သတင်း

ဘူးသီးတောင်တိုက်ပွဲတွင် AA ထံမှ လက်နက်များ သိမ်းဆည်းရမိဟု တပ်မတော်ဆို

ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ် သရက်ပြင်ရွာ၏ မြောက်ဘက်တွင် ယနေ့ (အောက်တိုဘာ ၇ ရက်)မနက်က တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး AA အလောင်းအချို့နှင့် လက်နက်များ ရရှိခဲ့ကြောင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောသည်။

ယနေ့မနက် ၁၀ နာရီခန့်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေသည့် တပ်မတော်စစ်ကြောင်းနှင့် AA တို့အကြား ၁ နာရီခန့်ကြာအောင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။

“အလောင်း၊ လက်နက် ရတယ်၊ ဘယ်လောက်ရတယ်ဆိုတာတော့ အတိအကျ မသိရသေးဘူး၊ ကျန်တာကတော့ နယ်မြေဆက်ရှင်းနေတယ် ” ဟု ဗိုလ်မှူးကြီးဝင်းဇော်ဦးက ဆိုသည်။

ကွမ်းတောင်နှင့် သရက်ပြင်ရွာအနီးတွင် ယနေ့ တိုက်ပွဲဖြစ်ပွားခဲ့သော်လည်း တပ်မတော်ဘက်က ပြောသကဲ့သို့ AA ဘက်က ကျဆုံးမှုများ မရှိကြောင်း AA ၏ပြောခွင့်ရအရာရှိ ခိုင်သုခက ပြောဆိုသည်။

သူတို့ဘက်က ပြောသလိုမျိုး ကျွန်တော်တို့ဘက်က ကျဆုံးတာ အလောင်းကျန်တာမျိုး မရှိဘူးဗျဟု ခိုင်သုခက ဆိုသည်။

ယနေ့မနက်တွင် သရက်ပြင်ရွာအနီး တိုက်ပွဲဖြစ်ပွားနေသည့် အသံများကို ကြားနေရကြောင်း ဒေသခံများက သတင်းပို့သည်ဟု ဘူးသီးတောင်မြို့နယ် အမျိုးသားလွှတ်တော်အမတ် ဦးမောင်ကျော်ဇံက ပြောသည်။

“ သရက်ပြင်နားက မြိုမချောင်းတို့၊ ပြွန်ချောင်းတို့ရှိတယ် အဲဒီအနားမှာ တိုက်ပွဲဖြစ်နေတယ်လို့ ပြောကြတယ် ” ဟု ဦးမောင်ကျော်ဇံက ဆိုသည်။

ဘူးသီးတောင်မြို့နယ် အရှေ့တောင်ဘက် ၁၀ မိုင်အကွာတွင်ရှိသည့် ကျေးရွာများအနီးတွင် ယခုနှစ် ဇန်နဝါရီလမှစ၍ တိုက်ပွဲများ မကြာခဏဆိုသလို ဖြစ်ပွားနေသည်။

ယင်းကြောင့် ဥယျာဉ်သာ၊ ကံပြင်၊ စံဂိုးတောင်၊ ဆင်သေပြင်စသည့် ကျေးရွာများမှာ ဘူးသီးတောင်မြို့ပေါ်ရှိ စစ်ရှောင်စခန်းများနှင့် ရသေ့တောင်မြို့နယ် စေတီတောင်ကျေးရွာများသို့ ဖေဖော်ဝါရီလကတည်းက တိမ်းရှောင်နေကြရသည်။

ကျန်ခဲ့သည့် ရက်အနည်းငယ်ခန့်က သရက်ပြင်ရွာထိပ်၊ စိုင်းဒင်တံတားအနီးရှိ တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေးတာဝန်ယူထားသည့် ကင်းစခန်းကို AA က ဝင်ရောက်တိုက်ခဲ့သေးသည်။

အောက်တိုဘာ ၁ ရက်မှ ၆ ရက်အထိ တပ်မတော်နှင့် AA တို့အကြား မြို့နယ် ၆ မြို့နယ်တွင် တိုက်ပွဲ ၁၀ ကြိမ် ဖြစ်ပွားခဲ့ကြောင်း အောက်တိုဘာ ၆ ရက်နေ့ ရက်စွဲဖြင့် AA က ထုတ်ပြန်ထားသည်။

ရခိုင်စစ်ရှောင်များအရေး ကူညီဆောင်ရွက်ပေးနေသည့် ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး REC ၏ စက်တင်ဘာ ၁၆ ရက်နေ့က ထုတ်ပြန်သည့် အချက်အလက်များအရ ဘူးသီးတောင်မြို့နယ်တွင် စစ်ရှောင် ၂၅၀၀ ကျော် ရှိနေပြီး ရခိုင်မြောက်ပိုင်းတစ်ခုလုံးတွင်မူ ၆၄၀၀၀ ကျော်အထိ ရှိနေသည်။

Show More

Related Articles

Back to top button