သတင်း

အလုပ်ရှင်က အလုပ်သမားအဖွဲ့ အပြိုင်ဖွဲ့သည်ဆိုကာ ILO ရုံးရှေ့တွင် ဆန္ဒပြ

အလုပ်သမားများအပေါ် လွှမ်းမိုးရန်ရည်ရွယ်ချက်ဖြင့် အလုပ်ရှင်သည် စင်ပြိုင်အလုပ်သမားအဖွဲ့အစည်း မဖွဲ့ရ ဆိုသည့် ဥပဒေပါပြဋ္ဌာန်းချက်ကို ချိုးဖောက်သည်ဟုဆိုကာ အလုပ်သမားအဖွဲ့တစ်ဖွဲ့က အပြည်ပြည်ဆိုင်ရာ အလုပ်သမား ရေးရာအဖွဲ့ (ILO) ရန်ကုန်ရုံးရှေ့တွင် ကြာသပတေးနေ့က ဆန္ဒပြခဲ့ကြသည်။

လှိုင်သာယာ ရွှေလင်ဗန်းစက်မှုဇုန်ရှိ Myan Mode အထည်ချုပ်စက်ရုံတွင် အလုပ်သမား သမဂ္ဂအဖွဲ့နှစ်ဖွဲ့ ကွဲနေပြီး ထိုဒုတိယအဖွဲ့ကို အလုပ်ရှင်က ၎င်း၏အကျိုးအတွက် ဖွဲ့စည်းခြင်းဖြစ်သည်ဟုဆိုကာ ထိုအဖွဲ့အစည်းကို အသိအမှတ်မပြုရန် ILO ရုံးရှေ့တွင် ကျန်သည့်တစ်ဖွဲ့က ဆန္ဒပြတောင်းဆိုကြခြင်းဖြစ်သည်။

၂၀၁၁ ခုနှစ် အလုပ်သမားအဖွဲ့အစည်းဥပဒေ အခန်း (၇) ပုဒ်မ ၃၁ အရ အလုပ်ရှင်သည် “ငွေကြေး သို့မဟုတ် အခြား နည်းလမ်းဖြင့် လွှမ်းမိုးထိန်းချုပ်ရန်” အလို့ငှာ အလုပ်သမားအဖွဲ့အစည်းများ မတည်ထောင်ရဟု ပြဋ္ဌာန်းထားသည်။

ဆန္ဒပြသည့် အဖွဲ့မှာ ပြီးခဲ့သည့်နှစ်က စတင်ဖွဲ့စည်းခဲ့သည့် Myan Mode အထည်ချုပ်စက်ရုံ၏ အခြေခံ အလုပ်သမားအဖွဲ့အစည်းဖြစ်ပြီး၊ ဇွန်လအတွင်း စက်ရုံအလုပ်သမတစ်ဦးကို လိင်ပိုင်း စော်ကားသည်ဟုဆိုကာ အင်ဒိုနီးရှား နိုင်ငံသား စက်ရုံမှူးကို အရေးယူရန် တောင်းဆိုရာမှ သပိတ်စတင်ခဲ့ခြင်း ဖြစ်သည်။

ထိုသပိတ်ကာလအတွင်း နောက်ထပ် အလုပ်သမားသမဂ္ဂတစ်ခု ထပ်မံပေါ်ပေါက်လာခဲ့ပြီး အဆိုပါ ဒုတိယ အဖွဲ့အစည်းကို အလုပ်ရှင်ကလည်း အသိအမှတ်ပြုသလို ILO နှင့် တွေ့ဆုံရာတွင်လည်း ဒုတိယ အဖွဲ့မှ ကိုယ်စားလှယ်များသာ ကိုယ်စားပြုခွင့်ရလာခဲ့သည့်အပေါ် ပထမအဖွဲ့ဘက်က ကန့်ကွက်ဆန္ဒပြခြင်းဖြစ်သည်။

သို့သော် နောက်မှပေါ်သည့် အဖွဲ့အစည်းမှာ အလုပ်ရှင်က ဖွဲ့စည်းထားသည့် စင်ပြိုင်သမဂ္ဂ (Yellow Union) ဖြစ်သည်ဟု ပထမအဖွဲ့က စွပ်စွဲပြီး ထိုသမဂ္ဂကို အသိအမှတ်မပြုရန် ILO ကိုဆန္ဒပြတောင်းဆိုခဲ့ခြင်းဖြစ်သည်။ စက်ရုံဘက်ကမူ ထိုစွပ်စွဲချက်ကို ပယ်ချထားသည်။

“ပထမတုန်းက တစ်ဖွဲ့ဆိုတော့တစ်ဖွဲ့ပဲ တောင်းဆိုတာလေ။ ခုကနှစ်ဖွဲ့ဆိုတော့ နှစ်ဖွဲ့တောင်းဆိုတာပေါ့။ နှစ်ဖွဲ့တောင်းဆိုတော့ ဟိုဘက်လဲ လိုက်လျောရ၊ ဒီဘက်လဲလိုက်လျောရနဲ့ ကောင်းကျိုးကတော့ ဖြစ်လာ တာမဟုတ်ဘူး။ ကျွန်တော်တို့က ဘယ်လိုလုပ်ပြီး နှစ်ဖွဲ့ကို လိုလားမလဲ” ဟု စက်ရုံမန်နေဂျာ ဦးတင့်ကိုက Myanmar Now ကို ကြာသပတေးနေ့က ပြောသည်။

ထိုဆန္ဒပြပွဲ အပြီးတွင် ဆန္ဒပြ အလုပ်သမား ခေါင်းဆောင် ခုနစ်ဦးကို ILO တာဝန်ရှိသူများက ရုံးတွင်းသို့ ခေါ်ယူဆွေးနွေးခဲ့ကြသည်။။

အသစ်ဖွဲ့စည်းထားသည့် အလုပ်သမား အဖွဲ့အစည်းမှာ အလုပ်ရှင်က ဖွဲ့စည်းထားသည့်အဖွဲ့ဖြစ်သည် ဆိုသောအချက်ကို ILO အဖွဲ့က မသိရှိ ကြောင်း၊ ထိုအချက်မှန်ကန်ပါကလည်း ၎င်းတို့အနေဖြင့် လက်ခံမည်မဟုတ်ကြောင်း ပြန်လည်ရှင်းလင်းခဲ့သည်ဟု တွေ့ဆုံဆွေးနွေးခွင့်ရသူ ခုနစ်ဦးထဲတွင် တစ်ဦးအပါအဝင်ဖြစ်သည့် မသီရိတုံက Myanmar Now ကိုပြောသည်။

ဒုတိယဖွဲ့သည့် အခြေခံအလုပ်သမား အဖွဲ့အစည်းကို အလုပ်ရှင်နှင့်ILO နှစ်ဖွဲ့လုံးက လက်ခံနေသည့် သဘောမျိုးတွေ့ရသည်ဟု မသီရိတုံက ပြောသည်။

“ILO အနေနဲ့ လုပ်ငန်းရှင်ဘက်က ပါဝင်ပတ်သက်နေတဲ့ အဖွဲ့အစည်းကို သူတို့ကလည်း အသိအမှတ်ပြုတဲ့ အနေအထားမှာဖြစ်နေတယ်။ ILO အနေနဲ့ ဒါကို ပြန်လည် သုံးသပ်စေချင်ပါတယ်” ဟု မသီရိတုံက ပြောသည်။

ဒုတိယဖွဲ့သည့် အလုပ်သမား အဖွဲ့အစည်းက လုပ်ငန်းရှင် ဦးဆောင်မှုဖြင့် ဖွဲ့စည်းနေသည် ဆိုသည့် သက်သေ အထောက်အထားများ ရရှိထားကြောင်း လိုအပ်ပါက သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်း မသီရိတုံက Myanmar Now ကိုပြောသည်။

ဒုတိယဖွဲ့သည့် အလုပ်သမား အဖွဲ့အစည်းမှာ အသင်းအဖွဲ့ ဖွဲ့စည်းရန် အလုပ်သမားဝန်ကြီးဌာနထံ မှတ်ပုံတင် လျှောက်ထားဆဲဖြစ်ပြီး ပထမ အလုပ်သမား အဖွဲ့အစည်းက ထိုဒုတိယအဖွဲ့ကို ကန့်ကွက်ကြောင်းစာကို ထိုဝန်ကြီးဌာနသို့ ပေးပို့ထားသည်။

Show More

Related Articles

Back to top button