သတင်း

မြောက်ဦးမြို့နယ် အိုးထိန်းရွာကို တပ်မတော်စစ်ကြောင်းဝင်စစ်

ရခိုင်ပြည်နယ်မြောက်ပိုင်း မြောက်ဦးမြို့နယ် အိုးထိန်းရွာကို တပ်မတော်စစ်ကြောင်းတစ်ခုက ယနေ့မနက်ပိုင်းတွင် ဝင်ရောက်စစ်ဆေးခဲ့ကြောင်း မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်အမတ် ဦးထွန်းသာစိန်က ယနေ့(နိုဝင်ဘာ ၂၆) ပြောသည်။

အိုးထိန်းရွာအနီးတွင် မကြာခဏ မိုင်းဆွဲတိုက်ခိုက်ခံရခြင်း ချောင်းမြောင်း ပစ်ခတ်ခံရခြင်းများကြောင့် ဝင်ရောက်စစ်ဆေးရခြင်းဖြစ်ကြောင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောသည်။

“ ကျွန်တော်တို့တပ်တွေ အဲဒီရွာကိုဝင်တိုင်း မကြာခဏ အပစ်ခံရတယ်၊ ဒါကြောင့်ဝင်စစ်တာ၊ စစ်ဆေးမှုရလဒ်ကတော့ ကျွန်တော့်ဆီ သတင်းမရောက်သေးဘူး ” ဟု ဗိုလ်မှူးကြီးဝင်းဇော်ဦးက ဆိုသည်။

ယနေ့မနက် ၈ နာရီခန့်က သေနတ် လေးငါးချက်ခန့် ပစ်ခတ်သံကြားရပြီးနောက် ရွာအတွင်းရှိ အိမ်တချို့ကို ကျည်ဆန်အနည်းငယ် ထိမှန်ခဲ့ကာ တစ်ဆက်တည်းဆိုသလို စစ်ကြောင်းများက ရွာအတွင်းသို့ ဝင်ရောက်လာခြင်းဖြစ်သည်ဟု အိုးထိန်းရွာသား ကိုတင်ဝင်းက Myanmar Nowကို ပြောသည်။

သေနတ်သံကြောင့် ရွာအတွင်းရှိနေသည့် လူငယ်အချို့ ခေတ္တတိမ်းရှောင်သွားကြကြောင်း ၎င်းက ဆက်လက်ပြောသည်။

“ ရွာထဲက အိမ်နည်းနည်းကို ဝင်စစ်ဆေးတယ် ယောက်ျားတွေ ဘယ်မှာလဲဆိုတာကို ခဏခဏမေးတယ်၊ ရိုက်နှက်တာတွေတော့ မလုပ်ပါဘူး ” ဟု ကိုတင်ဝင်းက ဆိုသည်။

စစ်ဆေးမှုများမှာ နေ့လယ် ၂ နာရီခန့်တွင် ပြီးဆုံးသွားပြီးနောက် စစ်ကြောင်းမှာ ပြန်လည်ထွက်ခွာသွားသော်လည်း တိမ်းရှောင်သွားသည့် လူငယ်အချို့မှာ ကြောက်လန့်ပြီး ရွာသို့ ပြန်မလာရဲသေးကြောင်း ၎င်းက ဆက်လက်ပြောသည်။

အိုးထိန်းရွာသည် မြောက်ဦးမြို့၏ မြောက်ဘက် ၁၂ မိုင်ခန့်အကွာရှိ ရန်ကုန်စစ်တွေ ကားလမ်းဘေးတွင်ရှိပြီး အိမ် ၃၀၅ လုံးနှင့် လူဦးရေ ၁၇၀၀ ကျော် ရှိသည်။

ရခိုင်မြောက်ပိုင်းတိုက်ပွဲများအတွင်း AA အဖွဲ့ဝင်များက ကျေးရွာများကို အခြေတည်ကာ တိုက်ခိုက်မှုများပြုလုပ်နေကြောင်း ရွာသားများအသွင်ယူကာ လှုပ်ရှားနေကြောင်း တပ်ဘက်က မကြာခဏ ပြောကြားသည်။

Show More

Related Articles

Back to top button