
သင်္ကြန်သံချပ်ပါ စာသားများကြောင့် တပ်မတော်အကျိုး ပျက်စီးစေသည်ဟုဆိုကာ တပ်မတော်က တရားစွဲဆိုထားသော ‘ဒေါင်းတို့မျိုးဆက်’ သံချပ်အဖွဲ့ ဦးဆောင်သူ ၅ ဦးကို ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ (က)ဖြင့် စွဲချက်တင်လိုက်ကြောင်း မရမ်းကုန်းမြို့နယ် တရားရုံးက ယနေ့ အမိန့်ချလိုက်သည်။
ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်များဖြစ်သည့် ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူ၊ ကိုပိုင်ဖြိုးမင်း၊ ကိုဇော်လင်းထွဠ် နှင့် မကေခိုင်ထွန်းတို့ကို ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဒုဗိုလ်မှူးကြီးသန်းထွန်းမြင့် က ဧပြီလအတွင်းက တရားစွဲဆိုထားခြင်းဖြစ်ပြီး ယနေ့တွင် တရားရုံးက စွဲချက်တင်လိုက်ခြင်းဖြစ်သည်။
ဧပြီလ ၂၂ ရက်နေ့ က မရမ်းကုန်းတရားရုံးတွင် ရုံးထုတ်စစ်ဆေးပြီးနောက် ၎င်းတို့ ၅ ဦးကို အင်းစိန်ထောင်သို့ ပို့ဆောင်လိုက်ခြင်းဖြစ်ရာ အချုပ်ဖြင့် တရားရင်ဆိုင်နေသည်မှာ ၅ လခန့် ရှိပြီ ဖြစ်သည်။
တပ်မတော်ကို ပြိုကွဲစေလို၍ သံချပ်ထိုးခဲ့ကြခြင်း မဟုတ်ဘဲ နိုင်ငံရေး၊ စီးပွားရေးတွင် မပါဝင်ဘဲ ကိုယ့်အလုပ် ကိုယ်လုပ်ရန်သာ ဝေဖန်သံချပ်ထိုးခဲ့ကြခြင်းဖြစ်၍ အပြစ်မရှိကြောင်း တရားခွင်တွင် ကိုဇေယျာလွင်က တရားသူကြီးကို လျှောက်ထားသည်။
“ကျွန်မတို့က ပြင်ဆင်မှုတက်ပါမယ်။ ဘာဖြစ်လို့လဲဆို ၅၀၅ (က)နဲ့ တရားရုံးက စွဲချက်တင်လိုက်ခြင်းသည် ဥပဒေနဲ့ မညီညွတ်ဘူးလို့ ယူဆပါတယ်။ ကျွန်မတို့က ဥပဒေရှုထောင့်အရ ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေနဲ့ မညီညွတ်တာတွေကို ဖော်ထုတ်ပြီးပြီ” ဟု
တရားလွှတ်တော်ရှေ့နေ ဒေါ်စန်းစန်းမြင့်က မီဒီယာများကို ဖြေကြားသည်။
ဒေါင်းတို့ မျိုးဆက် သံချပ်အဖွဲ့က သင်္ကြန်ကာလအတွင်း သံချပ်ထိုးရာတွင် “ဉာဏ်ပညာ အသိပညာ မရှိ၊ နာခံမှုနှင့် အမိန့်သာ ရှိ၊ စစ်ဝတ်စုံပေါ်က ဆုတံဆိပ်များစွာနဲ့ စစ်ဗိုလ်ချုပ်တွေ အိုင်စီစီကိုတန်းပို့၊ အိုင်စီစီကို ကြောက်တဲ့ကောင် နေပြည်တော်ကို ရှောင်၊ အိုင်စီစီကို ကြောက်တဲ့ ဘဝ နေပြည်တော်က အဘ” စသည့် သံချပ်စာသားများအတွက် တရားစွဲဆိုရခြင်းဖြစ်ကြောင်း တပ်မတော်က တရားရုံးသို့ ဦးတိုက်လျှောက်ထားချက်တွင် ပါရှိသည်။
- တပ်က တရားစွဲသည့် သံချပ်အဖွဲ့ဝင်များ အာမခံ မရ
- ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ကို ပုဒ်မ၅၀၅(က)ဖြင့် စစ်ဆေးပေးရန် တပ်က ယနေ့ဦးတိုက်လျှောက်
အမြင့်ဆုံးထောင်ဒဏ် ၂ နှစ်အထိ ချမှတ်နိုင်သော ပုဒ်မ ၅ဝ၅ (က) သည် ပြည်ထောင်စုအစိုးရ၏ ကြည်း၊ ရေ၊ လေ တပ်တစ်ခုခုမှ အရာရှိ သို့မဟုတ် တပ်သားအား တာဝန်ဝတ္တရား မလေးစားခြင်း၊ ပျက်ကွက်ခြင်း ပြုစေရန် အကြံနှင့် ပတ်သက်ပြီး ရေးသားပြောဆိုမှု ဖြစ်သည်ဟု ရာဇသတ်ကြီးဥပဒေတွင် ပြဋ္ဌာန်းထားသည်။
ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ကို မရမ်းကုန်းမြို့နယ်၊ ဗိုလ်တထောင်မြို့နယ်၊ ဒေးဒရဲမြို့နယ်၊ ဖျာပုံမြို့နယ်တို့တွင် တရားစွဲထားခြင်းဖြစ်ပြီး မရမ်းကုန်းမြို့နယ်တရားရုံးက ပထမဆုံးစွဲချက်တင်လိုက်ခြင်းဖြစ်သည်။
ယင်းအပြင် တပ်မတော်က မရမ်းကုန်းမြို့နယ်ရဲစခန်း၌ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ) ဖြင့် အမှုဖွင့်ထားမှုမှာလည်း တရားရုံးသို့ ရောက်ရှိလာပြီဖြစ်သဖြင့် ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့အနေဖြင့် မရမ်းကုန်းမြို့နယ် တရားရုံးတစ်ခုတည်းတွင်ပင် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ (က) အပြင် ဆက်သွယ်ရေးဥပဒေဖြင့်ပါ တရားရင်ဆိုင်ရမည်ဖြစ်သည်။
နောက်တစ်ကြိမ် ရုံးချိန်းကို စက်တင်ဘာလ ၂၅ ရက်နေ့တွင် ချိန်းဆိုထားသည်။