သတင်း

မူးယစ်ဆေးပြား နှစ်သန်းခွဲ ကုန်သွယ်မှုဖြင့် ဖမ်းမိသူမှာ ၎င်းတို့အဖွဲ့ဝင်ဟောင်းဟု AA က အတည်ပြု

ရခိုင်ပြည်နယ်နှင့် ရန်ကုန်မြို့ရှိ မြို့နယ် သုံးခုတွင် ပြီးခဲ့သည့် ရက်ပိုင်းက မူးယစ်ဆေးဝါးအလုံးရေ နှစ်သန်းခွဲကျော် ဖမ်းမိထားသည့်အမှုတွင် အဓိကတရားခံတစ်ဦးအဖြစ် ရဲက စွပ်စွဲထားသူမှာ ၎င်းတို့တပ်ဖွဲ့ဝင်ဟောင်းဖြစ်ကြောင်း ရက္ခိုင့်တပ်တော် AA ပြောခွင့်ရပုဂ္ဂိုလ်က ဝန်ခံခဲ့သော်လည်း အဆိုပါအမျိုးသမီး၏ မူးယစ်ဆေးဝါးကုန်သွယ်မှုမှာ ၎င်းတို့တပ်ဖွဲ့နှင့်မပတ်သက်ဟု ဆိုသည်။

ဩဂုတ် ၂၅ ရက်က ရန်ကုန်မြို့ ဗဟန်းရှိ မြန်မာပလာဇာရှေ့တွင် စိတ်ကြွဆေးပြားများနှင့်အတူ အမျိုးသားနှစ်ဦးအားရဲကဖမ်းဆီးခဲ့ပြီးနောက် ကွင်းဆက်များကို ဆက်လက်ဖမ်းဆီးရာ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ရတနာအိမ်ရာ (၁) ရတနာလမ်းရှိ နေအိမ်သို့ရဲက ၀င်ရောက်ရှာဖွေခဲ့ပြီး ဆေးပြားများတွေ့ခဲ့ကြောင်း၊ ယင်းနောက် အဆိုပါနေအိမ်ကို ငှားရမ်းထားသည့် အသက် ၃၂ နှစ်အရွယ် AA တပ်ဖွဲ့ဝင်ဟောင်း မခိုင်ခိုင်ဆိုသူကိုပါ ဆက်လက် ထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။

မခိုင်ခိုင်သည် ၂၀၁၅ ခုနှစ်အတွင်းက ထိုင်းနိုင်ငံသို့ တရားမဝင် သွားရောက် အလုပ်လုပ်ကိုင်စဉ် AA အဖွဲ့၏ စည်းရုံးမှုကြောင့် AA အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ကာ အဖွဲ့အတွက် လူသစ်စုဆောင်းခြင်း၊ ရန်ပုံငွေရရှိရေးအတွက် မူးယစ်ဆေးဝါး တရားမဝင်သယ်ဆောင် ရောင်းဝယ်ဖြန့်ဖြူးခြင်းများကို လုပ်ကိုင်လျက်ရှိကြောင်းနှင့် ယခင်ကလည်း ရန်ကုန်စစ်တွေ ခရီးသည်တင်ယာဉ်များကို အသုံးပြု၍ မူးယစ်ဆေးဝါးများအား ငါးကြိမ် သိုဝှက်သယ်ယူ ပို့ဆောင်ပေးခဲ့ကြောင်း ရဲက ယမန်နေ့က ထုတ်ပြန်ခဲ့သည်။

ရဲတပ်ဖွဲ့က စွပ်စွဲထားသည့်အတိုင်း မခိုင်ခိုင်မှာ ရက္ခိုင့်တပ်တော် AA တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်ကြောင်း ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခက အတည်ပြုသည်။ သို့သော် သူသည် ၂၀၁၅ ခုနှစ်ကတည်းက ရက္ခိုင့်တပ်မတော်AA မှ ထွက်ခွာသွားပြီဖြစ်သဖြင့် ၎င်းတို့တပ်ဖွဲ့နှင့် ယနေ့အချိန်တွင် သက်ဆိုင်ခြင်းမရှိဟုလည်း ၎င်းက ဆိုသည်။

မခိုင်ခိုင်သည် AA အဖွဲ့သို့ ဝင်ရောက်ရာတွင် စစ်သင်တန်းတက်ရောက်ခြင်း၊ ရာထူးသတ်မှတ်ပေးထားခြင်းမရှိဘဲ ထိုင်းနိုင်ငံတွင် အခြေစိုက်ကာ တပ်ဖွဲ့ဝင်အသစ်များ ရရှိရေးအတွက် စည်းရုံးရေးလုပ်ငန်းများကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။

“(မခိုင်ခိုင်က) ဘာရာထူးမှ မရှိဘူးဗျ။ ရိုးရိုးပဲ တာဝန်ထမ်းခဲ့တာ။ သိပ်မကြာပါဘူး တစ်နှစ်ကျော်လောက်ပဲ တာဝန်ထမ်းခဲ့တယ်ဟု ခိုင်သုခက ဆိုသည်။

အဲဒီတုန်းကတော့ ထိုင်းဘက်မှာနေပြီးတော့ စည်းရုံးရေးလုပ်ငန်းတွေမှာ သူ နည်းနည်း ဝင်ပြီးတော့လုပ်ခဲ့တယ်ဟု ၎င်းက ဆိုသည်။

မြန်မာအစိုးရ လုံခြုံရေးတပ်ဖွဲ့များ သတင်းထုတ်ပြန်ချက်သည် ၎င်းတို့အား နိုင်ငံတကာက အထင်အမြင်လွဲအောင် သတင်းမှားထုတ်ပြန်ခြင်းဟုလည်း AA ပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။

(ဓာတ်ပုံ – မြန်မာနိုင်ငံရဲတပ်ဖွဲ့)

ဩဂုတ် ၂၅ ရက်က ရန်ကုန်မြို့ ဗဟန်းရှိ မြန်မာပလာဇာရှေ့တွင် စိတ်ကြွဆေးပြား ၄၀၀ နှင့်အတူ ဖမ်းမိခဲ့သည့် အမျိုးသားနှစ်ဦးမှတစ်ဆင့် ကွင်းဆက်များကို ဆက်လက်ဖမ်းဆီးရာမှ စမ်းချောင်းမြို့နယ်၊ ဇလွန်လမ်းမှ မအေးအေးဝင်း (ခေါ်) စုလှိုင်ကို ဆေးပြား ၁၇၀,၀၀၀ နီးပါးနှင့်အတူ ဖမ်းဆီးမိခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးတို့က ထုတ်ပြန်ထားသည်။

၎င်းတို့မှတဆင့် မခိုင်ခိုင်နှင့် သူ၏အစ်ကို ကိုနိုင်နိုင်ထွန်းတို့ကို စိတ်ကြွဆေးပြား ၆၇၀၀ ကျော်နှင့်အတူ ဆက်စပ်၍ ဖမ်းဆီးမိခဲ့ခြင်းကြောင်း ရဲကဆိုသည်။

ဖမ်းမိခဲ့သူများအား စစ်ဆေးချက်အရ စစ်တွေသို့တင်ပို့မည့် စိတ်ကြွရူးသွပ်ဆေးပြား ၁ သန်းကို ဩဂုတ်လ ၂၆ ရက်က ရန်ကုန် အောင်မင်္ဂလာအဝေးပြေးစခန်းရှိ မင်းထက်သာ ယာဉ်လိုင်း ခရီးသည်တင်ယာဉ်ပေါ်တွင် တွေ့ရှိခဲ့သည်ဟု ရဲထုတ်ပြန်ချက်က ဆိုသည်။

နောက်တစ်ရက်အကြာတွင် ရခိုင်ပြည်နယ် အမ်းမြို့စစ်ဆေးရေးဂိတ်တွင် မင်းထက်သာ ခရီးသည်တင်ယာဉ်ပေါ်မှ ဆာလာအိတ် ငါးအိတ်ဖြင့် ထည့်လျက် စိတ်ကြွရူးသွပ်ဆေးပြား ခုနစ်သိန်းခွဲနှင့် မင်းပြားမြို့၊ ရာမောင်တံတားကူးနေရာတွင် လေးဝတီခရီးသည်တင်ယာဉ်ပေါ်မှ ခုနစ်သိန်းခွဲနီးပါး ထပ်မံဖမ်းမိခဲ့သည်ဟု ရဲက ထုတ်ပြန်ထားသည်။

မှတ်ချက် ။         ။ အစောပိုင်း သတင်းတွင် “ရတနာအိမ်ရာ (၁)” ကို “ရတနာနှင်းဆီအိမ်ရာ” ဟု မှားယွင်းဖော်ပြခဲ့သည့်အတွက် ပြန်လည်ပြင်ဆင်ထားပါသည်။

Show More

Related Articles

Back to top button