
တပ်မတော်ကိုအသရေဖျက်မှုဖြင့် တရားစွဲဆိုခံထားသည့် ‘ဇွဲ’ အငြိမ့်အဖွဲ့မှ လူရွှင်တော်ငါးဦးအား ဒဏ်ငွေ တစ်သိန်း(သို့မဟုတ်) ထောင်ဒဏ်လေးလ ကျခံစေရန် ဇမ္ဗူသီရိမြို့နယ်တရားရုံးက နို၀င်ဘာ ၁၄ ရက် (ကြာသပတေးနေ့) တွင် အမိန့်ချလိုက်ရာ ၎င်းတို့က ဒဏ်ငွေပေးဆောင်ရန် ရွေးချယ်ခဲ့ကြသည်။
မတ်လအတွင်းက နေပြည်တော်၌ ကျင်းပခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ထောက်ခံပွဲတစ်ခုအတွင်း တင်ဆက်ခဲ့သည့် ပြက်လုံးတွင် တပ်မတော်သားပုံစံ ဝတ်ဆင်ထားသူတစ်ဦးက အရပ်သားတစ်ယောက်၏ပခုံးကို ခြေထောက်ဖြင့်ဖိထားသည့် ပြကွက်သည် တပ်မတော်၏ဂုဏ်သိက္ခာ ထိခိုက်စေသည်ဟုဆိုကာ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
အငြိမ့်အဖွဲ့ခေါင်းဆောင် ကိုပန်းသီးအပါအဝင် လူရွှင်တော် အာလူး၊ စိမ်းလန်း၊ ဇောက်ထိုး၊ ဒိုပေါက် တို့ကို နေပြည်တော်တိုင်းစစ်ဌာနချုပ် ဒုတိယဗိုလ်မှူးကြီး မြင့်ဦးက ရာဇသတ်ကြီး ပုဒ်မ ၅၀၀ ဖြင့် ယခုနှစ် ဧပြီက တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
အသရေဖျက်မှု၊ ရာဇသတ်ကြီးပုဒ်မ ၅၀၀ သည် ထောင်ဒဏ် နှစ်နှစ်အထိ သို့မဟုတ် ငွေဒဏ်ချမှတ်၍ရသည်။
“ပြည်သူကို တပ်မတော်ကနေ နှိပ်စက်တဲ့ပုံစံမျိုး ပြကွက်ဖြစ်တယ်ဆိုပြီးတော့ သူတို့ကစွဲတယ်၊ တပ်မတော်ရဲ့ဂုဏ်သိက္ခာကို ဒီပြကွက်တွေက ထိခိုက်စေတာမျိုးနဲ့ စွဲတာပေါ့။ ဒါပေမဲ့လည်း ဒါက သူတို့အနေနဲ့ နားလည်မှုလွဲတာမျိုးပါ” ဟု ကိုပန်းသီးက Myanmar Now ကို ပြောသည်။
အငြိမ့်မင်းသမီးတစ်ဦးနှင့် တပ်မတော်သားတစ်ဦး၏ ချစ်ခြင်းမေတ္တာကို ဖွဲ့ထားသည့် ဟာသခွင်တစ်ခုအတွင်းမှ ပြကွက်တစ်ကွက်သာဖြစ်ပြီး တပ်မတော်ကို စော်ကားထိခိုက်စေသည့် စကားလုံးများပါ၀င်ခြင်းမရှိဟု ၎င်းက ဆိုသည်။
“ဒီမိုကရေစီတိုင်းပြည်တစ်ခု ရောက်လာတဲ့အချိန်မှာ အနုပညာလွတ်လပ်ခွင့် ရှိသင့်တယ်။ ဒါပေမဲ့ အခုအချိန်ကျတော့လည်း သိတဲ့အတိုင်းပဲ တိုင်းပြည်ရဲ့အခြေအနေကလည်း နည်းနည်းလေး ဆတ်ဆတ်ထိမခံဆိုတဲ့ ပုံစံမျိုးတွေ ရှုပ်ထွေးနေတဲ့ အချိန်ကာလမျိုးဖြစ်တဲ့အတွက် ဒါတွေက ကျွန်တော်တို့အနေနဲ့ ဝေဖန်ဖို့ဆိုတာ နည်းနည်းလေး သတိထားနေရတယ်” ဟု ကိုပန်းသီးက ပြောသည်။
တစ်ဖက်တွင်လည်း တနင်္သာရီတိုင်း၊ ကော့သောင်းမြို့တွင် ကျင်းပသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီကို ထောက်ခံဟောပြောပွဲ ဟောပြောချက်များနှင့်ပတ်သက်၍ ရှေ့နေဦးကြီးမြင့်၊ ကဗျာဆရာ စောဝေ၊ မကြာခဏတရားစွဲဆိုခံရသည့် ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်တို့ကို တပ်မတော်က ပုဒ်မ ၅၀၅–ကဖြင့် တရားစွဲဆိုထားသေးသည်။
ထို့ပြင် တပ်မတော်နှင့်ပတ်သက်ပြီး သံချပ်ထိုးခဲ့သည့် ဒေါင်းတို့မျိုးဆက်အဖွဲ့မှ ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူအပါအဝင် ငါးဦးကိုလည်း တပ်မတော်က ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅–က ဖြင့် တရားစွဲဆိုထားပြီး အချို့မြို့နယ်များတွင် တရားရင်ဆိုင်နေရဆဲဖြစ်သည်။