
လူတစ်ဦးအား လက်ပြန်ကြိုးတုပ်ကာ တုတ်ဖြင့်ရိုက်သတ်သည့် Facebook စာမျက်နှာပေါ် ပျံ့နှံ့နေသော ရုပ်သံဖိုင်နှင့်ပတ်သက်ပြီး ရက္ခိုင့်တပ်တော် (AA) က စုံစမ်းစစ်ဆေးသွားမည်ဟု ပြောဆိုလိုက်သည်။
ယမန်နေ့ ညနေပိုင်းက စတင်ပျံ့နှံ့ခဲ့သည့် တစ်မိနစ်ခန့်ကြာသည့် အဆိုပါ ရုပ်သံဖိုင်တွင် အသင့်တူးထားသည့် မြေကတုတ်ကျင်းနှုတ်ခမ်းဝတွင် လူတစ်ဦးကို လက်ပြန်ကြိုးတုပ်ကာ ဒူးထောက်ထိုင်ခိုင်းထားသည်ကို တွေ့ရသည်။
ထို့နောက် လက်ပြန်ကြိုးတုပ်ခံထားရသူသည် အသတ်မခံရမီ “ ကျွန်တော့်အမေနဲ့ အစ်ကိုဆီကို ဝိညာဉ်ဘဝနဲ့ သွားနိုင်ပါစေ၊ ရခိုင်တပ်မတော်ကြီးလည်း ငြိမ်းချမ်းရေးရပါစေ” ဟု ဆုတောင်းခဲ့သည့် အသံကို ကြားရပြီးနောက် ၎င်းကို ရခိုင်စကားဖြင့် ပြောသည့် လူသုံးဦးခန့် အနက်မှ တစ်ယောက်က ခေါင်းကို တုတ်ဖြင့် ရိုက်လိုက်သည်ကို တွေ့ရသည်။
ကျင်းထဲ ပြုတ်ကျသွားပြီးနောက် ကျင်းထဲအထိလည်း ထိုသူ၏ဦးခေါင်းကိုပင် ထပ်မံရိုက်နှက်ရာ စုစုပေါင်း ၁၆ ချက်ခန့် ရှိသည်။
အဆိုပါရုပ်သံဖိုင်မှာ တပ်မတော်ထောက်ခံသူဟု ယူဆရသည့် Sit Nyein Aung ဆိုသူ၏ Facebook မှ စတင်ပျံ့နှံ့လာခြင်းဖြစ်ပြီး ယခုအချိန်တွင် အဆိုပါ Facebook အကောင့်ကို ပြန်လည်ရှာမတွေ့တော့ပေ။
အဆိုပါ ရုပ်သံဖိုင်နှင့်ပတ်သက်၍ အွန်လိုင်းပေါ်တွင် ထင်ကြေးအမျိုးမျိုး ပေးနေသော်လည်း ဖြစ်ပွားခဲ့သည့် နေရာ၊ အချိန်၊ ကျူးလွန်သူနှင့် အကြောင်းရင်းတို့ကို မသိရပါ။
AA ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခက အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မြန်မာပြည်ကိုလာသည့် အချိန်နှင့်ကိုက်ကာ လုပ်ကြံဝါဒဖြန့်ခြင်းဖြစ်သည်ဟု ဆိုသည်။
“Facebook က ဒီလောက် ရက်စက်တဲ့ ဗီဒီယိုဖိုင်ကို ဘာလို့ ဆင်ဆာမလုပ်၊ မထိန်းချုပ်လည်းဆိုတာ မေးစရာရှိတာပေါ့” ဟု ၎င်းက ဆိုသည်။
တစ်ဖက်တွင်မူ ရုပ်သံဖိုင်ထဲမှ လူများမှာ AA မှလူများဖြစ်ကြောင်းနှင့် တပ်မတော်၏ ဝါဒဖြန့်မှုသာဖြစ်ကြောင်း AA ကစွပ်စွဲမှုကိုလည်း တပ်မတော်၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးက ငြင်းဆိုသည်။
“ကျွန်တော်တို့က ဘာမှ ဝါဒမဖြန့်ဘူး၊ ချရင် ပေါ်တင်ချမှာ။ ဒီအတိုင်းဖြစ်ရင် ဒီအတိုင်းပဲပြောမှာ။ ဒီအပေါ်မှာ ကြည့်တဲ့သူတွေရဲ့ ဆုံးဖြတ်ချက်ပဲ” ဟု ဗိုလ်မှူးကြီးဝင်းဇော်ဦးက ဆိုသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၁၀ ရက်နေ့က မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့တွင် လူနှစ်ဦး ခေါင်းဖြတ်သတ်ခံထားရသည့် ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့ဖူးပြီး၊ ထိုနေ့တစ်ရက်တည်းတွင်ပင် အမ်းမြို့နယ်တွင်လည်း လူတစ်ဦး ခေါင်းဖြတ်သတ်ခံခဲ့ရသည်။
ရခိုင်တိုင်းရင်းသား လူငယ်တဦးဖြစ်သူ ကိုမျိုးဆန်းအောင်က “တော်တော်တော့ မကောင်းဘူးပေါ့၊ အဲ့ဒါကိုမြင်တာနဲ့ တော်တော်စိတ်မကောင်ဘူး။ လူမဆန်တဲ့လုပ်ရပ်လို့ပဲ ပြောရမှာပေါ့၊ ဘယ်အဖွဲ့အစည်းပဲဖြစ်ဖြစ်၊ ဘယ်လူမျိုးပဲဖြစ်ဖြစ် မလုပ်သင့်တဲ့အရာပါ” ဟုဆိုသည်။