BBC နှင့် အင်တာဗျူးတွင် ကိုအောင်ကြီး ရှေ့နေဒေါ်စုဒါလီအောင်၏ ပြောဆိုမှုများကြောင့် အရွယ်မရောက်သေးသည့် သားနှစ်ဦးမှာ စိတ်ပိုင်းဆိုင်ရာ များစွာထိခိုက်နေရကြောင်း Wisdom Hill မူကြိုကျောင်း ကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်က ယနေ့ တရားခွင်၌ ထွက်ဆိုသည်။
ယင်းအပြင် ဗစ်တိုးရီးယားအမှုတွင် တရားလိုပြသက်သေအဖြစ် ထည့်သွင်းထားသည့် ၎င်း၏သားနှစ်ဦးကို ကျန်းမာရေးနှင့် စိတ်ပိုင်းဆိုင်ရာ အခြေအနေတို့အရ သက်သေအဖြစ်မှ ကင်းလွတ်ခွင့်ပြုပါရန် ဒက္ခိဏခရိုင်တရားရုံးသို့လည်း တင်ပြထားသည်ဟု ၎င်းက တရားခွင်တွင် ပြောဆိုသည်။
ဒက္ခိဏခရိုင်တရားရုံးတွင် လက်ခံစစ်ဆေးနေသည့် ဗစ်တိုးရီးယားဟု အမည်ဝှက်ဖြင့် ခေါ်ဆိုကြသော Wisdom Hill မူကြိုကျောင်းသူ မိန်းကလေးငယ်အမှုနှင့်ပတ်သက်၍ သြဂုတ် ၁၄ ရက် ရုံးချိန်းအပြီးတွင် ကိုအောင်ကြီး၏ရှေ့နေ ဒေါ်စုဒါလီအောင်က BBC သတင်းဌာနသို့ အင်တာဗျူး ဖြေကြားခဲ့သည်။
ဒေါ်စုဒါလီအောင်က ဗစ်တိုးရီးယား၏ ဖခင်ကို စစ်မေးခဲ့သည့် တရားခွင်တွင် ဗစ်တိုးရီးယားကို ဓာတ်ပုံများပြသ၍ မေးမြန်းထားသည့် ဗီဒီယိုဖိုင်နှစ်ခု ပါဝင်ကြောင်း၊ ဗစ်တိုးရီးယားက ၎င်းကို ကျူးလွန်သူမှာ ကိုကို၊ ညီညီဟု ရွေးပြသည့် ဗီဒီယိုဖိုင်နှစ်ခုကို တရားရုံးက သက်သေခံအဖြစ် လက်ခံထားပြီး အဆိုပါ ဗီဒီယိုဖိုင်များမှာ ဗစ်တိုးရီးယားအမှု အမှန်တရားပေါ်ပေါက်ရေးအတွက် ရာနှုန်းပြည့် အရေးကြီးကြောင်း စသဖြင့် ယင်းBBC နှင့် အင်တာဗျူးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
ယင်းပြောကြားမှုများနှင့် ပတ်သက်၍ တရားလွှတ်တော်ရှေ့နေ ဒေါ်စုဒါလီအောင်ကို နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ပတ္တာနယ်မြေရဲစခန်းတွင် သြဂုတ် ၃၁ ရက်က နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှု ကာကွယ်ပေးရေးဥပဒေ (နိုင်/လွတ်/လုံ)ပါ ပုဒ်မ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပါ ပုဒ်မများဖြင့် ဒေါ်ဥမ္မာလှိုင်က အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။
သို့သော် ဥပဒေရုံး၏ အကြံပြုချက်အရ ဗုဗ္ဗသီရိမြို့နယ်တရားရုံးက နိုင်/လွတ်/လုံ အပါအဝင် အခြားပုဒ်မများကို လက်ခံခြင်းမရှိဘဲ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပုဒ်မ ၁၀၁-က(၂) (စွပ်စွဲခံရသော သို့မဟုတ် မှုခင်းတွင် သက်သေအဖြစ်ပါဝင်သော ကလေးသူငယ်ကို မည်သူမည်ဝါဖြစ်ကြောင်း ထုတ်ဖော်မှု)ဖြင့်သာ စက်တင်ဘာလ ၂၅ ရက်နေ့က စတင် စစ်ဆေးနေခြင်းဖြစ်သည်။
ယနေ့တရားခွင်တွင် တရားလိုဖြစ်သူ ဒေါ်ဥမ္မာလှိုင်ကို တရားလွှတ်တော်ရှေ့နေ ဒေါ်စုဒါလီအောင်က ကိုယ်တိုင် စစ်မေးခဲ့ခြင်းဖြစ်သည်။
BBC သတင်းဌာန ဖေ့စ်ဘွတ်ခ်စာမျက်နှာရှိ အဆိုပါ အင်တာဗျူးအောက်တွင် ရေးသားထားသော မှတ်ချက်များတွင် ၎င်း၏ မိသားစုနှင့် သားနှစ်ဦး၏ ဓာတ်ပုံများ အသုံးပြု၍ မဖွယ်မရာပြောဆိုမှုများ ကြုံတွေ့ရသဖြင့် ဒေါ်စုဒါလီအောင်ကို အမှုဖွင့်ရခြင်းဖြစ်ကြောင်း ဒေါ်ဥမ္မာလှိုင်က ဆက်ပြောသည်။
“ကလေးတွေက ကျောင်းသွားဖို့တောင် မနည်းခေါ်နေရတယ်၊ လူများတဲ့ ဈေးလိုနေရာမျိုးဆိုရင် ပိုပြီး မသွားရဲမလာရဲ ဖြစ်နေပါတယ်”ဟု ၎င်းက တရားခွင်၌ ထွက်ဆိုသည်။
တရားစွဲဆိုမှုကို ခံထားရသော ရှေ့နေဒေါ်စုဒါလီအောင်က ဒေါ်ဥမ္မာလှိုင်ကို ၎င်း၏ သားနှစ်ဦး၌ ကိုကို၊ ညီညီဟူသော အမည်ရှိမရှိ၊ အဆိုပါကလေးနှစ်ဦး၏ အမည်၊ အသက် စသဖြင့် ထုတ်ဖော်ပြောဆိုခဲ့ခြင်း ရှိမရှိ မေးခွန်းထုတ်ခဲ့ပြီး တရားလိုက မရှိပါဟု ပြန်လည်ဖြေဆိုခဲ့သည်။
သို့သော် “ကိုကို၊ ညီညီဆိုတဲ့ အသုံးအနှုန်းကို ဖေ့စ်ဘွတ်ခ်သုံးသူ၊ ဗစ်တိုးရီးယားအမှုနှင့်ပတ်သက်သူများက ဒေါ်ဥမ္မာလှိုင်၏ သားများဟူ၍ အကုန်သိပါတယ်” ဟု ဒေါ်ဥမ္မာလှိုင်က ဆက်ပြောသည်။
တရားခွင်စစ်ဆေးမှုမှာ လေးနာရီကျော် ကြာမြင့်ခဲ့ပြီးနောက် ပုဗ္ဗသီရိမြို့နယ် တရားသူကြီး ဒေါ်စန္ဒာညွန့်က နိုဝင် ဘာ ၁၄ ရက်တွင် ဆက်လက်စစ်ဆေးမည်ဖြစ်ကြောင်း ကြေညာသည်။
ဒေါ်ဥမ္မာလှိုင်သည် ဗစ်တိုးရီးယား၏ ဖခင်၊ ဦးလေး၊ အဒေါ်၊ ဗစ်တိုးရီးယား၏ ရှေ့နေ ဒေါ်ရွက်နုအောင်၊ ကိုအောင်ကြီး၏ ရှေ့နေ ဦးခင်မောင်ဇော်၊ အမှု၌ ကူညီဆောင်ရွက်ပေးနေသူ သက္ကမိုးညို(ခ) ဒေါက်တာ ဝင်းကိုကိုသိန်းတို့ကိုလည်း ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပုဒ်မ ၁၀၁-က(၂)ဖြင့်ပင် ပတ္တာရဲစခန်း၌ စက်တင်ဘာ ၂၆ ရက်က အမှုဖွင့်ထားသေးသည်။ သို့သော် ရဲတပ်ဖွဲ့၏ လုပ်ငန်းဆောင်တာများ မပြီးပြတ်သေးသဖြင့် ယနေ့အထိ တရားရုံး၌ စစ်ဆေးနိုင်ခြင်း မရှိသေးပေ။
ထို့အတူ ဒေါ်ဥမ္မာလှိုင်၏ အမှုဖွင့်ခြင်းကို ခံရသူအချို့က ပြန်လည် တရားစွဲရန်ရှိကြောင်း ယခုလဆန်း၌ ထုတ်ဖော်ပြောဆိုချက်များရှိသော်လည်း ယင်းနှင့်စပ်လျဉ်း၍ ယနေ့အချိန်အထိ သီးခြားအတည်ပြုချက် တစ်စုံတစ်ရာ ထပ်မံ မရရှိသေးပါ။