အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

Primark စက်ရုံ ၂ ရုံ ရန်ကုန်တွင် ပိတ်၊ ၂,၄၀၀ ကျော် အလုပ်လက်မဲ့ဖြစ်

ရန်ကုန်၊ ​ရွှေပြည်သာမြို့နယ် ဝါးတစ်ရာစက်မှုဇုန်မှ အထည်ချုပ်စက်ရုံ ၂ ရုံ ပိတ်သိမ်းလိုက်သည့်အတွက် အလုပ်သမား ၂,၄၀၀ ကျော် အလုပ်လက်မဲ့ဖြစ်သွားသည်။

အိုင်ယာလန်နိုင်ငံမှ နာမည်ကျော် Primark အမှတ်တံဆိပ်အထည်များ ထုတ်လုပ်သော၊ တရုတ်နိုင်ငံသားများ ပိုင်ဆိုင်သော ထိုစက်ရုံများ ဖေဖော်ဝါရီ နောက်ဆုံးပတ်တွင် ပိတ်သွားခြင်းဖြစ်သည်။

စက်ရုံပိတ်မည်ကို သီတင်း ၂ ပတ်ခန့်သာ ကြိုတင် အသိပေးခဲ့ကြောင်း၊ GTIG Huash မှ အလုပ်သမား ၁,၂၄၅ ဦးခန့်နှင့် Primseng Guo စက်ရုံမှ အလုပ်သမား ၁,၁၈၀ ခန့် အလုပ်လက်မဲ့ဖြစ်သွားကြောင်း အလုပ်သမားသမဂ္ဂ​အဖွဲ့ဝင်များက ပြောသည်။

ပြည်ပမှ အမှာများ (အော်ဒါများ) မရတော့သည့်အတွက် ဖေဖော်ဝါရီ ၂၈ တွင် ပိတ်တော့မည်ဟု GTIG Huash စက်ရုံက ဖေဖော်ဝါရီ ၁၆ တွင် အသိပေးသည်ဟု ထိုစက်ရုံရှိ အလုပ်သမားသမဂ္ဂမှ အဖွဲ့ဝင် အမျိုးသားတစ်ဦးက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“အော်ဒါမရှိဘူးလို့ ပြောပေမဲ့ သူတို့ရုံခွဲတွေကတော့ လည်ပတ်နေတာပဲ၊ ကျွန်တော်တို့စက်ရုံမှာ သမဂ္ဂတွေရှိတယ်ဆိုတော့ သမဂ္ဂတွေ မလိုချင်လို့ အကြောင်းပြပြီး ရုံခါလိုက်တာလို့ ထင်တာပဲ” ဟု ပြောသည်။

“စက်ရုံက ပုံမှန်အခြေအနေအတိုင်းပိတ်မယ်ဆို တစ်လကြိုတင် အကြောင်းကြားရတယ်၊ အရေးပေါ်အခြေအနေပိတ်မယ်ဆို ၁၅ ရက် ကြိုတင်အကြောင်းကြားရတယ်၊ ကျွန်တော်တို့က ပြန်ဖွင့်ဖြစ်ခဲ့ရင် ဒီအလုပ်သမားတွေကို ဦးစားပေး ခေါ်ပေးဖို့ စာချုပ်ချုပ်ချင်တယ်ပေါ့၊ အဲဒါကို စက်ရုံက ခါးခါးသီးသီးငြင်းတယ်”

နစ်နာကြေးကို ဇန်နဝါရီလ လစာနှုန်းထားဖြင့် လုပ်သက်အလိုက် ဥပဒေပါအတိုင်း တွက်ပေးသည်ဟု သိရသည်။

စက်ရုံကို အပြီးပိတ်သည်ဟု အသိပေးသော်လည်း စစ်ကောင်စီအလုပ်သမားဝန်ကြီးဌာန၏ သက်ဆိုင်ရာဦးစီးဌာနထံမှ စက်ရုံပိတ်ခွင့် မကျသေးဟု သိရသည်။

Primseng Guo စက်ရုံကမူ ပြန်ဖွင့်ဖြစ်ပါက လူဟောင်းများကို ပြန်ခန့်ပေးမည် ဖြစ်ကြောင်း အလုပ်သမားများနှင့် စာချုပ်ချုပ်ခဲ့သည်ဟု GYSen Myanmar အခြေခံအလုပ်သမားသမဂ္ဂအဖွဲ့အစည်းက ပြောသည်။

GYSen Myanmar တွင် မကြာသေးမီက ပိတ်လိုက်သော စက်ရုံ ၁ ရုံ၊ ယခု ပိတ်လိုက်သော Primseng Guo နှင့် ဆက်လက် လည်ပတ်နေသော စက်ရုံ ၁ ရုံ ရှိသည်ဟု သိရသည်။

“ပြန်ဖွင့်ဖို့တော့ ကြားတယ်၊ ဒါပေမဲ့ Primark Brand တော့ မဟုတ်တော့ဘူး” ဟု ထိုစက်ရုံသမဂ္ဂမှ ခေါင်းဆောင် အမျိုးသားဝန်ထမ်းက ပြောသည်။

“ကျွန်တော်ကတော့ အပြီးပိတ်စာကျမှ လျော်ကြေးယူမယ်ဆိုပြီး တောင့်ခံနေတာ အခုထိ လျော်ကြေးမယူရသေးပါဘူး”

လက်ရှိတွင် မတ်လ ပထမအပတ်အထိ စက်ရုံရှိ တချို့ဌာနများမှာ နေ့စားအလုပ်သမားများကို ကာလတို ငှားကာ ဆက်လက် လည်ပတ်နေသည်ဟု သမဂ္ဂအဖွဲ့ဝင် အသက် ၃၂ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

“စက်လိုင်း ၂-၃ လိုင်းနဲ့ ပါကင်၊ မီးပူတို့ နေ့စားအနေနဲ့ ပြန်ခေါ်ထားတယ်လို့ သိရတယ်၊ ကျွန်တော်တို့နဲ့ လုပ်ခဲ့တဲ့ ဝန်ထမ်းတွေထဲကတချို့ နေ့စားအနေနဲ့ ပြန်ဝင်လုပ်နေကြတာ ရှိတယ်” ဟု မီးပူတိုက်ဌာနမှ လုပ်သက် ၃ နှစ်ကျော်ရှိသည့် ထိုအမျိုးသားက ပြောသည်။

စက်ရုံ၏အထည်ညှပ် (Cutting) ဌာနတွင် လုပ်သက် ၂ နှစ်ခွဲရှိပြီဖြစ်သော အသက် ၃၆ နှစ်အရွယ် သမဂ္ဂအဖွဲ့ဝင်အမျိုးသားကလည်း အလုပ်ပြုတ်သွားသည့် အလုပ်သမားများကို ဆက်လက် လည်ပတ်နေသော စက်ရုံတွင် အလုပ်ပြန်ခန့်စေလိုကြောင်း ပြောသည်။

စက်ရုံ ၂ ခုလုံးမှ အလုပ်သမားသမဂ္ဂအဖွဲ့ဝင် အမျိုးသား၂ ဦးသည်လည်း လက်ရှိအချိန်ထိ အလုပ်ပြန်ရှာမရသေးဟု ပြောကြသည်။

“စက်ရုံတွေကတော့ အလုပ်ရှာနေဆဲပေါ့ဗျာ၊ ရှာရတာလည်း ခဲယဉ်းတယ်၊ ဘာလုပ်ရမှန်း မသိသေးပါဘူး” ဟု GTIG Huash စက်ရုံမှ အလုပ်သမားသမဂ္ဂအဖွဲ့ဝင် အမျိုးသားက ပြောသည်။

GTIG Huash စက်ရုံသည် ၂၀၁၇ ခုနှစ်က ဖွင့်လှစ်ခဲ့ပြီး Primseng Guo စက်ရုံသည် အာဏာမသိမ်းမီ လပိုင်းအလို ၂၀၂၀ အောက်တိုဘာလက ဖွင့်ခဲ့သည်ဟု သိရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင်းရှိ စက်ရုံအလုပ်ရုံများတွင် လူ့အခွင့်အရေး ချိုးဖောက်ခံရခြင်းများရှိနေကြောင်း Ethical Trading Initiative (ETI) မှ အစီရင်ခံစာထွက်လာအပြီးတွင် နာမည်ကြီး နိုင်ငံတကာအမှတ်တံဆိပ်များဖြစ်ကြသည့် ဥရောပအခြေစိုက် C&A၊ လန်ဒန်မြို့အခြေစိုက် Tesco PLC၊ Marks & Spencers နှင့် အိုင်ယာလန်အခြေစိုက် Primark ကုမ္ပဏီတို့က မြန်မာတွင် အထည်ချုပ်လုပ်မှု ရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့ကြသည်။

Primark တံဆိပ် အဝတ်အထည်များကို ရန်ကုန်ရှိ အထက်ပါ အထည်ချုပ်စက်ရုံက တာဝန်ယူ ချုပ်ပေးခဲ့ခြင်း ဖြစ်သည်။

အာဏာသိမ်းပြီးနောက် ပြီးခဲ့သည့် ၁၀ လအတွင်း အထည်ချုပ်ကဏ္ဍပို့ကုန်များမှ အမေရိကန်ဒေါ်လာ ၄.၄ ဘီလျံ ဝင်ငွေရခဲ့ကြောင်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁၁ နိုင်ငံပိုင်သတင်းစာတွင် ထုတ်ပြန်သည်။

မြန်မာတစ်နိုင်ငံလုံးတွင် အထည်ချုပ်စက်ရုံ ၇၀၀ ကျော်ရှိပြီး ၆၀၀ ကျော်မှာ ရန်ကုန်တိုင်းတွင် တည်ရှိသည်။ အထည်ချုပ်ကဏ္ဍ၌ ရင်းနှီးမြှုပ်နှံထားသည့်နိုင်ငံများတွင် တရုတ်နိုင်ငံက ထိပ်ဆုံးဖြစ်သည်ဟု စစ်ကောင်စီစာရင်းအရ သိရသည်။

၂၀၂၁ အတွင်း အလုပ်သမား ၁ ဒသမ ၆ သန်းကျော် အလုပ်လက်မဲ့ဖြစ်ခဲ့သည်ဟု အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) က ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် ထုတ်ပြန်ထားသည်။ ထိုအထဲတွင် ဆောက်လုပ်ရေးအလုပ်သမား ၃၅၀,၀၀၀၊ အထည်ချုပ်လုပ်သား ၂၂၀,၀၀၀၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းမှ အလုပ်သမား ၈၀,၀၀၀ ကျော် ပါဝင်ကြောင်း ILO က ဆိုသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button