
ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ် ရွှေလင်ပန်းစက်မှုဇုန်ရှိ Fitex (Myanmar) Garment Manufacturing ကုမ္ပဏီပိုင် အထည်ချုပ်စက်ရုံတွင် စက်ချုပ်လုပ်သား ၄၀၀ ကျော်ကို အလုပ်ဖြုတ်လိုက်သည်ဟု သိရသည်။
လုပ်သက်ခြောက်လအောက် ဝန်ထမ်းများကို သင်္ကြန်ပိတ်ရက်စတင်မည့် ဧပြီ ၁၂ ရက် နောက်ပိုင်း အလုပ်ဆင်းရန် မလိုတော့ဟု Fitex (Myanmar) စက်ရုံ လုပ်သားကြီးကြပ်ရေးမှူးများထံမှတစ်ဆင့် ယခု လ ၁၃ ရက်တွင် တရားဝင်အကြောင်းကြားခြင်း မပြုဘဲ နှုတ်ဖြင့် အသိပေးကာ အလုပ်ဖြုတ်လိုက်ကြောင်း စုံစမ်းသိရှိရသည်။
“ခြောက်လအောက် ဝန်ထမ်းတွေ ဖြုတ်တယ်ဆိုပေမဲ့ ကျွန်မတို့ထက် ဝင်တာ နောက်ကျတဲ့ ရာထူးကြီးပိုင်းတွေ မဖြုတ်ပါဘူး” ဟု အလုပ်ဖြုတ်ခံရမည့် စာရင်းတွင် ပါသည့် အသက် ၂၉ နှစ်အရွယ် မသူဇာ* ဆိုသော စက်ချုပ်အလုပ်သမားက ပြောသည်။
တရုတ်နိုင်ငံသားပိုင် ထိုစက်ရုံသည် အမျိုးသမီးအဝတ်အထည်များထုတ်လုပ်သည့် နိုင်ငံတကာအမှတ်တံဆိပ် AMISU အတွက် ချုပ်လုပ်ပေးနေပြီး အလုပ်သမား ၇၀၀ ခန့်ရှိသည့်ထဲမှ ထက်ဝက်ခန့်ကို အလုပ်မှ ရပ်နားရန် စီစဉ်ခြင်းဖြစ်သည်။
“အစောကြီးကတည်းက ပိတ်မယ် အစီအစဉ်ရှိလဲ ကျွန်မတို့အလုပ်သမားတွေကို ကြိုပြောရမယ်လေ။ ဒါမှ စားဝတ်နေရေးအတွက် အခြားစက်ရုံတွေမှာ လျှောက်ရမယ်။ အခုက အနားနီးမှ ပိတ်ပြီ။ အော်ဒါ မရှိဘူးဆိုပြီး (အလုပ်သမားခေါင်းတွေက) တစ်ဆင့် ပြောခိုင်းတယ်” ဟု မသူဇာက ဆက်ပြောသည်။
Fitex (Myanmar) စက်ရုံသည် ပြီးခဲ့သည့် ၂၀၂၂ သင်္ကြန်ကာလမတိုင်မီကလည်း ယခုကဲ့သို့ပင် အလုပ်သမားများကို အလုပ်ဖြုတ်ဖူးကြောင်း မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FGWM) ထံမှ သိရသည်။
သို့သော် ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် အံဝင်အောင် Fitex (Myanmar) က လုပ်ဆောင်ခြင်းဖြစ်၍ အလုပ်သမားထု၏ နစ်နာမှုအတွက် လျော်ကြေးတောင်းရခက်သည်ဟု FGWM ဥက္ကဋ္ဌ မမိုးစန္ဒာမြင့်က ပြောသည်။
“ရည်ရွယ်ချက်ရှိရှိ လုပ်တာ။ (လုပ်သက်) ခြောက်လအောက်တွေပဲ ရွေးထုတ်တာဆိုတော့ အလုပ်ထုတ်နစ်နာကြေး ခံစားခွင့်မရှိဘူး။ အလုပ်သမားတွေက နာတာပေါ့။ အလုပ်လက်မဲ့ဖြစ်တာလည်း နာတယ်။ နို့တစ်ကြေး (ကြိုမပြောဘဲ ထုတ်ပယ်လျှင် အလုပ်ရှင်က ပေးရသည့် ဒဏ်ကြေး) လည်း မရဘူး။ အလုပ်ထုတ်နစ်နာကြေးလည်း မရဘူး” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလကုန်ကပင် ရွှေပြည်သာမြို့နယ် ဝါးတစ်ရာစက်မှုဇုန်မှ အထည်ချုပ်စက်ရုံ ၂ ရုံသည် အမှာ (အော်ဒါ) မရဟုဆိုကာ စက်ရုံပိတ်ကြောင်း ကြေညာခဲ့၍ အလုပ်သမား ၂၄၀၀ ကျော် အလုပ်လက်မဲ့ဖြစ်ခဲ့ရဖူးသည်။ ထိုစက်ရုံနှစ်ရုံသည်လည်း ပိတ်သိမ်းတော့မည့်အကြောင်း အလုပ်သမားများထံ နှစ်ပတ်ခန့်သာ ကြိုအကြောင်းကြားသည်။
“အရင်စက်ရုံတုန်းကလဲ ဒီပုံစံပဲ ပိတ်သွားတယ်” ဟု အထည်ချုပ်စက်ရုံအလုပ်သမား မသူဇာက ဆိုသည်။ ၎င်းမှာ စက်ရုံမှ အလုပ်ဖြုတ်ခံရပြီးနောက် ဇန်နဝါရီလဆန်းက Fitex (Myanmar) တွင် အလုပ်ဝင်နေသူဖြစ်သည်။
မသူဇာသည် ၂၀၁၃ ခုနှစ်ကတည်းက ရန်ကုန်မြို့သို့ အလုပ်လာလုပ်သူဖြစ်သည်။ စစ်တပ်က အာဏာသိမ်းပြီး နှစ်နှစ်အတွင်း နိုင်ငံတကာကုမ္ပဏီများသည် မြန်မာနိုင်ငံရှိ အထည်ချုပ်ရုံများမှ မှာရန် တွန့်ဆုတ်နေကြသည်။ အထည်ချုပ်စက်ရုံများကလည်း စက်ရုံပိတ်သိမ်းခြင်း၊ ဝန်ထမ်းလျှော့ချသည့်နည်းများ သုံးလာကြသည်။
“သင်္ကြန်နား နီးတော့ ဘယ်စက်ရုံမှလည်း လျှောက်မရဘူး။ အခြားစက်ရုံတွေကလည်း သင်္ကြန်ပိတ်ရက်ခတွေ ပေးရမှာစိုးလို့ ဒီစက်ရုံလိုပဲ မခေါ်ကြဘူး” ဟု မသူဇာက ပြောသည်။
အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် တစ်နှစ်အတွင်းပင် အလုပ်သမား ၁ ဒသမ ၆ သန်းကျော် အလုပ်လက်မဲ့ဖြစ်ခဲ့သည်ဟု အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) က ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် ထုတ်ပြန်ထားသည်။ ထိုအထဲတွင် အထည်ချုပ်အလုပ်သမား ၂ သိန်း ၂ သောင်းကျော် ပါဝင်နေသည်။
အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံရှိ စက်ရုံအလုပ်ရုံများတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိနေသည်ဟု Ethical Trading Initiative (ETI) က အစီရင်ခံစာထွက်ထားသည်။ ပြီးခဲ့သည့် နှစ်နှစ်အတွင်း ပြည်တွင်းရှိ စက်ရုံများက အမြဲခန့်အလုပ်သမားများထက် နေ့စားကိုသာ ပိုမိုခေါ်ယူကာ အလုပ်ပါးချိန်တွင် အလုပ်မှ ချက်ချင်းထုတ်ပစ်သည့် နည်းလမ်းကို သုံးနေကြသည်။
“အလုပ်ရှင်တွေက ပိတ်ရက်မတိုင်ခင် အော်ဒါ (အမှာစာ) တွေ ယူတယ်။ အပြီးဖြတ်ပေးရတယ်။ ရှိတဲ့ဝန်ထမ်းတွေနဲ့ မလောက်ရင် နေ့စားတွေ ခေါ်ခိုင်းပြီး အော်ဒါတွေဖြတ် (ပြီးစီးအောင်လုပ်) တယ်ဟု FGWM ဥက္ကဋ္ဌ မမိုးစန္ဒာမြင့်က ပြောသည်။
“အယောက် ၄၀၀ ကို ဖြုတ်လိုက်တဲ့အတွက် သင်္ကြန်ပိတ်ရက်အတွက် ပေးစရာမလိုတော့ဘူး။ ပြန်ဖွင့်လို့ လူလိုရင် နေ့စားတွေကို ထပ်ခေါ်တာမျိုး လ(ခ) စားသမားတွေ ခေါ်တာမျိုး လုပ်တယ်။ မလိုအပ်တော့ဘူးဆို လက်လွတ်စပယ်လုပ်တာမျိုးတွေက အာဏာသိမ်းကာလမှာ အလုပ်ရှင်တွေ လုပ်နေတဲ့ပုံစံမျိုးဖြစ်တယ်”။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)