အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကျောက်တော်တွင် လက်နက်ကြီးကျည်ကျ၍ ၅ ဦးဒဏ်ရာရ

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ကျောက်တော်မြို့နယ်၊ မီးဝရွာ ဘုန်းကြီးကျောင်းအတွင်းသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး ဘုန်းတော်ကြီးတစ်ပါးအပါအဝင် ၅ ဦး ဒဏ်ရာရသွားကြောင်း မီးဝရွာ ရာအိမ်မှူး ဦးမောင်သာစိန်က ပြောသည်။

ယနေ့မနက် ၁ နာရီဝန်းကျင်ခန့်တွင် မီးဝရွာအနီး၌ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများ ကြားရသည့်အတွက် ရွာသားအချို့မှာ ရွာဘုန်းကြီးကျောင်းအတွင်း သွားရောက်တိမ်းရှောင်စဉ် အဆိုပါ ဘုန်းကြီးကျောင်းအတွင်း လက်နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

ကျောင်းထိုင်ဆရာတော်၊ ကိုရင်တစ်ပါးနှင့် အဆိုပါဘုန်းကြီးကျောင်းတွင် စာသင်နေသည့် ကျောင်းဆရာမနှင့် ကျောင်းသားနှစ်ဦး စုစုပေါင်း ၅ ဦး ဒဏ်ရာရသွားခြင်းဖြစ်ကြောင်း၊ ဆရာတော်မှာ ရင်ဘတ်တွင် လက်နက်ကြီးစ ထိမှန်ခဲ့ပြီး ကိုရင်ငယ်မှာ ဦးခေါင်းကို ထိမှန်ခဲ့သည့်အတွက် စိုးရိမ်ရသည်ဟု ၎င်းက ဆက်လက်ပြောသည်။

ယနေ့မနက် ၂ နာရီခန့်က မီးဝရွာအရှေ့ဘက် ကုလားတန်မြစ်ထဲတွင် ကျောက်ချ ရပ်နားထားသည့် တပ်မတော် စစ်ရေယာဉ် ၃ စီးကို ရခိုင်လက်နက်ကိုင်အဖွဲ့ AA က လာရောက်တိုက်ခိုက်သည့်အတွက် မိနစ် ၃၀ ခန့် ကြာအောင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

မီးဝရွာအနီးမှ တိုက်ခိုက်လာသည့်အတွက် အဆိုပါနေရာကို ပြန်လည်ပစ်ခတ်ခဲ့ကြောင်းနှင့် ရွာသားတွေ ဒဏ်ရာရသည့် ဖြစ်စဉ်တွင် မည်သည့်ဘက်က ပစ်ခတ်မှုကြောင့်ဖြစ်ကြောင်း အတိအကျ မသိရဟု ၎င်းက ဆက်လက်ပြောသည်။

“ သူလို့လည်း လက်နက်ကြီးသုံးတာပဲ၊ သူပစ်ကိုယ်ပစ်ဆိုတော့ ဘယ်ဘက်ကပစ်လို့ ထိလဲဆိုတာ ဘယ်သိနိုင်မလဲ ” ဟု ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောသည်။

တိုက်ပွဲဖြစ်ပွားမှုနှင့်ပတ်သက်၍ ရခိုင်လက်နက်ကိုင်အဖွဲ့ AA မှ ပြောခွင့်ရအရာရှိ ခိုင်သုခကို ဆက်သွယ်မေးမြန်းရာတွင် ယခုလ၂၉ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့သော်လည်း ယနေ့တွင် တိုက်ပွဲဖြစ်ပွားမှု မရှိကြောင်း ပြန်လည်ဖြေကြားသည်။

“ သေနတ်သံတွေကြားလို့ ဘုန်းကြီးကျောင်းကို သွားပုန်းပြီး မကြာဘူး လက်နက်ကြီးကျတာပဲ ” ဟု ဦးမောင်သာစိန်က ပြောသည်။

ဒဏ်ရာရသူ ၅ ဦးကို မနက် ၆ နာရီခန့်တွင် ကျောက်တော်ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ထို့မှတဆင့် စစ်တွေဆေးရုံသို့ ဆက်လက်ပို့ဆောင်နေသည်ဟု ကျောက်တော်မြို့နယ် ပြည်နယ်လွှတ်တော်အမတ် ဦးမောင်လှကျော်က ပြောသည်။

“ အခုကတော့ စစ်တွေဆေးရုံကို ကျောက်တော်ဆေးရုံက လွှဲလိုက်ပြီ ရောက်တော့မယ် ” ဟု ဦးမောင်လှကျော်က ယနေ့ နေ့လယ် ၃ နာရီခန့်က ပြောသည်။

ကျောက်တော်မြို့နယ်၏ မြောက်ဘက်အစွန်ဆုံး ချင်းပြည်နယ်အစပ်တွင်ရှိသည့် အဆိုပါကျေးရွာမှာ အိမ်ခြေ ၃၆၀ ခန့်နှင့် လူဦးရေ ၁၄၀၀ကျော် ရှိပြီး ကုလားတန်မြစ်၏ အနောက်ဘက်တွင် ရှိသည်။

စက်တင်ဘာလ ၂၉ ရက်နေ့ကလည်း အဆိုပါရွာအနီး တပ်မတော်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ရွာသား ၂ ဦး ဒဏ်ရာရရှိခဲ့ပြီး ယနေ့ ၅ ဦး ထပ်မံ၍ ဒဏ်ရာရမှုကြောင့် မီးဝရွာတွင် ၃ ရက်အတွင်း ဒဏ်ရာရသူ ၇ ဦးအထိ ရှိလာခဲ့သည်။

ရခိုင်ပြည်နယ်စစ်ပွဲများအတွင်း အရပ်သားများ ထိခိုက်၊ ဒဏ်ရာရမှုအတွက် စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့ပေးရန် မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်အမတ် ဦးထွန်းသာစိန်က စက်တင်ဘာ ၂၃ ရက်နေ့တွင် အဆိုတင်သွင်းခဲ့ပြီး ရခိုင်ပြည်နယ်လွှတ်တော်က အတည်ပြုခဲ့သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles