အရာရှိ နှစ်ဦးအပါအဝင် တပ်မတော်သား (၁၃) ဦးအား ယမန်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း ဖမ်းမိခဲ့သည်ဆိုသည့် ရက္ခိုင့်တပ်တော် AA ၏ ထုတ်ပြန်ချက်သည် လုပ်ကြံဖန်တီးမှုသာဖြစ်ကြောင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ပြောခွင့်ရအရာရှိက တုံ့ပြန်လိုက်သည်။
AA ၏ နိုဝင်ဘာ ၁၉ ရက် အင်တာနက်စာမျက်နှာမှတစ်ဆင့် ထုတ်ပြန်ချက်တွင် ထိုနေ့ နေ့လယ် ၁နာရီခန့်တွင် နှစ်ဖက်တပ်ဖွဲ့သည် ပလက်ဝမြို့နယ်၊ ပကာဝရွာ၊ အနောက်တောင်ဘက်(၃ဒသမ၇)ကီလိုမီတာ (သို့မဟုတ်) ကာမချောင်း(ဒေသအခေါ်–ကာရမချောင်း) အနောက်ဘက်ရှိ တောင်တန်းပေါ်တွင် တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။
AA အဆိုအရ ၎င်းတို့နှင့် တိုက်ခိုက်ခဲ့သူများမှာ မြန်မာ့တပ်မတော် တပ်မ(၇၇) လက်အောက်ခံ၊ မှော်ဘီအခြေစိုက်၊ ခမရ(၃၁၃)တပ်ရင်းမှ ဖြစ်သည်ဟု ဆိုသည်။
နာရီဝက်ခန့် ကြာမြင့်ခဲ့သည့် အဆိုပါတိုက်ပွဲတွင် တပ်မတော်ဘက်က ကိုးဦး ကျဆုံးခဲ့ပြီး လက်နက်ချ အညံ့ခံသော ဗိုလ်နှင့် အရာခံဗိုလ်အပါအဝင် သုံ့ပန်းစုစုပေါင်း (၁၃) ဦးကိုလည်း လက်ရဖမ်းဆီးရမိခဲ့သည်ဟုလည်း AA ထုတ်ပြန်ချက်က ဆိုသည်။
မြန်မာ့တပ်မတော် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ပြောခွင့်ရအရာရှိ ဗိုလ်မှူးကြီးဝင်းဇော်ဦးကတော့ AA ၏ ထုတ်ပြန်ချက်သည် သတင်းအမှားဟု ဆိုသည်။
“ အဲဒါကြီးကတော့ အမှားကြီးပဲလို့ပဲ ပြောချင်တယ်၊ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ဖြစ်စဉ်တွေကို ပေါင်းပြီး လျှောက်လုပ်ထားတာဗျ ” ဟု တပ်မတော်အရာရှိက ဆိုသည်။
ယမန်နေ့က ပလက်ဝမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ မြေပုံမြို့နယ်အတွင်း ဖြစ်ပွားသည့် တိုက်ပွဲတစ်ခုသာ ရှိကြောင်း ၎င်းက ပြောသည်။