ကြားလာရခြင်းဖြစ်ပြီး မနက် ၁၀ နာရီဝန်းကျင်ခန့်တွင် သေနတ်သံများ ရပ်သွားသည်ဟု ကျောက်တော်မြို့ခံ ကိုဇော်ဝင်းက ပြောသည်။

သေနတ်သံများ ရပ်သွားသော်လည်း မွန်းလွဲ ၁ နာရီခွဲအချိန်ခန့်အထိ မြို့တွင်း လမ်းသွားလမ်းလာ ကင်းမဲ့နေသလို “အခုအထိက တစပြင်အလားပဲ တစ်မြို့လုံး တိတ်ဆိတ်နေတယ်” ဟု သူက ဆိုသည်။

ထိုဖြစ်စဉ်တွင် မြန်မာတပ်မတော်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားခြင်းရှိမရှိနှင့် အဆိုပါကလေးငယ် ကျည်ဆန်ထိမှန်ရခြင်းမှာ မည်သည့်လက်ချက်ဖြစ်သည် စသည်တို့မှာ ရှင်းရှင်းလင်းလင်း မရှိသေးပါ။

ယနေ့မနက်က ကျောက်တော်မြို့နယ်အတွင်း တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တပ်မတော်က တိုက်ပွဲအတုများဖန်တီးပြီး ပစ်ခတ်ခြင်းသာဖြစ်နိုင်သည်ဟု ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရှိသူ ခိုင်သုခက Myanmar Now ကို ပြောသည်။

အဆိုပါကိစ္စကို အတည်ပြုရန် ဆက်သွယ်ခဲ့ရာတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးဝင်းဇော်ဦးမှာ ဖုန်းပိတ်ထားပြီး နှင့် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းမှာ ဆက်သွယ်၍ မရရှိသေးပေ။

ပြီးခဲ့သည့် ဒီဇင်ဘာ ၂ ရက်ကလည်း မြောက်ဦးမြို့နယ် ချင်းပျံတောရပ်ကွက်တွင် ဗုံးသီးဟောင်းတစ်လုံး ပေါက်ကွဲမှုကြောင့် ကလေးငယ်နှစ်ဦးအပါအဝင် ဒေသခံသုံးဦး သေဆုံးပြီး ခြောက်ဦးဒဏ်ရာရခဲ့သည်။

Myanmar Now က စုဆောင်းထားသည့် အချက်အလက်များအရ တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့အကြားဖြစ်ပွားသည့် ရခိုင်ပြည်နယ်တိုက်ပွဲများအတွင်း သေဆုံးသူအရပ်သား ၉၀ ကျော်ရှိနေပြီး ဒဏ်ရာရသူ ၂၃၀ ကျော်အထိ ရှိနေပြီဖြစ်သည်။

 

Show More

Related Articles

Back to top button