
ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် အသက် ၄ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် ဒေသခံ ၅ ဦး ဒဏ်ရာရသွားသည်ဟု သရက်တပင် ရွှေကရုဏာ သွေးလှူအသင်းဥက္ကဋ္ဌ ဦးဘိုအောင်သိန်းက ယနေ့(စက်တင်ဘာ ၂) ပြောသည်။
ယနေ့နေ့လယ် ၂ နာရီခန့်တွင် သရက်တပင်ရွာအနီးရှိ တံတားကို ရက္ခိုင့်တပ်တော် (AA) က မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး၊ လုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်းတစ်ခုအားလည်း ဗုံးသီးများဖြင့် ပစ်ခတ်တိုက်ခိုက်သောကြောင့် ပြန်လည်တိုက်ခိုက်ခဲ့ကြောင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးက Myanmar Now ကိုပြောသည်။
ယင်းတိုက်ပွဲကြောင် ဒေသခံများ ဒဏ်ရာရမှုရှိသည်ကို ကြားသိရသော်လည်း အရေအတွက်နှင့် အသေးစိတ်အခြေအနေကိုမူ မသိရသေးကြောင်း ဗိုလ်မှူးကြီးဝင်းဇော်ဦးနှင့် ရခိုင်ပြည်နယ် လွှတ်တော်အမတ် ဦးမောင်လှကျော်တို့က အတည်ပြုပြောဆိုသည်။
တိုက်ပွဲဖြစ်ပွားမှုကြောင့် သရက်တပင်ကျေးရွာအပြင် ရွာချင်းကပ်လျက် တည်ရှိသည့် ရေဘရွာနှင့် ရွှေတလှည်းရွာတို့မှ အမျိုးသား ၃ ဦး၊ အမျိုးသမီး ၁ ဦးနှင့် ကလေးတစ်ဦးတို့ ဒဏ်ရာရသွားသည်ဟု သရက်တပင်ရွာသားလည်းဖြစ်သည့် ဦးဘိုအောင်သိန်းက ပြောသည်။
“မိုင်းခွဲသံကြားပြီးတာနဲ့ အမြောက်သံတွေ သေနတ်သံတွေ ဆက်တိုက်ကြားရပြီး ရွာထဲအထိပါကျလာတာ” ဟု ဦးဘိုအောင်သိန်းက ပြောသည်။
တိုက်ပွဲဖြစ်ပွားပြီး မိနစ် ၃၀ ခန့်အကြာတွင် ဒဏ်ရာရသူများကို သရက်တပင်ရွှေကရုဏာသွေးလှူအသင်းနှင့် အခြားလူမှုရေးအသင်းများက ကျောက်တော်ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း ကူညီပေးသူများကဆိုသည်။
“ရွာသားတွေ ဒဏ်ရာရသွားတာက ဘယ်ဘက်ကပစ်တဲ့ လက်နက်လည်းဆိုတာ ခွဲခြားဖို့ခက်တယ်လေ” ဟု ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောသည်။
တိုက်ပွဲဖြစ်ပြီး ၁ နာရီခန့်အကြာ နေ့လယ် ၃ နာရီခန့်တွင် တိုက်ပွဲပြီးဆုံးသွားပြီး တပ်မတော်ဘက်က အထိအခိုက်အကျအဆုံး မရှိကြောင်း ၄င်းက ဆက်လက်ပြောသည်။
AA ၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကမူ သရက်တပင်ရွာအနီး တိုက်ပွဲဖြစ်ပွားခြင်းမရှိသလို တပ်မတော်စစ်ကြောင်းအား မိုင်းခွဲတိုက်ခိုက်ခြင်းလည်း မရှိကြောင်း ပြောသည်။
ထို့အပြင် ယနေ့နေ့လယ် ၁ နာရီခန့်က ဘူးသီးတောင်မြို့နယ် ဥယျာဉ်သာ၊ ဆင်သေပြင်စသည့် ကျေးရွာများအနီးတွင် တပ်မတော်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးအောင်သောင်းရွှေက ပြောသည်။
ဘူးသီးတောင်မြို့နယ် စံဂိုးတောင်ကျေးရွာ အုပ်စုအတွင်းရှိသည့် စံဂိုးတောင်၊ ဥယျာဉ်သာ၊ သျှစ်သျှားတောင်စသည့် ကျေးရွာများသည် တိုက်ပွဲများကြောင့် ရွာလုံးကျွတ် စစ်ရှောင်နေကြသည့် ရွာများဖြစ်ပြီး အဆိုပါရွာများတွင် လွန်ခဲ့သည့် တစ်လကျော်ခန့်မှစ၍ တပ်မတော်က တပ်စွဲထားကြောင်း ၄င်းက ဆက်လက်ပြောသည်။
စစ်တွေအခြေစိုက် စစ်ရှောင်များအရေး ကူညီပေးနေသည့် ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) ၏ သြဂုတ် ၁၉ ရက်နေ့ ထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ်မြောက်ပိုင်း မြို့နယ် ၈ မြို့နယ်တွင် စစ်ဘေးရှောင်အရေအတွက် ၆၁,၀၉၃ ဦးအထိ ရှိနေပြီဖြစ်သည်။