သတင်း

ကိုအောင်ကြီး၏ ရှေ့နေကို ကျပ်သိန်း ၁၀၀ ဖြင့်အာမခံပေး

နေပြည်တော်မှ နာမည်ကျော် သက်ငယ်မုဒိမ်းမှုတွင် ပုဒ်မသုံးခုဖြင့် တန်ပြန်အမှုဖွင့်ခံထားရသည့် ရှေ့နေအမျိုးသမီးကို ပုဗ္ဗသီရိ မြို့နယ်တရားရုံးက ယနေ့ ပထမဆုံးရုံးချိန်းတွင် ကျပ်သိန်း ၁၀၀ ဖြင့် အာမခံပေးလိုက်သည်။

ဗစ်တိုးရီးယားဟု အမည်ဝှက် ပေးထားသည့် ထိုမိန်းကလေးငယ်၏ အမှုတွင် ကျူးလွန်သည်ဟု စွပ်စွဲခံထားရသည့် ယာဉ်မောင်း ကိုအောင်ကြီး၏ရှေ့နေ ဒေါ်စုဒါလီအောင်က မီဒီယာအချို့ကို ပြောခဲ့သည့် အချက်များနှင့်ပတ်သက်ပြီး ကိုအောင်ကြီး၏အလုပ်ရှင် ကျောင်းကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်က ပုဒ်မသုံးခုဖြင့် ပြန်တရားစွဲခဲ့ခြင်း ဖြစ်သည်။

ကလေးငယ် မုဒိမ်းပြုကျင့်ခံရသည်ဟု မေလအတွင်းက ပေါ်ပေါက်ပြီးနောက် ၎င်း၏ဖခင်က ဒေါ်ဥမ္မာလှိုင်၏ သားနှစ်ဦးဖြစ်သော ကိုကိုနှင့် ညီညီတို့အပါအဝင် လူအချို့၏ဓာတ်ပုံများကို ကလေးအားပြသ၍ မေးမြန်းထားသော ဗီဒီယိုဖိုင် ၂ ခုပါရှိသည့် လက်ကိုင်ဖုန်းကို ဒက္ခိဏခရိုင်တရားရုံး၏ လေးကြိမ်မြောက် တရားခွင်ဖြစ်သော သြဂုတ်လ ၁၄ ရက်နေ့ ရုံးချိန်းတွင် စစ်ဆေးခဲ့ခြင်းဖြစ်သည်။

ဗစ်တိုးရီးယား၏ ဖခင်ဖြစ်သူက သက်သေခံအဖြစ် တရားရုံးသို့ တင်သွင်းခဲ့သော ဗီဒီယိုဖိုင်နှစ်ခုနှင့် ပတ်သက် မီဒီယာအချို့ကို ဖြေဆိုမှုအပေါ် မကျေနပ်၍ အမှုဖွင့်ခံရခြင်းဖြစ်ကြောင်း ဒေါ်စုဒါလီအောင်က အတည်ပြုသော်လည်း မည်သည့်ပြောစကားကို အဓိကထား၍ အမှုဖွင့်ကြောင်း အသေးစိတ်ကိုမူ ပြောမသွားပါ။

ဒေါ်ဥမ္မာလှိုင်က သြဂုတ် ၃၁ ရက်နေ့ကတည်းက ဒေါ်စုဒါလီအောင်ကို ရဲစခန်းတွင် အမှုဖွင့်ထားခြင်းဖြစ်ပြီး၊ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေ ပုဒ်မ ၁၀၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေ ပုဒ်မ ၁၀၁က (၂) နှင့် ၁၀၃က (၅) တို့ဖြင့် အမှုဖွင့်ထားခြင်းဖြစ်ကြောင်း ပတ္တာရဲစခန်းမှူး ဒုရဲအုပ် ဇော်လင်းထက်က ပြောသည်။

ပုဒ်မသုံးခုဖြင့် စွဲတင်သော်လည်း ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေ ပုဒ်မ ၁၀၁က (၂) (စွပ်စွဲခံရသော သို့မဟုတ် မှုခင်းတွင် သက်သေအဖြစ်ပါဝင်သော ကလေးသူငယ်ကို မည်သူမည်ဝါ ဖြစ်ကြောင်း ထုတ်ဖော်မှု) တစ်ခုတည်းဖြင့် အမှုကို လက်ခံ စစ်ဆေးမည်ဖြစ်ကြောင်း တရားသူကြီးက ယနေ့တရားခွင်တွင် ပြောဆိုသည်။ ပုဒ်မ ၁၀၁-က(၂) သည် ထောင်ဒဏ် တစ်နှစ်အထိ အများဆုံးချမှတ်နိုင်သည်။

တရားသူကြီး ဒေါ်စန္ဒာညွန့်က အောက်တိုဘာလ ရက်သို့ ပြန်လည်ချိန်းဆိုခဲ့ပြီးတရားလို မပျက်မကွက် လာရောက်ရမည်ဟုလည်း ညွှန်ကြားခဲ့သည်။

ဒေါ်စုဒါလီအောင်က ၎င်းအနေဖြင့် တရားစွဲဆိုခံရသော်လည်း ဗစ်တိုးရီးယားအမှုကိစ္စများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရုံးချိန်းနှစ်ခု တိုက်ဆိုင်ခြင်း မရှိစေရန် ဆောင်ရွက်ထားကြောင်း ပြောဆိုသည်။

ယင်းတရားခွင်သို့ ရှေ့နေ ၄၀ ခန့် လာရောက်နားထောင်ခဲ့ကြသည်။

ယနေ့တရားခွင်သို့ လာရောက်နားထောင်သည့် လုပ်သက် ၂၂ နှစ်ရှိ တရားလွှတ်တော်ရှေ့နေ ဦးအေးမြင့်က တရားခွင်အတွင်း စစ်ဆေးမှုများနှင့် ပတ်သက်၍ ရှေ့နေအပေါ်တရားစွဲဆိုမှု မကြုံဖူးကြောင်း ရှားရှားပါးပါးကိစ္စ တစ်ခုဖြစ်ကြောင်း ပြောသည်။

Show More

Related Articles

Back to top button