
ရခိုင်ပြည်နယ်မြောက်ပိုင်း ကျောက်တော်မြို့နယ် မီးဝရွာအနီး ယမန်နေ့ မနက်ပိုင်းက ဖြစ်ပွားသည့် တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ AA တို့အကြား တိုက်ပွဲအတွင်း အရပ်သား ၂ ဦး ဒဏ်ရာရခဲ့ပြီး တစ်ဦးမှာ စိုးရိမ်ရကြောင်း ဒဏ်ရာရသူနှစ်ဦး၏ မိသားစုဝင်က ယနေ့(စက်တင်ဘာ ၃၀ ရက်) ပြောသည်။
မီးဝကျေးရွာမှ သားအဖနှစ်ဦးဖြစ်သည့် အသက် ၆၂ နှစ်အရွယ် ဦးသာထွန်းအောင်နှင့် အသက် ၂၂ နှစ် အရွယ်ရှိ မောင်နိုင်လင်းစိုးတို့နှစ်ဦးမှာ ကမ်းနားအနီးရှိ ၎င်းတို့နေအိမ် ခြံဝင်းထဲတွင်ရှိနေစဉ် ကုလားတန်မြစ်ဘက်မှ ပစ်ခတ်လိုက်သည့် သေနတ်ကျည်ဆန်ထိမှန်ခံရခြင်း ဖြစ်သည်ဟု ဦးသာထွန်းအောင်၏ သမက် ကိုဝေထွန်းက ပြောသည်။
စက်တင်ဘာလ ၂၉ ရက်နေ့ မနက်ပိုင်းက ကျောက်တော်မြို့နယ် မီးဝရွာအနီး ကုလားတန်မြစ်အတွင်း ရေကြောင်းလုံခြုံရေး လုပ်နေသည့် တပ်မတော် စစ်ရေယာဉ် ၃ စီးကို AA အဖွဲ့က လာရောက် တိုက်ခိုက်ခဲ့သည့်အတွက် နာရီဝက်ခန့် တိုက်ပွဲဖြစ်ခဲ့ကြောင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောသည်။
ဒဏ်ရာရသွားသည့် အရပ်သား ၂ ဦးကို မည်သည့်ဘက်က ပစ်ခတ်သည်ကို အတိအကျ မပြောနိုင်သော်လည်း AA အဖွဲ့၏ တိုက်ခိုက်မှုကြောင့်သာ ယခုလိုဖြစ်စဉ်မျိုး ဖြစ်ရခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
“ အဓိကကတော့ AA ကလာပစ်လို့ပေါ့ဗျာ၊ သူတို့ကလာမပစ်ဘူး ကျွန်တော်တို့လည်း ပုံမှန်သွားနေရင် ဘာမှမှန်စရာမရှိဘူးပေါ့ဗျာ ” ဟု ဗိုလ်မှူးကြီးဝင်းဇော်ဦးက ဆိုသည်။
ယမန်နေ့က ဖြစ်ပွားသည့် တိုက်ပွဲဖြစ်စဉ်နှင့်ပတ်သက်ပြီး ရခိုင်လက်နက်ကိုင်အဖွဲ့ AA မှ ပြောခွင့်ရအရာရှိ ခိုင်သုခကို ဆက်သွယ်မေးမြန်းရာမှာတော့ တိုက်ပွဲဖြစ်စဉ်ကို အတိအကျ မသိရသေးကြောင်း ပြောသည်။
- မင်းပြားတွင် တပ်နှင့် AA တို့ ၅ ရက်အတွင်း တိုက်ပွဲ အကြိမ် ၂၀ ကျော်ဖြစ်ပွား
- ရခိုင်မြောက်ပိုင်း တိုက်ပွဲများတွင် အရပ်သားသေဆုံး၊ ဒဏ်ရာရမှုအတွက် စုံစမ်းရေးကော်မရှင်ဖွဲ့မည်
ဒဏ်ရာရသူနှစ်ဦးကို ယနေ့မနက်အစောပိုင်းတွင်မှ ကျောက်တော်ဆေးရုံသို့ တင်ပို့ခဲ့ပြီး ဦးသာထွန်းအောင်မှာ ကျောဘက်တွင် သေနတ်ဒဏ်ရာ ၃ ချက် ထိခဲ့ပြီး ဒဏ်ရာပြင်းထန်သည့်အတွက် စစ်တွေဆေးရုံကို ဆက်လက်ပို့ဆောင်ထားကြောင်း ကိုဝေထွန်းက ဆိုသည်။
“ ဒဏ်ရာက စိုးရိမ်ရတယ်၊ ဆရာဝန်ကတော့ အဆုတ်ကိုနည်းနည်း ထိသွားတယ် ပြောတာပဲ ” ဟု ၎င်းက ပြောသည်။
ရက်သတ္တပတ် တစ်ပတ်ကျော်ကြာအောင် တိုက်ပွဲဖြစ်ပွားနေသည့် မင်းပြားမြို့နယ် မန်းမြောင်းရွာ၏ အရှေ့ဘက် တောင်ကြောများပေါ်တွင် ယနေ့ နေ့လယ် ၁၂ နာရီခန့်က တိုက်ပွဲဖြစ်ပွားနေကြောင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်က အတည်ပြုသည်။
စက်တင်ဘာ ၁၇ ရက်နေ့က ရခိုင်ပြည်နယ်လွှတ်တော်တွင် ရခိုင်ပြည်နယ်တိုက်ပွဲများအတွင်း သေဆုံးသွားသူ အရပ်သား ၈၀ ကျော်အတွက် ဝမ်းနည်းကြောင်းအဆိုကို ဘူးသီးတောင်မြို့နယ် လွှတ်တော်အမတ် ဦးထွန်းအောင်သိန်းက တင်သွင်းခဲ့ပြီး ကန့်ကွက်သူမရှိဘဲ လွှတ်တော်က အတည်ပြုခဲ့သည်။