ဗစ်တိုးရီးယားအမှုတွင် တရားခံအဖြစ် ရဲက ဖမ်းဆီးထားသည့် အောင်ကြီးကို အာမခံပေးရန် သူ၏ရှေ့နေအဖွဲ့က နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးသို့ ယနေ့ လျှောက်ထားလိုက်သည်။
ကိုအောင်ကျော်မျိုး(ခ)အောင်ကြီးသည် နေပြည်တော်ရှိ Wisdom Hill မူကြိုကျောင်းတွင် တက်ရောက်နေသည့် ဗစ်တိုးရီးယားဟု အများက အမည်ဝှက်ဖြင့် ခေါ်ဆိုကြသည့် သုံးနှစ်အရွယ် မိန်းကလေးငယ် မေ ၁၆ ရက်က မဖွယ်မရာ ပြုကျင့်ခံရမှုတွင် တရားခံဟု စွပ်စွဲခံထားရသည်။
အောင်ကြီးအတွက် အာမခံလျှောက်ထားမှုကို ရုံးတော်ကလည်း လက်ခံထားလိုက်ပြီး အစိုးရဥပဒေအရာရှိ၊ တရားလို၊ တရားခံ နှစ်ဖက်ရှေ့နေများ၏ လျှောက်လဲချက်များကို လာမည့် အောက်တိုဘာ ၉ရက် ရုံးချိန်းတွင် ကြားနာရန် ဆုံးဖြတ်ထားသည်။
“ကာယကံရှင်ထွက်ဆိုချက်တွေကိုယ်တိုင်က အောင်ကြီးကို ဖယ်ထုတ်နေတဲ့အခြေအနေ ဖြစ်နေတယ်လေ” ဟု ခုနှစ်ကြိမ်မြောက်ရုံးချိန်း၌ အာမခံလျှောက်ထားခဲ့သည့် အောင်ကြီး၏ ရှေ့နေအဖွဲ့ခေါင်းဆောင် ဦးခင်မောင်ဇော်က Myanmar Now ကို ပြောသည်။
စစ်ဆေးနေဆဲ အမှုတစ်ခုတွင် စွပ်စွဲခံထားရသူသည် ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားခြင်းမရှိသော်လည်း အမှုကို ဆက်လက်စစ်ဆေးသင့်ကြောင်း တရားရုံးက ထင်မြင်ယူဆလျှင် တရားစွဲဆိုခံထားရသူကို ခံဝန်ဖြင့် အာမခံပေးနိုင်သည့် ရာဇဝတ်ကျင့်ထုံးပုဒ်မ ၄၉၇ အပုဒ် ၂ အရ လျှောက်ထားခဲ့ခြင်းဖြစ်သည်။
“ဒီအမှုမှာ ဟိုလူဒီလူဆိုပြီး ညွှန်ပြတဲ့ အချက်တွေက ရှိနေတဲ့အခါ၊ လက်ရှိစွဲဆိုခံထားရသူအပေါ် သက်သေထင်ရှားတဲ့ ထွက်ဆိုချက်တွေ မရှိပေမဲ့ အမှုကို ဆက်လက်စစ်ဆေးဖို့တော့ လိုတယ်လို့ တရားရုံးက သတ်မှတ်နိုင်တဲ့အခြေအနေပေါ် မူတည်ပြီး လျှောက်ထားတာပါ” ဟု ဦးခင်မောင်ဇော်က ဆက်ပြောသည်။
ဗစ်တိုးရီးယားဘက်မှ တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်ကလည်း အောင်ကြီး၏ အာမခံလျှောက်ထားမှုအပေါ် သီးခြားမှတ်ချက်ပြုရန် မရှိကြောင်း ပြောသည်။
“ဥပဒေနဲ့အညီ ဆောင်ရွက်ဖို့ပဲ ကျွန်မတို့က တင်ပြရမှာပဲ” ဟု ၎င်းက ဆိုသည်။
- ဗစ်တိုးရီးယားကိုယ်တိုင်ထွက်ဆိုသည့်တရားခွင်
- ဗစ်တိုးရီးယားအမှုတွင် ကျူးလွန်ခံရသူ ကလေးငယ်ကို ရုပ်သံနည်းပညာအကူအညီဖြင့် စစ်ဆေးမည်
သေဒဏ်၊ ကျွန်းဒဏ် ထိုက်သင့်နိုင်သည့် ယခုကဲ့သို့ပြစ်မှုဆိုလျှင် ပုံမှန်အရ အာမခံရလေ့မရှိသော်လည်း ပေါ်ထွက်ခဲ့ပြီးဖြစ်သည့် အဓိကသက်သေထွက်ချက်များအရ အောင်ကြီးနှင့် ပတ်သက်၍ ထူးခြားမှုမရှိခဲ့သည်ဖြစ်၍ ယခုအမှု၌မူ ခြွင်းချက်ရှိနိုင်သည်ဟု ယူဆကြောင်း ဒေါ်ရွက်နုအောင်က ဆက်ပြောသည်။
“ရုံးတော်ကတော့ ဘယ်လိုသုံးသပ်ပြီး ဆုံးဖြတ်မလဲတော့ မသိဘူး။ ရုံးတော်ရဲ့ အဆုံးအဖြတ်ကိုပဲ ကျွန်မတို့က လက်ခံရမှာပေါ့၊ စောင့်ကြည့်ရမှာပေါ့” ဟု ၎င်းက ဆိုသည်။
အောင်ကြီးသည် အဆိုပါမူကြိုကျောင်း ကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်၏ မိသားစုထံတွင် ကိုယ်ပိုင်ယာဉ်မောင်းအဖြစ် အမှုဖြစ်ပွားသည့်နေ့တွင်မှ တာဝန်စတင်ထမ်းဆောင်သူဖြစ်ပြီး မေလ ၃ဝရက်မှစ၍ ပထမအကြိမ် ဖမ်းဆီးစစ်ဆေးခံရသော်လည်း ဇွန်လ ၂၄ ရက်တွင် ရဲတပ်ဖွဲ့က ပြန်လွှတ်ပေးခဲ့ဖူးသူ ဖြစ်သည်။
သို့သော် ဇူလိုင် ၄ရက်တွင် ရဲတပ်ဖွဲ့က ပြန်လည်ဖမ်းဆီးခဲ့ပြီး ဆေးစာပြန်ကြားချက်၊ ၎င်း၏ အတွင်းခံဘောင်းဘီ၌ တွေ့ရှိရသည့် သုက်ပိုး၊ မူကြိုကျောင်းသို့ ရောက်ရှိခဲ့ကြောင်း သက်သေပြနိုင်သည့် CCTV မှတ်တမ်း၊ ကလေးငယ်ကိုယ်တိုင်ပြောဆိုချက် စသည့် အချက်လေးချက် ခိုင်မာမှုဖြင့် အောင်ကျော်မျိုး(ခ)အောင်ကြီးကို ဖမ်းဆီးလိုက်ပြီဖြစ်ကြောင်း သမ္မတအိမ်တော်သတင်းစာရှင်းလင်းပွဲ၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဒုတိယရဲချုပ် ရဲဗိုလ်ချုပ်အောင်နိုင်သူက ထုတ်ဖော်ပြောဆိုသည်။
အောင်ကြီး၏ မိခင် ဒေါ်ရီက သူ၏သား ကျူးလွန်ခဲ့ခြင်း မရှိဟု အခိုင်အမာယုံကြည်ထားဆဲဖြစ်ပြီး အမှုမှန်ပေါ်ပေါက်ရေး ဝန်းရံကြသည့် ပြည်သူနှင့် သတင်းမီဒီယာများကို ကျေးဇူးတင်ကြောင်း ယနေ့ရုံးချိန်းအပြီးတွင် ထုတ်ဖော်ပြောဆိုသည်။
“ပြည်သူလူထုတွေ၊ မီဒီယာတွေသာ မရှိရင် ကျွန်မသားလေးက ဘယ်လိုမှကို စဉ်းစားလို့မရပါဘူး။ သူတို့ လုပ်တဲ့ပုံစံက” ဟု ၎င်းက ဆိုသည်။