သတင်း

ကိုရီးယားတွင် မြန်မာလုပ်သား ၄၀ ကျော်၏ အိုင်ဒီကတ်များ အပွားခံရပြီး ငွေကြေးအလွဲသုံးစားလုပ်ခံရဟုဆို

တောင်ကိုရီးယားနိုင်ငံရောက် မြန်မာလုပ်သား ၄၀ ကျော်တို့၏ တရားဝင်မှတ်ပုံတင်ကတ်နံပါတ်များကို ပွားယူကာ ငွေကြေးအလွဲသုံးစားမှု လုပ်ခံထားရသဖြင့် ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ကူညီဖြေရှင်းပေးနေရသည်ဟု သံရုံး သံအရာရှိက ပြောသည်။

တောင်ကိုရီးယားနိုင်ငံတွင် နိုင်ငံခြားသား အလုပ်သမားများအနေဖြင့် ဘဏ်စာရင်းဖွင့်ခြင်း၊ ငွေချေးယူခြင်း၊ တယ်လီဖုန်းလိုင်းဖွင့်ခြင်း စသည့် ဝန်ဆောင်မှု အားလုံးကို တရားဝင်နေထိုင်ခွင့် မှတ်ပုံတင်ကတ် (ID card) ရှိရုံဖြင့် ပြုလုပ်၍ရပြီး မြန်မာအလုပ်သမား ၄၀ ကျော်တို့၏ ကတ်ကိုပွားယူကာ ၎င်းတို့ကျူးလွန်ဟန်ဖြင့် လိမ်လည်သူက ကျူးလွန်ခံထားရသည်ဟု မြန်မာသံရုံးကို သတင်းပို့ထားသည်။

အိုင်ဒီကတ်အပွားခံရသည့် မြန်မာလုပ်သား ၄၀ ကျော်မှာ ဒုံအင်ချွန်းမြို့နယ်၊ ကင်ဖို၊ ဟွာဆောင်း နှင့် ဆူဝမ်၊ မြို့နယ်များတွင် သွားရောက်လုပ်ကိုင်နေသူများဖြစ်သည်ဟု ထိုအလုပ်သမား ၄၂ ဦး၏ အမည်စာရင်းနှင့် တိုင်ကြားစာကို သံရုံးသို့ သွားရောက်ပေးပို့ခဲ့သူ ကိုရီးယား၌ နိုင်ငံရေးသိပ္ပံပညာကို သင်ယူနေသည့် မဇွန်နီလာက ပြောသည်။

အဆိုပါ မြန်မာလုပ်သား ၄၀ ကျော်တို့၏ အိုင်ဒီကတ်အမှတ်ဖြင့် ငွေချေးခြင်း၊ လိုင်းဖုန်း အသုံးပြုခြင်းများ ပြုလုပ်ထားကြောင်း အကြောင်းကြားစာများကို တောင်ကိုရီးယားရဲတပ်ဖွဲ့က ကာယကံရှင်များအား လာပေးသွားကြောင်း မြန်မာသံရုံး အလုပ်သမားသံအရာရှိ ဦးဇေယျာတင်ဝင်းထင်က Myanmar Now ကို ပြောသည်။

ထပ်ပွားလိုက်သော အဆိုပါမိတ္တူဖြင့် ဖုန်းဝယ်ယူခြင်း၊ ချေးငွေများချေးထားခြင်း၊ ခြောက်လကျော်မှ တစ်နှစ်နီးပါးအထိ အသုံးပြုထားသည့် ဖုန်းဘေလ်များ ပိုက်ဆံမချေထားခြင်း စသည့်တို့ ပြုလုပ်ထားကြောင်း၊ ရက်စေ့၍ လုပ်ငန်းရှင်က ငွေတောင်းသော်လည်း ငွေမချေသဖြင့် ရဲက လာရောက် စစ်ဆေးခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

အလုပ်သမား ၄၀ ကျော်အနက် အများစုကလည်း အိုင်ဒီကတ် အလွဲသုံးစားလုပ်ခံရမှုဖြင့် အမှုပြန်လည်ဖွင့်နိုင်ရန် အင်ချွန်းမြို့နယ် ဒုံအင်ချွန်းရဲစခန်းတွင် ကြိုးပမ်းနေသည်ဟု သံရုံးအရာရှိက ပြောသည်။

“သူတို့ရဲ့ ID တွေ ပတ်စ်ပို့တွေကို ဘယ်သူ့ဆီပေးဖူးလဲ၊ ဘယ်စခန်းကလာစစ်တာလဲဆိုတာတွေ အခု သူတို့ကို တောင်းထားပါတယ်။ နောက်အပတ်ထဲမှာ ရဲအရာရှိနဲ့ ကျွန်တော် ဒီကိစ္စ သွားဆွေးနွေးဖို့ ရှိပါတယ်” ဟု ဦးဇေယျာတင်ဝင်းထင်က ပြောသည်။

ကိုရီးယားတွင်နေထိုင်သည့် နိုင်ငံခြားသားများ ကိုင်ဆောင်ရသည့် မှတ်ပုံတင်ကတ် နမူနာ (ဓာတ်ပုံ – ကိုရီးယား လဝက)

တောင်ကိုရီးယားတွင် ထိုကဲ့သို့အလားတူ အိုင်ဒီကတ်အလွဲသုံးစားမှု ပြီးခဲ့သည့် မနှစ်ကလည်း ဖြစ်ပွားခဲ့ဖူးပြီး ကျူးလွန်သူ ကိုရီးယားနိုင်ငံသား ၁၆ ဦးနှင့် အနောက်နိုင်ငံသားတစ်ဦးတို့ကို တောင်ကိုရီးယားရဲက ဖမ်းဆီးနိုင်ခဲ့ကြောင်း ၎င်းက ပြောသည်။

“ကိုယ်မလုပ်ဘူးဆိုရင် ကြောက်စရာမလိုဘဲ ရဲစခန်းတိုင်ဖို့ပဲ ပြောချင်ပါတယ်။ တကယ်လို့ ကိုယ်က အမှန်မဟုတ်ဘူးဆိုရင် Cyber Police ဆီကို ရဲက အပ်လိမ့်မယ်။ သူတို့က ဆက်ပြီး စုံစမ်းပါတယ်။ မိတဲ့ ဥပမာတွေလည်း ရှိပါတယ်။ အဓိကက ကိုယ်မလုပ်ကြောင်း ပြောပြီး အမှုပြန်ဖွင့်နိုင်ဖို့ပဲ လိုတာ။ အလုပ်ရှင်ဘက်ကလည်း သက်သေလိုက်ပေးရင် ဖြေရှင်းရလွယ်တယ်” ဟု သံအရာရှိက ဆက်ပြောသည်။

ကိုရီးယားနိုင်ငံ ချန်နမ်းမြို့တွင် အလုပ်လုပ်နေသည်မှာ တစ်နှစ်ကြာပြီဖြစ်သည့် အသက် ၂၂ နှစ်အရွယ် မြန်မာလုပ်သား ကိုအောင်ဇေယျာသည် ပြီးခဲ့သည့် လများအတွင်းက ၎င်းဆီသို့ ဖုန်းလိုင်းဖွင့်၍ ငွေမချေသည့်အတွက် ဝမ် ၁၈ သိန်း (ကျပ် ၂၂ သိန်းနီးပါး) အကြွေးတောင်းစာတစ်စောင်​ ရောက်လာခဲ့သည်ဟု ဆိုသည်။

“ဆိုးလ်မြို့ အကြွေးတောင်းတဲ့ရုံးက စာလာတာ။ ပိုင်ရှင်မရှိရင် ကျွန်တော်တို့ပေးရမယ်တဲ့။ ဖြစ်လာမှတော့ ဘယ်တတ်နိုင်မလဲ။ ဆပ်ရုံပဲရှိတော့တာပေါ့။ သံရုံးကိုတော့ ပြောထားတယ်” ဟု ၎င်းက Myanmar Now ကို ဖုန်းဖြင့် ပြောသည်။

တောင်ကိုရီးယားနိုင်ငံသို့ Employment Permit System (အစိုးရချင်း သဘောတူညီမှုအရ အလုပ်လုပ်ခွင့်) ဖြင့် လာရောက် အလုပ်လုပ်ကိုင်နေသည့် မြန်မာလုပ်သား သုံးသောင်းခွဲခန့်ရှိကြောင်း သံအရာရှိက ပြောသည်။

Show More

Related Articles

Back to top button