သတင်း

အလုပ်ထုတ်ခံရသူတို့ကို Adidas စက်ရုံ ပြန်ခေါ်သော်လည်း အလုပ်မဝင်နိုင်သေး 

ကမ္ဘာကျော် Adidas အမှတ်တံဆိပ် ဖိနပ်များချုပ်လုပ်ပေးနေသည့် ရန်ကုန်၊ ရွှေပြည်သာမြို့နယ်ရှိ စက်ရုံတစ်ရုံက အလုပ်ဖြုတ်လိုက်သည့် အလုပ်သမားများ အလုပ်ပြန်ဝင်ရန် ကမ်းလှမ်းထားကြောင်း၊ လုပ်ငန်းစာချုပ်ပါအချက်များမှာ တစ်ဖက်သတ်ဖြစ်နေသောကြောင့် သဘောတူလက်မှတ်မထိုးရသေးကြောင်း အလုပ်သမားများထံမှ သိရသည်။

၂၀၂၂ အောက်တိုဘာ ၂၅ တွင် သာဓုကန်စက်မှုဇုန်၊ မြန်မာပေါင်ချိန်စက်ရုံမှ အလုပ်သမားထောင်ချီသည် အခြေခံလုပ်ခလစာ ၄၈၀၀ ကို တိုးပေးရန်အပါအဝင် စက်ရုံက ချမှတ်ထားသည့် စည်းကမ်းချက်များကို ပြင်ဆင်ပေးရန် ၃ ရက်ကြာ တောင်းဆိုဆန္ဒပြခဲ့ကြသည်။

သို့သော် တောင်းဆိုချက်များ အောင်မြင်မှုမရဘဲ အလုပ်သမား ၂၆ ဦး အလုပ်ထုတ်ခံခဲ့ကြရသည်။

အလုပ်ဖြုတ်ပြီး ၂ လအကြာတွင် စက်ရုံဘက်က နစ်နာကြေးပေးကာ အလုပ်ပြန်ခန့်ရန် ကမ်းလှမ်းခဲ့သည်။ သို​သော် ဇန်နဝါရီ ၂ တွင် အလုပ်ခန့်စာချုပ်သစ် ပြန်ချုပ်ဆိုရာ အလုပ်သမားတို့ တောင်းဆိုခဲ့သည့် အချက်များကို ကျေအေးပေးရမည်၊  ဆက်လက် မတောင်းဆိုရန် သဘောတူရမည်ဆိုသည့် အချက်များ ပါဝင်နေသည်ဟု ထိုစက်ရုံအလုပ်သမားသမဂ္ဂ ဥက္ကဋ္ဌက ပြောသည်။

“ညီမတို့က ကျေအေးပါတယ်၊ မညှိနှိုင်းတော့ပါဘူးဆိုတာမျိုး စာချုပ်ထည့်ချုပ်ရမယ်၊ အဲဒါကို ညီမတို့က လက်မခံဘူး” ဟု အလုပ်ဖြုတ်ခံရသူများထဲတွင် ပါဝင်သည့် သမဂ္ဂဥက္ကဋ္ဌ မဖြိုးသီတာဝင်းက ဆိုသည်။

ကုန်ဈေးနှုန်းကြီးမြင့်လာချိန်တွင် အလုပ်သမားတို့က တစ်နေ့ အခြေခံလုပ်ခကို ၄၈၀၀ မှ ၈၀၀၀ ကျပ်သို့ တိုးပေးရန် တောင်းဆိုခဲ့ကြသည်။ 

ထို့အပြင် အချိန်ပိုကြေးမပေးခြင်း၊ ပိတ်ရက်တွင် အခကြေးငွေမပေးဘဲ အလုပ်ဆင်းရခြင်း၊ မဆင်းလျှင် အလုပ်ပျက်ရက်သတ်မှတ်ခြင်း၊ ကုန်ထုတ်လုပ်ပေးရသည့် အရေအတွက်ကို မြှင့်တင်ခြင်း စသည့် အချက်များကို ပြင်ဆင်ပေးရန် အလုပ်သမားတို့က တောင်းဆိုထားသည်။

ထိုအချက်များကို စက်ရုံဘက်မှ မလိုက်လျောဘဲ အလုပ်ဖြုတ်ခံ ကာလအတွင်း နစ်နာကြေးသာ ပေးမည်ဆိုခြင်းကြောင့် အလုပ်သမား ၁၇ ဦးက လက်မခံကြပေ။ ကျန် ၉ ဦးမှာ နစ်နာကြေးယူကာ အလုပ်ထွက်သွားကြသည်။

“သူတို့က လက်မခံဘူး၊ ညီမတို့ ဘာပြောပြော လက်မခံဘူးဆိုတဲ့ ပုံစံဖြစ်နေတယ်၊ သူတို့လုပ်တာပဲ သဘောတူ လက်ခံရမယ်ဆိုတဲ့ ပုံစံဖြစ်နေလို့ လက်မှတ်မထိုးခဲ့ဘဲ ပြန်ထွက်လာတာပါ” ဟု မဖြိုးသီတာဝင်းက ပြောသည်။

“WCC (လုပ်ငန်းခွင်ညှိနှိုင်းရေးကော်မတီ) မှာ အလုပ်သမားသမဂ္ဂကို ဝင်ရွေးချယ်ခွင့်ပေးဖို့ကိုလည်း စက်ရုံဘက်က သဘောမတူဘူး”  

အလုပ်သမားတို့၏ ပြောဆိုချက်၊ ညှိနှိုင်းမှု အခြေအနေတို့နှင့် ပတ်သက်ပြီး မေးမြန်းရန် ကြိုးစားသော်လည်း စက်ရုံတာဝန်ရှိသူများနှင့် ဆက်သွယ်နိုင်ခြင်း မရှိသေးပေ။

စက်ရုံအလုပ်ရုံများတွင် စစ်တပ်အာဏာမသိမ်းခင်က စက်ရုံအလိုက် အလုပ်သမားသမဂ္ဂများ၊ အလုပ်အရေးဆောင်ရွက်သော အလုပ်သမားအဖွဲ့အစည်းများ၏အဖွဲ့ဝင်များက အလုပ်သမားအခွင့်အရေးများ တောင်းဆိုနိုင်ခဲ့ကြသည်။

အာဏာသိမ်းပြီးနောက်တွင် အလုပ်သမားသမဂ္ဂများနှင့် အဖွဲ့အစည်းများကို တရားမဝင်ကြောင်း စစ်ကောင်စီက ကြေညာပြီးနောက် စက်ရုံများတွင် အလုပ်ရှင်ဘက်မှ ကိုယ်စားလှယ်နှင့် အလုပ်သမားဘက်မှ ကိုယ်စားလှယ် အချိုးကျပါဝင်သော လုပ်ငန်းခွင်ညှိနှိုင်းရေးကော်မတီ (WCC) ကို ဖွဲ့စည်းလာကြသည်။ 

သို့သော် အလုပ်သမားဘက်မှ ကိုယ်စားလှယ်များသည် အလုပ်ရှင်နှင့် ဆက်ဆံရေးကောင်းသူများသာ ဖြစ်သည်ဟု အလုပ်သမားအရေးဆောင်ရွက်သူများက ပြောသည်။ မြန်မာပေါင်ချိန်စက်ရုံမှ သမဂ္ဂအဖွဲ့ဝင်အလုပ်သမားများကို ထိုကော်မတီထဲသို့ ဝင်ရွေးခွင့်မပြုခြင်းဖြစ်သည်။ ယခုဆွေးနွေးမှု မပြေလည်သည့်အတွက် Adidas ကုမ္ပဏီဘက် အသိပေးတောင်းဆိုသွားမည်ဟု ထုတ်ပယ်ခံ အလုပ်သမားများက ပြောသည်။

စစ်ကောင်စီ အာဏာသိမ်းပြီးနောက် အထွေထွေကုန်စျေးနှုန်းများ မြင့်တက်လာရာ အခြေခံစားသောက်ကုန်များဖြစ်သည့် ရွှေဘိုပေါ်ဆန်တစ်အိတ်ကို ကျပ် ၅၀,၀၀၀ မှ ၁၀၀,၀၀၀ ဆန်ကြမ်းတစ်အိတ်လျှင် ၂၇,၅၀၀ ကျော်မှ ၄၅,၀၀၀ ကျပ်ဝန်းကျင်သို့ ရောက်ရှိနေသည်။

အဆိုပါ အခြေအနေတွင် အလုပ်သမားတို့က လုပ်ခလစာများ တိုးမြှင့်ပေးရန် တောင်းဆိုလာကြခြင်းဖြစ်သည်။ အနည်းဆုံးအခကြေးငွေနှုန်းထားကို ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၅ ခုနှစ်က တစ်ရက် ၈ နာရီအတွက် ကျပ် ၃၆၀၀၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရက ၂၀၁၈ တွင် ကျပ် ၄၈၀၀ သို့ တိုးမြှင့်ပေးထားသည်။

သို့သော် စစ်ခေါင်းဆောင်သည် အာဏာတည်မြဲရေးအတွက် အမျိုးမျိုးသော ဥပဒေများကို ဖျက်သိမ်းပြင်ဆင်နေသော်လည်း အနည်းဆုံးလုပ်ခလစာ ပြင်ဆင်မပေးသည်ကို တွေ့ရသည်။ အနည်းဆုံးအခကြေးငွေ ဥပဒေအရ ထိုနှုန်းများမှာ ၂ နှစ်လျှင် တစ်ကြိမ် အနည်းဆုံး ပြန်လည်ချိန်ညှိ သတ်မှတ်ရမည်ဖြစ်သော်လည်း ထိုနှုန်းထားမှာ ၅ နှစ်ဝန်းကျင်ရှိလာချိန် ယနေ့တိုင်အထိ အတည်ဖြစ်နေသေးသည်။

ထို့အပြင် ကိုယ်ထိလက်ရောက် ရိုက်နှက်ခံရခြင်း၊ ဆဲဆိုခြင်း၊ ခွင့်မပေးခြင်း၊ လူမှုဖူလှုံရေးခံစားခွင့်များ မရတော့ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုမရခြင်း၊ အလုပ်သမားအဖွဲ့များ လွတ်လပ်စွာဖွဲ့ခွင့် မရှိခြင်းတို့ ကြုံနေရသည်ဟု စစ်ကောင်စီက ဖျက်သိမ်းထားသည့် အလုပ်သမားအဖွဲ့အချို့က ဆိုသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button