
ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မင်းပြားမြို့နယ်တွင် တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ AA တို့အကြား ၅ ရက်အတွင်း တိုက်ပွဲ အကြိမ် ၂၀ ကျော် ဖြစ်ပွားခဲ့ကြောင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက သောကြာနေ့တွင် ပြောသည်။
ပန်းမြောင်းရွာ၏ အရှေ့ဘက်နှင့် ကျော်ကရွာ၏ အရှေ့မြောက်ဘက် တောင်ကြောများပေါ်တွင် လှုပ်ရှားနေသည့် AA တပ်ဖွဲ့ဝင်များကို ပြီးခဲ့သည့်တစ်ပတ် ဝန်းကျင်မှစ၍ ရှင်းလင်း တိုက်ခိုက်နေခြင်းဖြစ်ပြီး လက်နက်ကြီးပစ်ကူ အမြောက်အမြား သုံးစွဲခဲ့ကြောင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်က အတည်ပြု ပြောဆိုသည်။
“ယာယီလှုပ်ရှားစခန်းတွေပေါ့ ဒီဘက်ကုန်းကို ရှင်းလိုက်ရင် သူတို့ (AA) က ဟိုဘက်ကုန်းကို ရွှေ့သွားလိုက်နဲ့ သွားနေကြတာ” ဟု ဗိုလ်မှူးကြီးဝင်းဇော်ဦးက ဆိုသည်။
စက်တင်ဘာ ၁၆ ရက်မှ ၁၉ ရက် အထိ တပ်မတော်နှင့် AA တို့အကြား အဆိုပါတောင်ကြောပေါ်တွင် ၄ ရက်ခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်မတော်မှ ရဟတ်ယာဉ်များ သုံးစွဲကာ တိုက်ခိုက်ခဲ့သည်အထိ တိုက်ပွဲများ ပြင်းထန်ခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။
ပထမအကြိမ် နယ်မြေရှင်းလင်းပြီးဖြစ်သော်လည်း AA တပ်ဖွဲ့ဝင်များ ပြန်လည်လှုပ်ရှားလာသည့်အတွက် ထပ်မံရှင်းလင်းရခြင်းဖြစ်ကြောင်းနှင့် နှစ်ဖက်ထိခိုက်ကျဆုံးစာရင်းကို မသိရသေးကြောင်း ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောသည်။
တိုက်ပွဲဖြစ်စဉ်နှင့်ပတ်သက်၍ ရက္ခိုင့်တပ်တော် ပြောခွင့်ရ ခိုင်သုခကို ဆက်သွယ်မေးမြန်းသော်လည်း ဆက်သွယ်၍ မရပေ။
စက်တင်ဘာ ၂၂ ရက်နေ့က ကျော်ကရွာ၏ အရှေ့မြောက်ဘက် ၅ ကီလိုမီတာအကွာတွင် တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း AA က စက်တင်ဘာ ၂၃ ရက် နေ့စွဲဖြင့် ထုတ်ပြန်ထားသည်။
တိုက်ပွဲဖြစ်ပွားရာ တောင်ကြော၏အနောက်ဘက် တစ်မိုင်ခန့်အကွာတွင် ပန်းမြောင်းရွာရှိပြီး ရွာအနီးရှိ တောင်ကုန်းပေါ်မှ လက်နက်ကြီးများဖြင့် နေ့စဉ်လိုလို ပစ်ခတ်နေကြောင်း ပန်းမြောင်းရွာသား ဦးကျော်ဇံက Myanmar Now ကို ပြောသည်။
ယနေ့မနက်ကလည်း ပန်းမြောင်းအရှေ့ဘက်နှင့် ကျော်ကရွာ၏ အရှေ့မြောက်ဘက်တွင်ရှိသည့် အဆိုပါတောင်ကြောပေါ်တွင် တိုက်ပွဲများ ဖြစ်ပွားနေသလို လက်နက်ကြီးပစ်ခတ်သံများလည်း ကြားနေရသည်ဟု ၎င်းက ဆက်လက်ပြောသည်။
“ ဒီနေ့ မနက် ၈ နာရီလောက်ကတည်းက လက်နက်ကြီးသံတွေ ကြားနေရတာ၊ အခုထိလည်း ကြားနေရတုန်းပဲ ” ဟု ဦးကျော်ဇံက ဆိုသည်။
မင်းပြားမြို့နယ်၏ မြောက်ဘက် ၁၀ မိုင်ခန့် အကွာတွင်ရှိသည့် ပန်းမြောင်းရွာသည် အိမ်ခြေ ၂၀၀၀ နီးပါးခန့်ရှိသည့် တိုက်နယ်ရွာ တစ်ရွာဖြစ်သည်။
ယခုလ ၁၆ ရက်နေ့က ပန်းမြောင်းရွာအနီး တိုက်ပွဲများ ဖြစ်ပွားခဲ့သောကြောင့် ပန်းမြောင်းရွာသား ၅၀၀ ခန့်မှာ အနီးအနားရှိ ရွှေဖောင်တင်စစ်ရှောင်စခန်းသို့ တိမ်းရှောင်နေရသည်။
ရခိုင်စစ်ရှောင်များအရေး ကူညီပေးနေသည့် စစ်တွေအခြေစိုက် ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံး REC ၏ စက်တင်ဘာ ၁၆ ရက် အချက်အလက်များအရ မင်းပြားမြို့တစ်မြို့တည်းတွင် စစ်ရှောင် ၉၀၀၀ ကျော် ရှိနေပြီး ရခိုင်တစ်ပြည်လုံးတွင် ၆၀,၀၀၀ ကျော် ရှိနေသည်။