သတင်း

နော်အုံးလှရုံးထုတ်တွင် ဝန်းရံခဲ့သည့် အမျိုးသမီးသုံးဦးကို အမှုဖွင့်

ကရင့်အာဇာနည်နေ့ ကျင်းပသည့်အတွက် တရားစွဲခံရသော နော်အုန်းလှတို့ရုံးထုတ်တွင် လာရောက်ဝန်းရံသည့် အမျိုးသမီးသုံးဦးကို ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့မှူးက ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေ ပုဒ်မ ၁၉ ဖြင့် အမှုဖွင့်လိုက်သည်။

ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအမျိုးသမီးအဖွဲ့ (DPW) မှ ဒေါ်စိန်ထွေး၊ မဇာခြည်လင်းနှင့် ကရင်အမျိုးသမီးအစည်းအရုံး (KWU) မှ နော်လာရှီးထူးတို့ သုံးဦးကို အမှုဖွင့်ထားကြောင်း ကျောက်တံတားရဲစခန်းက ယနေ့နံနက်တွင် DPW ရုံးသို့ စာပို့ အကြောင်းကြားခဲ့သည်ဟု ယင်းအဖွဲ့က ထုတ်ပြန်သည်။

စက်တင်ဘာလ ၂၇ ရက်နေ့က ကျောက်တံတားမြို့နယ်တရားရုံးတွင် နော်အုံးလှတို့ကို ရုံးထုတ်ရာ၌ ဗီနိုင်းများကိုင်ဆောင်ပြီး တရားရုံးအဝင်အထွက်တွင် ငြိမ်းစုစီမတင်ဘဲ ဟစ်အော်ခဲ့ခြင်းကြောင့် ဦးဆောင်သူ သုံးဦးကို အမှုဖွင့်ရခြင်းဖြစ်ကြောင်း ကျောက်တံတားမြို့နယ်ရဲစခန်းမှ စခန်းမှူး ဦးပိုထွန်းက ပြောသည်။

KNU (ကရင်အမျိုးသားအစည်းအရုံး) မှ မဟာမိတ်ဆက်ဆံရေးတာဝန်ခံ (ဗဟိုအမြဲတမ်းကော်မတီဝင်) ဖဒိုမန်းငြိမ်းမောင်နှင့် လူဦးရေ ၂၀၀ ခန့်က စက်တင်ဘာလ ၂၇ ရက်နေ့က ကျောက်တံတားတရားရုံးရှေ့သို့ လာရောက်ခဲ့ကြပြီးနော်အုန်းလှ၊ စောအဲလ်ဘတ်ချို၊ စသိန်းဇော်မင်းတို့အား ချက်ချင်းလွှတ်တိုင်းရင်းသားအခွင့်အရေး တန်းတူရရှိရေး ဒို့အရေးဆိုသော စာတန်းပါ ဆိုင်းဘုတ်များ ကိုင်ဆောင်ခဲ့ကြခြင်းဖြစ်သည်။

ကျောက်တံတားရဲစခန်းက ပေးပို့သည့် စာတွင် ယနေ့ ရဲစခန်းသို့ လာရောက်ရန် ဆင့်ခေါ်ထားသော်လည်း ၎င်းတို့ သုံးဦးမှာ ခရီးသွားနေသဖြင့် ယနေ့ သွားရောက်ဖြေရှင်းနိုင်မည် မဟုတ်ကြောင်း ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအမျိုးသမီးအဖွဲ့ (DPW) မှ အတွင်းရေးမှူး ကိုမင်းနေထွန်းက ပြောဆိုသည်။

ဆင့်ခေါ်တဲ့ ရက်က နီးတော့ ဘယ်သူ့မှ မသွားနိုင်ဘူး။ မသွားနိုင်လို့ လာဖမ်းမယ်ဆိုရင် အဲ့ဒီနေ့က သုံးယောက်တည်း အော်တာမဟုတ်လို့ ကျွန်တော်တို့ပါဝင်ခဲ့တဲ့ အဖွဲ့ဝင်အားလုံးက ရဲစခန်းသွား အဖမ်းခံမှာပါဟု ၎င်းက ဆက်ပြောသည်။

ကရင်အမျိုးသမီးအစည်းအရုံး ဥက္ကဋ္ဌ နော်အုံးလှနှင့် ကရင်လူငယ်များဖြစ်သည့် စောအဲလ်ဘတ်ချို၊ စသိန်းဇော်မင်းတို့ သုံးဦးအား ရန်ကုန်မြို့၊ မဟာဗန္ဓုလပန်းခြံရှေ့တွင် ဩဂုတ်လ ၁၂ ရက်နေ့က အခြား ကရင်တိုင်းရင်းသားများနှင့် စုပေါင်း၍ ၆၉ နှစ်မြောက် ကရင်အာဇာနည်နေ့အခမ်းအနား ကျင်းပခဲ့၍ ငြိမ်းစုစီဥပဒေ ပုဒ်မ ၂၀ ဖြင့် ရန်ကုန်၊ ကျောက်တံတားမြို့နယ် ရဲမှူးက တရားစွဲဆိုပြီး ထောင်ဒဏ် ၁၅ ရက် ချမှတ်ခဲ့သည်။

၎င်းတို့သုံးဦးအနက် နော်အုန်းလှမှာ အင်းစိန်ထောင်တွင် ၂၂ ရက်နှင့် စောအဲလ်ဘတ်ချို၊ စသိန်းဇော်မင်းတို့မှာ ၁၇ ရက်စီ ချုပ်နှောင်ခံထားရသည့် အချက်အပါအဝင် အပြစ်မရှိဘဲ ထောင်ဒဏ်ချမှတ်ခံရ၍ဟုဆိုကာ ခရိုင်တရားရုံးသို့ အယူခံ ဆက်တက်မည်ဟု နော်အုန်းလှက ဆိုသည်။

ယင်းအပြင် ကရင့်အာဇာနည်နေ့ဟု သုံးနှုန်းမှုအပေါ် အရေးယူခဲ့သည့်အတွက် သက်ဆိုင်ရာအဖွဲ့အစည်းများထံ တိုင်ကြားစာများ ပေးပို့ခဲ့သည်။

ပြည်သူ့လွှတ်တော် နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာ ကော်မတီ၊ အမျိုးသားလွှတ်တော် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကော်မတီနှင့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်တို့ထံ တိုင်ကြားစာ ပေးပို့ထားပြီးဖြစ်ကြောင်း၊ ရန်ကုန်တိုင်းအစိုးရအဖွဲ့၊ ကျောက်တံတားမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး၊ ကမာရွတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး၊ ဒဂုံအရှေ့ပိုင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးနှင့် ကျောက်တံတားမြို့နယ် ဖြေလျှော့ရေးအဖွဲ့တို့ထံ တိုင်ကြားထားကြောင်း DPW အတွင်းရေးမှူး ကိုမင်းနေထွန်းက ဆိုသည်။

တိုင်းရင်းသားတွေမှာ အခွင့်အရေးတွေရှိတယ်၊ အာဇာနည်နေ့လုပ်ဖို့ကို ဥပဒေအရ အခွင့်အရေးရှိတယ်။ NCA မှာ သဘောတူညီချက်တွေရှိတယ်။ အဲဒါတွေအားလုံးကို ရန်ကုန်တိုင်းအစိုးရက ချိုးဖောက်ပြီးတော့ တားဆီးတယ်။ အဲဒီတားဆီးမှုမှာ ပူးပေါင်းပါဝင်ဖို့ မြို့နယ်ထွေအုပ်တွေရဲ့ ဥပဒေကျော်လွန်ပြီး လုပ်ဆောင်တဲ့ကိစ္စတွေကို တိုင်ထားတာဖြစ်တယ်ဟု ၎င်းက ဆိုသည်။

ကရင်တိုင်းရင်းသားခေါင်းဆောင် စောဘဦးကြီး ကျဆုံးခဲ့သည့် ၁၉၅၀ ပြည့်နှစ် ဩဂုတ်လ ၁၂ ရက်နေ့ကို ကရင့်အာဇာနည်နေ့အဖြစ် ကရင်တို့က သတ်မှတ်ကျင်းပခဲ့သည်မှာ ၆၉ နှစ် တိုင်ခဲ့ပြီ ဖြစ်သည်။

အဆိုပါနေ့တွင် ကရင်အမျိုးသားတစ်ဦးက သတင်းပေးသည့်အတွက် ၎င်းရှိနေသည့် နေရာကို မြန်မာတပ်မတော်က ဝိုင်းရံပိတ်ဆို့ တိုက်ခိုက်သဖြင့် စောဘဦးကြီး ကျဆုံးခဲ့ကြောင်း KNU (ကရင်အမျိုးသားအစည်းအရုံး) ဘက်က ဆိုသည်။

အာဏာပိုင်များဘက်က အာဇာနည်နေ့ဆိုသည့် အသုံးအနှုန်း သုံးစွဲခြင်းကို ကန့်ကွက်ခဲ့ကြပြီး ကရင်နိုင်ငံရေးသမားများကတော့ ထိုအသုံးအနှုန်းအတိုင်းသာ အစဉ်တစိုက် သုံးစွဲခဲ့ကြသည်။

စောဘဦးကြီးမှာ ကရင်တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံ လွတ်လပ်ရေးမတိုင်ခင် ကာလနှင့် လွတ်လပ်ရေးရပြီး ကာလတစ်လျှောက်လုံး ကရင်တိုင်းရင်းသားများ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရန် အစဉ်တစိုက် တောင်းဆိုခဲ့သူ ဖြစ်သည်။

Show More

Related Articles

Back to top button