တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ကျောက်တော်မြို့နယ်၊ အပေါက်ဝရွာအတွင်း ယနေ့မနက်အစောပိုင်းက လက်နက်ကြီးကျည် ကျ၍ လူနှစ်ဦး ဒဏ်ရာရသွားသည်ဟု ကျောက်တော်မြို့နယ် အမျိုးသားလွှတ်တော်အမတ် ဦးမြင့်နိုင်ကပြောသည်။
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ကန်စောက်အခြေစိုက် တပ်မတော်၏အမြောက်တပ်ရင်းကို ရက္ခိုင့်တပ်တော်(AA)က ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တပ်မတော်ဘက်က ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း နှစ်ဖက်အဖွဲ့က အတည်ပြု ပြောဆိုသည်။
ကျောက်တော်မြို့၏တောင်ဘက် ၅ မိုင်ခန့်အကွာ ကျောက်တော်နှင့် ပုဏ္ဏားကျွန်းမြို့နယ်အစပ်ရှိ အပေါက်ဝရွာအနီးတွင် ယနေ့မနက် ၅ နာရီခန့်မှစ၍ လက်နက်ငယ်အသံများ စတင်ကြားခဲ့ရပြီး တစ်ဆက်တည်းဆိုသလို လက်နက်ကြီးသံများပါ ကြားခဲ့ရခြင်းဖြစ်သည်ဟု အပေါက်ဝရွာသား ကိုကျော်သူက ပြောသည်။
လက်နက်ကြီးကျည်တစ်လုံးမှာ ရွာအပြင်လယ်ကွင်းထဲ ကျခဲ့ပြီး တစ်လုံးမှာ ဦးကျော်စိန်၏ အိမ်ပေါ်တည့်တည့် ကျခဲ့သောကြောင့် အသက် ၇၀ အရွယ်ရှိ ဦးကျော်စိန်နှင့် အသက် ၁၁ နှစ်ခန့်ရှိ မောင်အောင်နိုင်ချေတို့နှစ်ဦး၏ ဦးခေါင်းနှင့် ခန္ဓာကိုယ်များ၌ လက်နက်ကြီးစများ ထိမှန်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။
တစ်နာရီခန့် ကြာမြင့်သည့် ပစ်ခတ်မှုများ ပြီးဆုံးသွားသည့်နောက်တွင် ဦးကျော်စိန်တို့နှစ်ဦးကို အပေါက်ဝ တိုက်နယ်ဆေးရုံသို့ ရွာသားများက ပို့ဆောင်ပေး၍ ဆေးကုသမှု ခံယူနေကြောင်း ကိုကျော်သူက ပြောသည်။
“ အရင်က ရွာမှာ ဒီလိုတစ်ခါမှ မဖြစ်ဖူးတော့ ရွာသားတွေကတော့ နည်းနည်းစိုးရိမ်နေကြတယ် ” ဟု ရွာသားများ၏ အခြေအနေနှင့်ပတ်သက်ပြီး ကိုကျော်သူက ရှင်းပြသည်။
ယနေ့မနက် ၅ နာရီခန့်က အပေါက်ဝရွာ၏ အနောက်တောင်ဘက် ၁ မိုင်ခန့်အကွာရှိ တပ်မတော်စခန်းတစ်ခုဖြစ်သည့် ကန်စောက်အမြောက်စခန်းကို AA က လက်နက်ငယ်များ၊ စိန်ပြောင်းများနှင့် လာရောက်ပစ်ခတ်သည့်အတွက် ပြန်လည်တုံ့ပြန်ပစ်ခတ်ခဲ့ကြောင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ပြောခွင့်ရ ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောသည်။
“ သူတို့ကပစ်ရင်တော့ ကျွန်တော်တို့က ပြန်ပစ်မှာပဲ၊ ကျွန်တော်တို့တပ်တွေ တောထဲမှာရှိတာပဲ၊ အဲဒီမှာမတိုက်ဘဲ ဘာလို့ ရွာတွေနားမှာ လာတိုက်လဲ ” ဟု ဗိုလ်မှူးကြီးဝင်းဇော်ဦးက ဆိုသည်။
နှစ်ဖက်လုံးက လက်နက်ကြီးများ သုံးပြီး တိုက်ခိုက်သည့်အတွက် ရွာထဲကျသည့် လက်နက်ကြီးမှာ မည်သည့်ဘက်မှ ပစ်ခတ်မှန်း မပြောနိုင်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
ယနေ့မနက်က ကျောက်တော်မြို့နယ်၊ ကန်စောက်အခြေစိုက် တပ်မတော်အမြောက်စခန်းကို ၁၀၇ မီလီမီတာ ရှော့တိုက်ဒုံးများနှင့် သွားရောက်တိုက်ခိုက်ခဲ့ကြောင်း AA ပြောခွင့်ရ ခိုင်သုခက အတည်ပြုပြောဆိုသည်။
သို့သော် အဆိုပါ အမြောက်စခန်းကို အနောက်ဘက်မှ ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်ပြီး တပ်မတော်မှ ပြန်လည်ပစ်ခတ်သည်မှာ စခန်း၏အရှေ့ဘက်ရှိ ကျေးရွာများသို့ ပစ်ခတ်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ ရွာထဲကိုကျတဲ့ လက်နက်ကြီးကျည်က သေချာတယ် အဲဒါသူတို့ပစ်တာ ” ဟု ခိုင်သုခက ဆိုသည်။
ရခိုင်ပြည်တိုက်ပွဲများအတွင်း ကျေးရွာအတွင်း လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် အရပ်သားသေဆုံးမှုများ မကြာခဏ ဖြစ်ပွားနေသည်။
တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေသည့် မင်းပြားမြို့နယ်၊ ပန်းမြောင်းကျေးရွာ အရှေ့ဘက်နှင့် ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်ရွာ အနောက်ဘက်ရှိ ကျောက်ပုံတောင်ပေါ်တွင် ယနေ့ နေ့လယ်ပိုင်းအထိ တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်ကြောင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ထံမှ သိရသည်။