ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်ခိုင်ဖြိုးအမတ် သုံးနှုန်းသည့် စကားရပ်တချို့မှာ လွှတ်တော်ဥပဒေ၊ နည်းဥပဒေများဖြင့် မညီညွတ်၍ လွှတ်တော်မှတ်တမ်းမှ ပယ်ဖျက်ရန် ဗုဒ္ဓဟူးနေ့တွင် ဆုံးဖြတ်လိုက်သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ပျော်ဘွယ်အမတ် ဦးသောင်းအေး၏ “ဖွဲ့စည်းပုံပြင်ဆင်ရေး ၄၅ ဦး ပူးပေါင်းကော်မတီ ဖွဲ့စည်းခြင်းမှာ လွှတ်တော်နည်းဥပဒေ၊ စည်းကမ်းချက်များနှင့် မကိုက်ညီ” ဟူသော စကားရပ်ကို NLD အမတ် ဦးအောင်ကြည်ညွန့်က ကန့်ကွက်ခဲ့ပြီး လွှတ်တော်နာယကက ထိုစကားရပ်ကို လွှတ်တော်မှတ်တမ်းမှ ပယ်ဖျက်ပေးရန် ဆုံးဖြတ်ခဲ့သည်။
တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်က ယခုနှစ်အစောပိုင်းက တင်သွင်းခဲ့သည့် အခြေခံဥပဒေ ပြင်ဆင်ရေးဥပဒေကြမ်းကိစ္စကို ပြည်ထောင်စုလွှတ်တော်၌ ဆွေးနွေးစဉ် ထိုသို့ထည့်သွင်း ပြောသွားခဲ့ခြင်းဖြစ်သည်။
ပြည်ခိုင်ဖြိုးအမတ် ဦးသောင်းအေးက ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးရာ၌ အခြေခံဥပဒေ ပြင်ဆင်ရေးလမ်းကြောင်း ၂ ခုရှိနေပြီး အခြေခံဥပဒေပြင်ဆင်ရေး ၄၅ ဦး ပူးပေါင်းကော်မတီ၏ လမ်းကြောင်းမှာ လွှတ်တော်နည်းဥပဒေ စည်းကမ်းနှင့် မကိုက်ညီပဲ အရေးအကြီးအဆို တင်သွင်းပြီး မဲခွဲ ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်ဟု ထည့်သွင်းဆွေးနွေးခဲ့သည်။
ထို့ပြင် ၎င်းက ပြည်ခိုင်ဖြိုးနှင့် တပ်မတော်သား ကိုယ်စားလှယ်များက တင်သွင်းသော အခြေခံဥပဒေပြင်ဆင်ရေး မူကြမ်းများမှာ ဥပဒေကြမ်းအဆင့်သို့ ရောက်ရှိနေပြီဖြစ်၍ ဆယ်တန်းအောင်သည့် အခြေအနေဖြစ်ပြီး အခြေခံဥပဒေပြင်ဆင်ရေး ၄၅ ဦး ပူးပေါင်းကော်မတီမှာမူ မည်မျှကြာမြင့်မည် မသိ၍ မူလတန်းအဆင့်သာ ရှိသေးသည်ဟု ထည့်သွင်းဆွေးနွေးခဲ့သည်။
အခြေခံဥပဒေပြင်ဆင်ရေး ၄၅ ဦး ပူးပေါင်းကော်မတီ ဖွဲ့စည်းရန်ကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ် NLD အမတ် ဦးအောင်ကြည်ညွန့်က ယခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့က ပြည်ထောင်စုလွှတ်တော်တွင် အရေးကြီးအဆိုအဖြစ် တင်သွင်းခဲ့ခြင်းဖြစ်သည်။
အဆိုတင်သွင်းခဲ့ပြီး တစ်ပတ်ခန့်အကြာတွင် NLDနှင့် တိုင်းရင်းသားပါတီအမတ်များက တစ်ဖက်၊ ပြည်ခိုင်ဖြိုးပါတီနှင့် တပ်ကိုယ်စားလှယ်များက တစ်ဖက် အကြိတ်အနယ် ဆွေးနွေးခဲ့ကြပြီး မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲ ၄၁၄ မဲ ဖြင့် အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဖွဲ့စည်းရန် အတည်ပြုခဲ့ခြင်းဖြစ်သည်။
NLD ပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဖွဲ့စည်းရန် ပြည်ထောင်စုလွှတ်တော်တွင် အရေးကြီးအဆို တင်သွင်းခဲ့ခြင်းမှာ ဥပဒေ၊ လုပ်ထုံး၊ လုပ်နည်းများနှင့်အညီ တင်သွင်းခဲ့ခြင်းဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်၏ အဆုံးအဖြတ်ကိုလည်း ရယူပြီးဖြစ်ကြောင်း၊ ထို့ကြောင့် ပျော်ဘွယ်အမတ် ဦးသောင်းအေး၏ စကားရပ်ကို လွှတ်တော်မှတ်တမ်းမှ ပယ်ဖျက်ပေးစေလိုကြောင်း ကန့်ကွက်ဆွေးနွေးခဲ့သည်။
“နည်းဥပဒေ၊ စည်းကမ်းချက်များနဲ့ မညီတဲ့အဆို ဆိုတဲ့ စကားရပ်ကို လွှတ်တော်မှတ်တမ်းထဲက ပယ်ဖျက်ပေးဖို့ ကန့်ကွက် တင်ပြအပ်ပါတယ်” ဟု ၎င်းက လွှတ်တော်တွင် မတ်တတ်ရပ်ကန့်ကွက်ခဲ့သည်။
NLD ပါတီက အရေးကြီးအဆို တင်သွင်းချိန်တွင်သာမက ၄၅ ဦးကော်မတီ ဖွဲ့စည်းချိန်တွင်ပါ လွှတ်တော်ဥပဒေများနှင့် မညီညွတ်ဟု ကန့်ကွက်ခဲ့သော်လည်း လွှတ်တော်က မဲခွဲ အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ထိုစကားရပ်ကို လွှတ်တော်မှတ်တမ်းမှ ဖျက်သိမ်းရန် NLD အမတ်၏ တောင်းဆိုမှုကို လုံးဝကန့်ကွက်ကြောင်း ဦးသောင်းအေးက ပြန်လည်ချေပခဲ့သည်။
ယခုကိစ္စမှာ NLD ပါတီက အရေးကြီးအဆိုအဖြစ် တင်သွင်းခဲ့ပြီး ပြည်ထောင်စုလွှတ်တော်ကလည်း ဆွေးနွေး အတည်ပြုခဲ့ပြီးဖြစ်သည့်အတွက် အငြင်းပွားစရာကိစ္စရပ်မဟုတ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က အဆုံးအဖြတ်ပေးခဲ့သည်။
“ဒီကိစ္စဟာ လွှတ်တော်မှာ အရေးကြီးအဆို တင်သွင်းပြီးမှ ဆုံးဖြတ်ချက်နဲ့ ဆောင်ရွက်ခဲ့တဲ့ ကိစ္စဖြစ်တဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ဆွေးနွေးတဲ့နေရာမှာ နည်းဥပဒေနဲ့ မညီတဲ့အဆိုဆိုတဲ့ ကိစ္စကို လွှတ်တော်မှတ်တမ်းက ပယ်ဖျက်မှာ ဖြစ်ပါတယ်” ဟု ဦးတီခွန်မြတ်က ဆုံးဖြတ်ခဲ့သည်။
ပြည်ထောင်စု လွှတ်တော်နည်းဥပဒေ ပုဒ်မ ၁၉ (ည)တွင်လည်း ဆွေးနွေးပြီးပြတ်ပြီးသား ကိစ္စကို ထပ်မံတင်ပြခြင်း မပြုရဟု ပြဋ္ဌာန်းချက်ပါရှိသည်။
အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဖွဲ့စည်းရန် အတည်ပြုခဲ့ပြီး ၂ ရက်အကြာ ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ပြည်ခိုင်ဖြိုးပါတီမှ ဦးသိန်းထွန်းအပါအဝင် ၁၄၃ ဦးက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၁ ကို ပြင်ဆင်ရန် ဥပဒေမူကြမ်း တင်သွင်းခဲ့သည်။ ထိုနောက်ပိုင်းတွင် ပြည်ခိုင်ဖြိုးနှင့် တပ်မတော်သားကိုယ်စားလှယ် အစုအဖွဲ့တို့က ဆက်တိုက်ဆိုသလိုပင် အခြေခံဥပဒေပြင်ဆင်ရေး ဥပဒေကြမ်းများ တင်သွင်းခဲ့ရာ ယခုအချိန်ထိ ဥပဒေမူကြမ်း ၄ ခုထိ ရှိလာပြီဖြစ်သည်။
အဆိုပါ ဥပဒေမူကြမ်း ၄ ခုကို ၄၅ ဦး ပူးပေါင်းကော်မတီက ရေးဆွဲနေသည့် ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဥပဒေမူကြမ်းနှင့်အတူ လွှတ်တော်သို့ တစ်ပြိုင်တည်း တင်သွင်းရန် လွှတ်တော်က ဆုံးဖြတ်ထားသော်လည်း တပ်နှင့် ပြည်ခိုင်ဖြိုးပါတီတို့က သဘောမတူပေ။