သတင်း

ရခိုင်မြောက်ပိုင်းတွင် ကုန်တင်ကား သုံးစီး မီးရှို့ခံရ

ရခိုင်ပြည်နယ်မြောက်ပိုင်း ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်ရွာအနီးတွင် သြဂုတ် ၂၉ ရက်နေ့ညက ကုန်တင်ကား သုံးစီးကို ရက္ခိုင့်တပ်တော် (AA) က မီးရှို့ဖျက်ဆီးခဲ့ပြီး လူသေဆုံးမှုမရှိကြောင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောသည်။

အဲဒီကားတွေက ကျွန်တော်တို့ကားလည်းမဟုတ်ဘူးဗျ၊ ကျွန်တော်တို့ပစ္စည်းတွေလည်းမပါဘူး။ ဒါသက်သက် ပြည်သူတွေကို အကြောက်တရားလွှမ်းမိုးအောင်လုပ်တာ ” ဟု ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောသည်။

အဆိုပါကုန်ကား သုံးစီးကို တပ်မတော်၏ကုန်ပစ္စည်းများ တင်ဆောင်ပေးသည်ဆိုသော အကြောင်းပြချက်ဖြင့် ရက္ခိုင့်တပ်တော် AA က မီးရှို့ဖျက်ဆီးခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ကုန်ကားများ မီးရှို့ခံရမှုနှင့်ပတ်သက်ပြီး AA ပြောခွင့်ရအရာရှိ ခိုင်သုခကို ဖုန်းဆက်သွယ်မေးမြန်းသော်လည်း အဆက်အသွယ်မရပေ။

ပုဏ္ဏားကျွန်းမြို့နယ် ပြည်နယ်လွှတ်တော်အမတ် ဦးအောင်သန်းတင်က ပုဏ္ဏားကျွန်းမြို့နယ်ဘက်သို့ ခေါင်းလှည့်ထားသည့် ကားသုံးစီး မီးလောင်ပျက်စီးနေသည်ကို တွေ့ရသော်လည်း ထိုခိုက်ဒဏ်ရာရသူများကို မတွေ့ရကြောင်းနှင့် ကုန်တင်ကားယာဉ်မောင်းများကိုလည်း မတွေ့ရကြောင်း ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင်လည်း ရခိုင်လက်နက်ကိုင်အဖွဲ့ (AA)၊ တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA) နှင့် ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA) တို့ပါဝင်သည့် မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့နှင့် တပ်မတော်တို့အကြား ယခုလ ၁၅ ရက်နေ့မှစ၍ တိုက်ပွဲများဖြစ်ပွားနေပြီး အရပ်သားများ၏ ကားများ မကြာခဏ မီးရှို့ဖျက်ဆီးခံနေရသည်။

ယခုလ ၂၉ ရက်နေ့ ည ၈ နာရီခန့်က ကွတ်ခိုင်မြို့နယ် နမ့်အွတ်ကျေးရွာအနီးတွင် ကုန်တင်ကားတစ်စီး မီးရှို့ဖျက်ဆီးခံရသလို ယနေ့နံနက် ၆ နာရီခန့်ကလည်း သိန္နီမြို့နယ် မန်လီနှင့် ပန်ဖတ်ရွာအနီးတွင် ခရီးသည်တင်ယာဉ်တစ်စီးနှင့် ဆိုင်ကယ်အချို့ မီးရှို့ဖျက်ဆီးခံရသည်။

Show More

Related Articles

Back to top button