သတင်း

ကုလားတန်စီမံကိန်း အရပ်ဘက်သင်္ဘောများကို AA တိုက်ခိုက်ဟု တပ်ဘက်ကဆို

ကုလားတန်တံတားစီမံကိန်းအတွက် ဆောက်လုပ်ရေးပစ္စည်းများ တင်ဆောင်လာသည့် အရပ်ဘက် သင်္ဘောသုံးစင်းကို ရက္ခိုင့်တပ်တော် AAက ယနေ့နံနက်ပိုင်းတွင် တိုက်ခိုက်ခဲ့ကြောင်း မြန်မာ့တပ်မတော် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ပြောခွင့်ရအရာရှိက ဆိုသည်။

ကုလားတန် မြစ်ကူးတံတားအတွက် သံပေါင်နှင့် ဘိလပ်မြေများ တင်ဆောင်ပြီး စစ်တွေမှ ချင်းပြည်နယ် ပလက်ဝသို့ ကုလားတန်မြစ်ကြောင်းအတိုင်း ထွက်ခွာလာသည့် ရေယာဉ်များကို AA က နံနက် ၇ နာရီခန့်တွင် ကျောက်တော်မြို့မရောက်ခင် ကသစ်တောရွာအနီး ကမ်းပေါ်မှ ပခုံးထမ်းလောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောသည်။

အရပ်သားသင်္ဘောများကို လုံခြုံရေးပေးရန် လိုက်လာသည့် စစ်သင်္ဘောသုံးစင်းက လက်နက်ကြီးပစ်ခတ်တိုက်ခိုက်ခဲ့ရာ နေရာသို့ ပြန်လည်တိုက်ခိုက်ခဲ့ပြီး မိနစ်အနည်းငယ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ၎င်းက ဆိုသည်။

AA ဘက်က ပစ်ခတ်ခဲ့သည့် လက်နက်ကြီးကျည်သည် သင်္ဘောများအကြား ရေပြင်တွင် ကျရောက်ပေါက်ကွဲခဲ့သဖြင့် အရပ်သားသင်္ဘောများ ထိခိုက်မှုမရှိသော်လည်း နှစ်ဖက်အကြားတိုက်ပွဲအတွင်း ရေတပ်သား သုံးဦးခန့် ဒဏ်ရာရခဲ့သည်ဟု ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောသည်။

တိုက်ခိုက်မှုအတွက် နိုဝင်ဘာ ၂၂ ညနေပိုင်းအထိ AA ဘက်က မည်သည့်သတင်းထုတ်ပြန်ချက်မျှ မထုတ်သေးပါ။ တပ်ဘက်က စွပ်စွဲမှုအတွက် Myanmar Now က AA ပြောခွင့်ရအရာရှိများထံ ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။

အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် ကသစ်တောရွာအတွင်း လက်နက်ကြီးကျည် ကျရောက်မှုကြောင့် ရွာသားနှစ်ဦး ဒဏ်ရာရခဲ့သည်ဟု ဒေသခံများက ဆိုသည်။

၎င်းတို့အနက် အသက် ၆၈ နှစ်အရွယ် ဦးထွန်းလှဖြူမှာ လက်နက်ကြီးကျည်စ ထိမှန်မှုကြောင့် ဘယ်ဘက်ခြေထောက် ဒူအောက်ပိုင်းတွင် ပြတ်လုနီးပါး ဖြစ်သွားသည်ဟု ၎င်း၏သမီး မဝိုင်းက Myanmar Nowကို ပြောသည်။

“ အဖေက ကလေးတွေကို အိမ်ထဲဝင်ဖို့ ပြောနေတဲ့အချိန်မှာပဲ အဖေ့အနားကို ကျပြီး ပေါက်ကွဲတာ ” ဟု မဝိုင်းက ဆိုသည်။

ဒဏ်ရာရသူ နှစ်ဦးကို ကျောက်တော်ဆေးရုံမှတဆင့် စစ်တွေဆေးရုံသို့ နေ့လယ် ၂ နာရီခန့်က ပို့ဆောင်ခဲ့သည် ၎င်းက ဆက်လက်ပြောသည်။

ကသစ်တောရွာအတွင်း ကျရောက်သည့် လက်နက်ကြီးကျည်မှာ တပ်မတော်မှ ပစ်ခတ်ခြင်းမဟုတ်ကြောင်း ဗိုလ်မှူးကြီးဝင်းဇော်ဦးက ငြင်းဆိုသည်။

အဆိုပါတိုက်ခိုက်မှုသည် AA ၏လက်ချက်ဖြစ်ခဲ့ပါက အိန္ဒိယဘက်က တစ်စိတ်တစ်ပိုင်း ရင်းနှီးမြှုပ်နှံထားသည့် ကုလားတန်စီမံကိန်းများကို ရှစ်လအတွင်း AA၏ တတိယအကြိမ်မြောက် တိုက်ခိုက်မှုလည်းဖြစ်သည်။

ပြီးခဲ့သည့် မတ် ၁၆ ရက် ကုလားတန်တံတားစီမံကိန်းအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တံတားသံပေါင်များ တင်ဆောင်လာသည့် အရပ်ဘက် ရေယာဉ်ပေါ်တွင် စစ်သားများလိုက်ပါလာသည်ဟု စွပ်စွဲချက်ဖြင့် AAက တိုက်ခိုက်ခဲ့သည်။

အလားတူ နိုဝင်ဘာ ၃ ရက်ကလည်း ကုလားတန်စီမံကိန်းအတွက် ချင်ပြည်နယ်၊ ပလက်ဝမြို့နယ်ကို ရောက်ရှိနေသည့် အိန္ဒိယနိုင်ငံသား ငါးဦး၊ ပြည်သူ့လွှတ်တော်အမတ် ဦးဝှေ့တင်းနှင့် အခြားလေးဦး၊ စုစုပေါင်း ၁၀ဦးကို AA က ဖမ်းဆီးခဲ့သေးသည်။

အဆိုပါဖမ်းဆီးမှုအတွင်း အိန္ဒိယနိုင်ငံသားတစ်ဦး သေဆုံးခဲ့ပြီးနောက် လွှတ်တော်အမတ်မှလွဲပြီး အခြားသူများအား ပြန်လွှတ်ပေးခဲ့သည်။

Show More

Related Articles

Back to top button