
ရခိုင်ပြည်နယ်မြောက်ပိုင်း မြောက်ဦးမြို့နယ် ရွာဟောင်းတောကျေးရွာ အနီးတွင် ယနေ့မနက်က မိုင်းပေါက်ကွဲမှုကြောင့် ဒေသခံတစ်ဦသေ၊ တစ်ဦးဒဏ်ရာရသွားကြောင်း မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်အမတ် ဦးထွန်းသာစိန်က ယနေ့(အောက်တိုဘာ ၃၀ ရက်) ပြောသည်။
သေဆုံးသူမှာ မြောက်ဦးမြို့နယ် ပဒေးရွာမှ အသက် ၃၀ အရွယ် ကိုကျော်နိုင်ထွန်းဖြစ်ပြီး ဒဏ်ရာရသူမှာ ကျောက်တော်မြို့နယ်မှ မြောက်ဦးမြို့နယ်သို့ အလုပ်လာရောက်လုပ်ကိုင်နေသည့် အသက် ၃၁ နှစ်အရွယ် ကိုကျော်ထွန်းစိန်ဖြစ်ကြောင်း မြောက်ဦးမြို့လူငယ်အစည်းအရုံးမှ ကိုဇော်ထွန်းက Myanmar Now ကို ပြောသည်။
ယနေ့မနက် ၈ နာရီခန့်က ၎င်းတို့နှစ်ဦးက သုံးဘီးကားဖြင့် မြောက်ဦးမြို့သို့ ထွက်လာခဲ့ကြောင်း ရွာဟောင်းတောရွာနှင့် ဘုရားအုပ်ရွာအကြားရှိ တံတားအနီးအရောက်တွင် တပ်မတော်စစ်ကြောင်းက စစ်ဆေးနေသဖြင့် ရပ်စောင့်နေစဉ် တံတားအနီးထောင်ထားသော မိုင်းပေါက်ကွဲကာ ထိမှန်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။
၎င်းတို့နှစ်ဦးအား သုံးဘီးဖြင့် မြောက်ဦးဆေးရုံသို့ ပို့ဆောင်ပေးပြီး ခဏအကြာတွင် ဒဏ်ရာရသူတစ်ဦးဖြစ်သည့် ကိုကျော်နိုင်ထွန်းမှာ သေဆုံးခဲ့ခြင်းဖြစ်သည်။
“သေဆုံးတဲ့သူကို သင်္ဂြိုဟ်ဖို့အတွက် နာရေးကူညီမှုအသင်းတို့ဘာတို့ကိုတော့ ချိတ်ဆက်ပေးထားတယ်” ဟု ကိုဇော်ဇော်ထွန်းက ပြောသည်။
ဒဏ်ရာရသူ ကိုကျော်ထွန်းစိန်မှာ မျက်နှာနှင့် ခန္ဓာကိုယ်အချို့တွင် မိုင်းစအနည်းငယ် ထိမှန်ခဲ့သော်လည်း မစိုးရိမ်ရကြောင်း ၎င်းက ဆက်လက်ပြောသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးဝင်းဇော်ဦးကို ဆက်သွယ်မေးမြန်း နေဆဲဖြစ်သည်။
ရခိုင်ပြည်နယ်တိုက်ပွဲများအတွင်း မိုင်းပေါက်ကွဲမှုကြောင့် အရပ်သားသေဆုံးမှုများလည်း မကြာခဏဖြစ်ပွားလျက်ရှိသည်။
ရခိုင်ပြည်နယ်တိုက်ပွဲများအတွင်း သေဆုံးသွားသူ အရပ်သား ၈၀ ကျော်အတွက် ဝမ်နည်းကြောင်းအဆိုကို စက်တင်ဘာ ၁၇ ရက်က ပြည်နယ်လွှတ်တော်တွင် ဘူးသီးတောင်မြို့နယ်လွှတ်တော်အမတ် ဦးထွန်းအောင်သိန်းက တင်သွင်းခဲ့ပြီး ကန့်ကွက်သူမရှိဘဲ လွှတ်တော်က အတည်ပြုခဲ့သည်။