သတင်း

နာမည်ကျော် Primark ကုမ္ပဏီ မြန်မာတွင် အဝတ်အထည်ချုပ်လုပ်မှုရပ်ဆိုင်း

အိုင်ယာလန်နိုင်ငံ ဒဘလင်မြို့အခြေစိုက် နိုင်ငံတကာအဝတ်အထည်နှင့် ဖက်ရှင်လုပ်ငန်းတစ်ခုဖြစ်သော Primark ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် အဝတ်အထည်ချုပ်လုပ်မှု ရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း ကမ္ဘာ့ အထည်အလိပ်လုပ်ငန်းအကြောင်း ရေးသားလေ့ရှိသည့် Ecotextile မဂ္ဂဇင်းက ယမန်နေ့(စက်တင်ဘာ ၁၅)တွင် ဖော်ပြသည်။

နာမည်ကြီး အမှတ်တံဆိပ်နှင့် လက်လီလုပ်ငန်းများအနေဖြင့် လုပ်ငန်းဆက်လက်လုပ်ကိုင်မှုကို ပြန်သုံးသပ်ရန် အရေးကြီးနေကြောင်း ကုန်သွယ်ရေးကျင့်ဝတ် စောင့်ကြည့်ရေးအဖွဲ့ ETI ၏ အစီရင်ခံစာ ထွက်လာပြီးနောက် Primark က အထည်ချုပ်လုပ်မှု ရပ်ဆိုင်းရန် စီစဉ်ခြင်းဖြစ်ကြောင်း Ecotextile ရေးသည်။

“(ETI အဖွဲ့) တွေ့ရှိချက်တွေက မြန်မာနိုင်ငံရဲ့ အခြေအနေ သိသိသာသာယိုယွင်းလာတာကို ပြနေပါတယ်။ ကျွန်တော်တို့ ထုတ်ကုန်နဲ့ အဝတ်အထည်တွေကို ထုတ်လုပ်ပေးနေသူတွေရဲ့ အခွင့်အရေးနဲ့ လုံခြုံရေးကို အကာကွယ်ပေးနိုင်ဖို့လိုအပ်တဲ့ စံချိန်စံညွှန်းတွေနဲ့အညီ ဆောင်ရွက်ဖို့ သိသိသာသာ စိန်ခေါ်မှုရှိနေပါတယ်” ဟု Primark ၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ETI အဖွဲ့သည့် အလုပ်သမားအခွင့်အရေး လေးစာလိုက်နာမှုမြှင့်တင်သည့် အရပ်ဘက်အဖွဲ့အစည်းများ၊ ကုန်သွယ်ရေး သမဂ္ဂများနှင့် ကုမ္ပဏီများ၏ မိတ်ဖက်ဖြစ်ကာ Primark ကုမ္ပဏီသည် ETI မိတ်ဖက်လည်း ဖြစ်သည်။

Primark ၏ အဝတ်အထည်များကို မြန်မာအပါဝင် နိုင်ငံပေါင်း ၂၆ နိုင်ငံရှိ စက်ရုံပေါင်း ၈၉၉ ခုက ချုပ်လုပ်ပေးနေပြီး မြန်မာနိုင်ငံမှ စက်ရုံ ၁၇ ခုလည်းအပါဝင်ဖြစ်ကြောင်း ကုမ္ပဏီ၏ ဝက်ဆိုဘ်တွင် ဖော်ပြထားသည်။ ရန်ကုန်ရှိ ရွှေပြည်သာ၊ လှိုင်သာယာ၊ သာဓုကန်၊ သန်လျှင်နှင့် ပဲခူးရှိစက်ရုံးများက ချုပ်လုပ်ပေးနေပြီး စက်ရုံတစ်ခုလျှင် အလုပ်သမားပေါင်း ထောင်နှင့်ချီ လုပ်ကိုင်လျက်ရှိသည်။

Primark အဝတ်အထည်များ လက်ခံချုပ်လုပ်ပေးသည့် ရန်ကုန်မြို့ရှိ GY Sen အထည်ချုပ်စက်ရုံသည် ပြီးခဲ့သည့် ၂၀၂၁ စစ်အာဏာသိမ်းမှုဆန္ဒပြပွဲများတွင် စက်ရုံအလုပ်မားများမပါဝင်နိုင်ရန် စက်ရုံအတွင်း သော့ခတ်ပိတ်လောင်ခဲ့ကြောင်း အလုပ်သမားများကိုကိုးကား၍ Guardian သတင်းစာက ဖော်ပြခဲ့သည်။

စစ်ကောင်စီ အာဏာသိမ်းပြီးနောက် အထည်ချုပ်လုပ်ငန်းတွင် အဓမ္မလုပ်အားပေးစေခိုင်မှု၊ အလုပ်လုပ်ချိန်ကြာမြင့်မှု၊ လုပ်ခလစာနည်းပါးမှု၊ အချိန်ပိုကြေးမပေးဘဲ အလုပ်စေခိုင်းမှုနှင့် လုပ်ငန်ခွင်နှောက်ယှက်မှုများရှိကြောင်း စက်တင်ဘာ ၁၂ တွင် ထုတ်ပြန်သည် ETI အဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြသည်။

အထည်ချုပ်ကဏ္ဍတွင် အလုပ်သမားများ၏ အခြေခံအခွင့်အရေးဆိုင်ရာ စံချိန်စံညွှန်းများမရှိတော့ဘဲ စီးပွားရေးလုပ်ငန်းများအနေဖြင့် ပုံမှန်လူအခွင့်အရေးဆိုင်ရာတာဝန်ရှိမှုများကို လိုက်နာဆောင်ရွက်ရန် မဖြစ်နိုင်ကြောင်း အစီရင်ခံစာကဆိုသည်။

လက်ရှိတွင် စက်ရုံအလုပ်ရုံများတွင် နေ့စဉ်နှင့်အမျှ အလုပ်သမားအခွင့်ရေးသိသိသာသာချိုးဖောက်ခံ နေရပြီး တိုင်ကြားရာတွင် ထိရောက်စွာဖြေရှင်းသည့် ယန္တရားမရှိကြောင်း၊ အလုပ်သမားအခွင့်အရေး တောင်းဆိုလျှင် စစ်တပ်ကိုဖမ်းခိုင်းမည်ဟု ခြိမ်းခြောက်သည့် အခြေအနေများပင် ကြုံနေရကြောင်း အလုပ်သမားအခွင့်အရေး လှုပ်ရှားသူများက ဆိုသည်။

စစ်ကောင်စီအုပ်ချုပ်ရေးယန္တယားအောက်တွင် လူ့အခွင့်အရေးနှင့် အလုပ်သမားအခွင့်ရေးမရရှိနိုင်၍ နိုင်ငံတကာ ကုမ္ပဏီများအနေဖြင့် မပူးပေါင်းမဆောင်ရွက်ရန် တောင်းဆိုမှုရှိသလို အခြားတစ်ဖက်တွင် ကုမ္ပဏီများ ထွက်ခွာပါက အလုပ်သမားများထိခိုက်နိုင်သည်ဟုသော ယူဆချက်များလည်းရှိနေသည်။

မြန်မာတွင် ကိုဗစ်နှင့် စစ်အာဏာသိမ်းမှုကြောင့် အထည်ချုပ်အလုပ်သမားပေါင်း ၂၂၀,၀၀၀ ကျော် အလုပ်အကိုင် ဆုံးရှုံးခဲ့ပြီး ၈၅ ရာခိုင်နှုန်းမှာ အမျိုးသမီးများဖြစ်ကြောင်း ဥရောပသမဂ္ဂက ဇူလိုင် ၈ တွင် ထုတ်ပြန်ထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button