အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အထူးအစည်းအဝေးခေါ်ပေးရန် ရန်ကုန်လွှတ်တော်အမတ်များတောင်းဆိုမည်

ပွင့်လင်းမြင်သာမှုမရှိဟု ဝေဖန်ခံနေရသည့် စာရင်းစစ်ချုပ်အစီရင်ခံစာကို ဆွေးနွေးရန်အတွက် လွှတ်တော်အမြန်ဆုံးခေါ်ရေး လွှတ်တော်ဥက္ကဋ္ဌထံ လက်မှတ်ရေးထိုးတောင်းဆိုရန် ရန်ကုန်လွှတ်တော် အမတ်အချို့က ပြင်ဆင်နေကြသည်။

ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံး၏  ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် အစီရင်ခံစာကို တိုင်းဒေသကြီး လွှတ်တော်အမတ်များ တိုက်ရိုက်ကြည့်ရှုခွင့် ကန့်သတ်ခံခဲ့ရပြီးနောက် အဆိုပါအခြေအနေကို  အမတ်အချို့က ဝေဖန်ခဲ့ကြပြီး လွှတ်တော်အမြန်ဆုံးခေါ်ပေးရေး တောင်းဆိုရန် ပြင်ဆင်နေကြခြင်းဖြစ်သည်။

ယခင်နှစ်များက ရန်ကုန်တိုင်းစာရင်းစစ်ချုပ် အစီရင်ခံစာကို တိုင်းလွှတ်တော်အမတ်များက တိုက်ရိုက်ဖတ်ရှုခွင့် ရရှိခဲ့ပြီး ယခုနှစ်တွင်မူ ပြည်သူ့ငွေစာရင်းကော်မတီ၏ လေ့လာတွေ့ရှိချက် အစီရင်ခံစာ ထွက်ပေါ်လာမှသာ တိုင်းလွှတ်တော် ကိုယ်စားလှယ်များက လွှတ်တော်တွင် ဆွေးနွေးခွင့် ရရှိတော့မည် ဖြစ်သည်။

ယင်းအစီရင်ခံစာအပေါ် ရန်ကုန်လွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီက လေ့လာဆန်းစစ်ထားသည့် အစီရင်ခံစာနှင့် ပတ်သက်ပြီး ဒီဇင်ဘာလအတွင်း ဆွေးနွေးနိုင်ရန် လွှတ်တော်ကိုယ်စားလှယ်များက ဒီဇင်ဘာလ ပထမအပတ်အတွင်း လက်မှတ်ထိုးတောင်းဆိုသွားမည်ဟု သိရသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

လွှတ်တော်ခေါ်ရေးအတွက် ရန်ကုန်လွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီဝင် (၁၀) ဦးစလုံး လက်မှတ်ထိုး တောင်းဆိုထားသည်ဟု ကော်မတီအတွင်းရေးမှူး ဦးကျော်ဇေယျက Myanmar Now ကို ပြောသည်။

သက်ဆိုင်ရာ တိုင်း(သို့)ပြည်နယ် လွှတ်တော်အမတ်များထဲမှ လေးပုံ တစ်ပုံက လက်မှတ်ရေးထိုးပြီး တောင်းဆိုပါက လွှတ်တော်ဥက္ကဋ္ဌက အထူးအစည်းအဝေးကို အမြန်ဆုံး ခေါ်ယူကျင်းပရန် ပြဋ္ဌာန်းထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၄) ပုဒ်မ ၁၇၉ ကိုအသုံးပြုပြီး လွှတ်တော်အမြန်ဆုံးခေါ်ရန် အမတ်များက ပြင်ဆင်နေခြင်းဖြစ်သည်။ တောင်းဆိုမှု အောင်မြင်ရန်အတွက် ရွေးကောက်ခံ အမတ် (၉၂) ဦး နှင့် တပ်မတော်သားအမတ် (၃၁) ဦး စုစုပေါင်း (၁၂၃) ဦး ရှိသည့် ရန်ကုန်လွှတ်တော်မှ အနည်းဆုံး အမတ် (၃၁) ၏လက်မှတ်လိုမည်ဖြစ်သည်။

လက်ရှိအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးများသည် စက်တင်ဘာလကုန်ကတည်းက ရပ်နားထားတာဖြစ်ပြီး ၂၀၂၀ ဖေဖော်ဝါရီမှ ပြန်လည်ခေါ်ယူရန် လျာထားသည်။

ရန်ကုန်လွှတ်တော် အထူးအစည်းအဝေးကို အမြန်ဆုံး ခေါ်ယူကျင်းပရန် လက်မှတ်ရေးထိုးတောင်းဆိုမှုများကို အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အမတ်များက အဓိကဦးဆောင်ဖွယ်ရှိနေသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ရန်ကုန်တိုင်းလွှတ်တော် အမြန်ခေါ်ယူရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များ၏ ကြိုးစားမှုကို ကျေးဇူးတင်ကြောင်းနှင့် လွှတ်တော်ပြန်စသည့် နေ့တွင် နိုင်ငံရပ်ခြားတွင် သူတက်ရောက်နေသည့် သင်တန်းမပြီးပါကလည်း သင်တန်းဖျက်ပြီး လာရောက်ဆွေးနွေးမည်ဟု သူ၏ Facebook စာမျက်နှာတွင် ရေးသားထားသည်။

“ကျမဆွေးနွေးနိုင်ဖို့ အကောင်းဆုံး ကြိုတင်ပြင်ဆင်ထားပါတယ်” ဟု ဒေါ်စန္ဒာမင်း သူ၏ Facebook စာမျက်နှာတွင် ရေးသားထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button