
လားရှိုးမြို့အထွက်ရှိ လူစည်ကားလေ့ရှိသည့် နည်းပညာတက္ကသိုလ်တွင် ကျောင်းသားနှစ်ဦးခန့်သာ လမ်းလျှောက်နေသည်။ လက်နက်ကိုင်တပ်များ မီးရှို့ဖျက်ဆီးသွားသည့် ဓာတ်ဆီဆိုင်ကို လူတချို့က အလျင်စလို ပြင်ဆင်နေကြသည်။ တွဲကားနှင့် ကုန်ကားများ ဥဒဟို ဖြတ်သန်းမြဲဖြစ်သည့် လားရှိုး-ကွတ်ခိုင် ပြည်ထောင်စုလမ်းမကြီးမှာ တစပြင်အလား။
ကမ္ဘာ့အရှည်ကြာဆုံး ပြည်တွင်းစစ်များထဲ တစ်ခုအပါအဝင်ဖြစ်သည့် မြန်မာ့ပြည်တွင်းစစ်၏ မပြီးဆုံးနိုင်သေးသော အနိဋ္ဌာရုံများမှာ လွန်ခဲ့သော ၁၂ ရက်က တစ်ကျော့ပြန် စတင်ခဲ့သည့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့နှင့် တပ်မတော်တို့အကြား ထိတွေ့တိုက်ပွဲများကြောင့် တရုတ်-မြန်မာစီးပွားရေး ပင်မလမ်းကြောင်းကြီးအထိပါ ကူးစက်ခဲ့ပြီ ဖြစ်သည်။
ပြီးခဲ့သည့် ဩဂုတ် ၁၅ ရက်နေ့တွင် မြောက်ပိုင်းသုံးဖွဲ့ဖြစ်သည့် တအာင်းပလောင်အဖွဲ့ (TNLA)၊ ကိုးကန့် (MNDAA) နှင့် ရခိုင်အဖွဲ့ (AA) တို့က ပြင်ဦးလွင်၊ နောင်ချိုမြို့နယ်များရှိ နေရာငါးနေရာကို တစ်ပြိုင်နက် အလစ်အငိုက် ဝင်တိုက်ခဲ့သည့်ဖြစ်စဉ်အပြီး တပ်မတော်နှင့် ထိတွေ့တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည်။
ဤလမ်းကြောင်း၊ ဤဒေသတွင် တိုက်ပွဲဆိုသည်မှာ မဆန်းသောအရာဖြစ်သော်လည်း ယခု နောက်ဆုံး တိုက်ပွဲများကမူ ကိုးနှစ်အတွင်း အပြင်းထန်ဆုံးနှင့် ကုန်သွယ်ရေးလမ်းကြောင်းကို အထိခိုက်ဆုံးဖြစ်သည်။ တိုက်ပွဲများကြောင့် မူဆယ်-လားရှိုးလမ်းပိုင်း ပြတ်တောက်နေသည်မှာ ၁၀ ရက်ကျော်လာပြီဖြစ်ပြီး ကုန်ကားအများစုမှာ ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းတွင် ပိတ်မိနေခဲ့သည်။
နမ့်ခမ်း-မူဆယ် နယ်စပ်ကုန်သွယ်ရေး ကုန်သည်ကြီးများအသင်း၏ ဒုဥက္ကဋ္ဌ ဦးဝင်းအောင်ခန့် က “ကျွန်တော် ကြုံဖူးသမျှ ဒီတစ်ကြိမ် အကြာဆုံးပဲ၊ ကြာလာလေလေ အထိနာလေလေပေါ့” ဟု မူဆယ်မြို့ရှိ ၎င်း၏ရုံးခန်း၌ Myanmar Now နှင့် တွေ့ဆုံစဉ် ပြောကြားသည်။
ပုံမှန်တစ်ရက်လျှင် ကုန်စည်စီးဆင်းမှုပမာဏ အမေရိကန်ဒေါ်လာ ၁၀ သန်းဝန်းကျင် ရှိခဲ့သည့် နယ်စပ်ကုန်သွယ်ရေးမှာ လမ်းပိတ်ထားသည့်နေ့မှစ၍ တစ်ရက်လျှင် ဒေါ်လာ တစ်သန်းနီးပါးသာ ရှိတော့သည်ဟု ၎င်းက ပြောသည်။
“ဖြတ်သန်းသွားလာလို့လည်း မရဘူး။ ပြီးတော့ ကုန်သွယ်မှုလည်း လုံးဝလုပ်လို့မရဘူး။ ပုပ်သိုးလွယ်တဲ့ ပစ္စည်းတွေ ဥပမာ ကဏန်း၊ ငါးရှဉ့်ဆိုရင် လုံးဝပျက်စီးသွားပြီ။ နောက် (တရုတ်)ဘက်ကနေ သွားတဲ့အထဲမှာ သစ်သီးတွေလည်းရှိတယ်။ ဒါတွေလည်း မန္တလေးရောက်ရင် ပျက်စီးမယ့်အလားအလာ အများကြီးရှိတယ်။ နောက်ပြီးတော့ အရေးပေါ်ကိစ္စတွေမှာ လူနာတွေ သွားသယ်တာတွေဘာတွေလည်း လုပ်လို့မရဘူး” ဟု ဦးဝင်းအောင်ခန့်က ပြောသည်။
ဒီတစ်ကြိမ် အကြာဆုံးပဲ၊ ကြာလာလေလေ အထိနာလေလေ…
မတည်ငြိမ်မှုများကြောင့် ထိခိုက်နစ်နာရသမျှထဲတွင် ကုန်သည်များ၊ ကားသမားများ၊ အခြေခံ အလုပ်သမားများသာမက အဖိုးတန်လူ့အသက်များ ဆုံးရှုံးမှုကတော့ အဆိုးဆုံး ဖြစ်သည်။
လက်ရှိအချိန်ထိ မြောက်ပိုင်းအဖွဲ့နှင့် တပ်မတော်တို့ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် တပ်မတော်ဘက်မှ ဩဂုတ် ၁၅ ရက်က ရဲတပ်ဖွဲ့ဝင်သုံးဦး၊ တပ်မတော်သား ကိုးဦးတို့ ကျဆုံးခဲ့ပြီး ဩဂုတ် ၁၇ ရက်က နမ့်ဖက်ကာတွင် မေတ္တာရှင်လူမှုကူညီရေးအသင်းက သင်္ဂြိုဟ်ခဲ့သည့် တပ်မတော်ဘက်မှကျဆုံးသူ ခြောက်ဦး ရှိခဲ့သည်။
ထို့ပြင် ဩဂုတ် ၁၅ ရက်နေ့ တိုက်ခိုက်မှုတွင် အရပ်သားနှစ်ဦးလည်း တိုက်ခိုက်ခံရကာ သေဆုံးခဲ့သည်။ ထို့နောက် လားရှိုးမြို့နယ် မိုင်းယန်းတွင် ပြည်သူ့စစ်အဖွဲ့ဝင် အမျိုးသားတစ်ဦးနှင့် ဇနီးဖြစ်သူတို့ ပစ်သတ်ခံရမှု ဖြစ်ခဲ့သလို ကွတ်ခိုင်တွင် လက်နက်ကြီးထိမှန်၍ တစ်ဦးနှင့် လားရှိုး ကုန်းဆာတွင် တစ်ဦး သေဆုံးခဲ့သည်။
Myanmar Now က စုံစမ်းရသမျှ ယခုအထိ အရပ်သားများထဲမှ သေဆုံးသူစုစုပေါင်း ကိုးဦးအထိ ရှိခဲ့ပြီဖြစ်သည်။ တိုက်ခိုက်နေကြသည့် မည်သည့်ဘက်ကမျှ အရပ်သားသေဆုံးစာရင်းကို မပြောကြပါ။
တိုက်ပွဲတွေ ဘယ်နေရာမှာ ဖြစ်နေသလဲ
ဩဂုတ် ၁၂ ရက်တွင် မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့က ပူးတွဲထုတ်ပြန်ချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ရာ မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များလှုပ်ရှားရာ မြန်မာပြည်မြောက်ပိုင်းနှင့် AA လှုပ်ရှားရာ ရခိုင်ပြည်နယ်မြောက်ပိုင်း၌ တပ်မတော်၏ ထိုးစစ်ဆင်တိုက်ခိုက်နေမှုများကို ရပ်တန့်ပေးရန်နှင့် မရပ်ပါက နောက်ဆက်တွဲဆိုးကျိုးများကို တပ်မတော်က တာဝန်ယူရမည် ဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့နောက် သုံးရက်အကြာတွင် ပြင်ဦးလွင်၊ နောင်ချို၊ ဂုတ်တွင်းတို့ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ထို့နောက် မြောက်ပိုင်းတပ်ဖွဲ့ဝင်များနှင့် တပ်မတော်တို့ ထိတွေ့မှုများမှာ လားရှိုးမှတဆင့် သိန္နီ၊ ကွတ်ခိုင်မြို့များဆီသို့ ရွေ့သွားခဲ့သည်။ ကွတ်ခိုင်အလွန် နမ့်ဖက်ကာ၊ နမ့်ဖက်လွန်နေရာများမှာ TNLA တို့ အဓိက ခြေကုပ်ယူထားသည့် ဒေသများဖြစ်ပြီး ပလောင်တိုင်းရင်းသား အများစုနေထိုင်ရာ ဒေသလည်း ဖြစ်သည်။
Myanmar Now က စစ်ဘေးရှောင်နေသည့် ပလောင်မိသားစု ၂၀ ကျော်ကို တွေ့ဆုံမေးမြန်းခဲ့ရာ ၉၀ ရာခိုင်နှုန်းကျော်က TNLA တွင် တပ်ဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်နေသည့် မိသားစုဝင် သို့မဟုတ် ဆွေမျိုး အနည်းဆုံး တစ်ဦးစီ ရှိပါသည်ဟု ပြန်ဖြေသည်။ တွေ့ဆုံမေးမြန်းခဲ့သူများမှာ ခိုလုံ၊ လွယ်ပြေစုစည်း၊ ကောင်းဝိုင်း၊ တာ့ရော် ပတ်ဝန်းကျင် ကျေးရွာများမှ စစ်ရှောင်ဒုက္ခသည်များ ဖြစ်သည်။

၎င်းတို့၏ မိသားစုဝင်နှင့် ဆွေးများရင်းချာများ ပါဝင်နေသည့် တအာင်းတပ်နှင့် မြန်မာတပ်မတော်တို့ ဖြစ်နေသည့် တိုက်ပွဲများကြောင့် ၎င်းတို့ကိုယ်တိုင် စစ်ဘေးရှောင်နေရခြင်းဖြစ်သည်။ ရှမ်းပြည်နယ်မြောက်ပိုင်း ခုနစ်မြို့နယ်မှ စစ်ဘေးရှောင် ဦးရေမှာ စုစုပေါင်း ၇၀၀၀ ထိ ရှိလာခဲ့ပြီဟု ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံးက ဩဂုတ်လ ၂၇ ရက်နေ့တွင် ထုတ်ပြန်သည်။
ရက်အကြာဆုံး လမ်းပိတ်ဆို့မှု
တစ်ဖက်တွင်လည်း ဖြတ်သန်းသွားလာရန် မလုံခြုံသည့်အတွက် မူဆယ်အသွား ကွတ်ခိုင်မြို့အထွက် တိုးဂိတ်တွင် တပ်မတော်နှင့် ဒေသခံပြည်သူ့စစ်တို့ ပူးပေါင်း၍ လမ်းပိတ်ထားခဲ့သလို ကိုးကန့်တပ် (MNDAA) ဦးစီးပြီး မြောက်ပိုင်းတပ်ဖွဲ့က လားရှိုးအသွား မူဆယ်အထွက် ခိုမုံးရွာတွင် ပိတ်ဆို့ထားသည့်အတွက် မန္တလေး-မူဆယ် သွား ပြည်ထောင်စုလမ်းမကြီး ပြတ်တောက်နေသည်မှာ ၁၀ ရက်အထိ ကြာမြင့်သွားပြီဖြစ်သည်။
၂၀၁၆ ခုနှစ် ဒီဇင်ဘာက တပ်မတော်နှင့် ကိုးကန့်အဖွဲ့တို့ တိုက်ပွဲပြင်းထန်ခဲ့သည့် တရုတ်နယ်စပ် မုံးကိုးတိုက်ပွဲကြောင့် မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီး ခေတ္တပြတ်တောက်ခဲ့သော်လည်း နှစ်ရက်သာ ကြာမြင့်ခဲ့သည်။
ယခုအကြိမ်တွင် တွဲကားနှင့် ကုန်တင်ကားကြီးများမှာ ပြည်ထောင်စုလမ်းမကြီးကို ဖြတ်သန်းသွားလာခြင်း လုံးဝမရှိတော့ပေ။ ကုန်တင်ကားကြီးများအစား ကားငယ်များဖြင့်သာ ကုန်များခွဲသယ်ကာ ကွတ်ခိုင်မှ တာမိုးညဲကို ဖြတ်သန်းပြီး မူဆယ်သို့ ကွေ့ဝိုက်၍ သွားနေကြသည်။
ပုံမှန်အားဖြင့် ကွတ်ခိုင်မှ မူဆယ်သို့ ပြည်ထောင်စုလမ်းမကြီးအတိုင်းသွားပါက ၂ နာရီခွဲဝန်းကျင်ခန့်သာ မောင်းနှင်ရသော်လည်း တာမိုးညဲမှ သွားလျှင် အနည်းဆုံး ၃ နာရီခွဲထိ ကြာမြင့်သည်။
သို့သော် ဩဂုတ် ၂၃ ရက်က ရရှိသည့် သတင်းများအရ တာမိုးညဲမြို့အလွန် တနိုင်းကျေးရွာအနီးတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ဆက်ကြေးကောက်ခံမှုများ ရှိခဲ့သည်။ ကားတစ်စီးလျှင် ကျပ် ၅၀,၀၀၀ ကျပ် ပေးဆောင်ရသည်ဟု တာမိုးညဲဒေသခံများက ဆိုသည်။
ဆက်ကြေးကောက်သည်ဟုဆိုသည့် တနိုင်းရွာဝန်းကျင်တွင် မြန်မာတပ်မတော်ကိုသာ တွေ့ရှိရပြီး KIA တပ်ဖွဲ့ဝင်များကိုမူ မတွေ့ရချေ။ ဒေသခံများကမူ ၂၃ ရက် တစ်ရက်တည်းသာ ဆက်ကြေးကောက်ခံခဲ့သည်ဟု ဆိုသည်။
Myanmar Now အနေဖြင့် ကွတ်ခိုင်မှ တာမိုးညဲလမ်းမှ တစ်ဆင့် ပြည်သူ့စစ်များ ကြီးစိုးထားသည့် လုံထန်၊ တနိုင်း၊ နမ့်အွမ်ဒေသများကို ဖြတ်ကာ မူဆယ်၊ ထိုမှတဆင့် ဩဂုတ် ၂၃ ရက်က တိုက်ပွဲဖြစ်ပွားခဲ့ရာ ကောင်းဝိုင်းရွာ တည်ရှိသည့် နမ့်ခမ်းမြို့ထိ ရောက်ရှိခဲ့သည်။
ဖြတ်သန်းခဲ့ရာ ကွတ်ခိုင်မြို့နယ် လုံထန်သည် ဇွန်လပိုင်းက မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာမှာ အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ ကျပ်ငွေတန်ဖိုး ၁၆ ဘီလျံခန့်ကို ဖမ်းဆီးရမိခဲ့သည့် နေရာလည်း ဖြစ်သည်။
ဩဂုတ်လ ၁၅ ရက်နေ့ တိုက်ခိုက်မှုသည် မူးယစ်ဆေးဝါးများ ဖမ်းဆီးခဲ့သည့်အပေါ် မြောက်ပိုင်းသုံးဖွဲ့က မကျေနပ်၍ ပြန်လည်လက်တုံ့ပြန်ခြင်းဟု တပ်မတော်ကဆိုသော်လည်း မြောက်ပိုင်းသုံးဖွဲ့ကမူ ထိုအချက်ကို ပယ်ချထားပြီး တပ်မတော်၏ စစ်ရေးလှုပ်ရှားမှုများကြောင့် တိုက်ခိုက်ရသည်ဟု ဆိုသည်။
တရုတ်အစိုးရ ကြားဝင်မှု
ဩဂုတ်လ ၁၉ ရက်နေ့တွင် ကျင်းပခဲ့သည့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက
“လက်နက်ကိုင်ဝင်ရောက်တိုက်ခိုက်မှုကြောင့် လူသေကျေဒဏ်ရာရရှိစေခြင်းသည် မြန်မာနိုင်ငံ၏ မြောက်ပိုင်းဒေသ တည်ငြိမ်အေးချမ်းမှုကို ထိခိုက်သဖြင့် ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း၊ တရုတ်နိုင်ငံသည် နယ်စပ်ဒေသ၏ တည်ငြိမ်ငြိမ်းချမ်းမှုကို အလွန် အလေးထားပြီး မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အစဉ်တစိုက် ထောက်ခံကြောင်း၊ မြောက်ပိုင်းဒေသ၏ အပစ်အခတ်ရပ်စဲရေးအခြေအနေကို ဆက်လက်ထိန်းသိမ်းရန်လိုကြောင်း” ပြောသွားခဲ့သည်။
ထို့နောက် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များနှင့် တရုတ်အစိုးရကိုယ်စားလှယ်တို့ တွေ့ဆုံမှုရှိခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ထိုတွေ့ဆုံပွဲ၏ရလဒ်ကို မေးသည့်အခါ TNLA မှ ဗိုလ်မှူးမိုင်းအိုက်ကျော်က “အကျိုးအကြောင်း မသိရ” ဟုသာ ပြန်ဖြေသည်။
သို့သော်လည်း အဆိုပါ တွေ့ဆုံမှုနောက်ပိုင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခဲ့ပြီး ပြည်ထောင်စုလမ်းမကြီးမှာလည်း ဆက်လက်ပိတ်ဆို့ထားဆဲပင်ဖြစ်သည်။
ရွှေပြည်တော်မျှော်တိုင်းဝေးလား
လူထုက ရွေးကောက်တင်မြှောက်လိုက်သည့် အရပ်သားအစိုးရလက်ထက် ပြည်တွင်းစစ်မီး ငြိမ်းနိုင်ကောင်း၏ဆိုသော မျှော်လင့်ထားချက်များ ယခုအထိ အကောင်အထည်ပေါ်လာဖွယ် မရှိသေးပါ။ ယခုဖြစ်နေသည့် လက်နက်ကိုင်သုံးဖွဲ့အပါအဝင် အဓိကလက်နက်ကိုင်အဖွဲ့အများအပြားကမူ အစိုးရနှင့်တပ်မတော်တို့က ချပြသော တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး စာချုပ် (NCA) လမ်းကြောင်းထဲသို့ ပါဝင်ရန် ငြင်းဆန်နေဆဲဖြစ်သည်။
တိုက်ပွဲအခြေအနေများနှင့် ပတ်သက်ပြီး တပ်မတော်က ဩဂုတ်လ ၂၃ ရက်နေ့တွင် နေပြည်တော်၌ သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ရာ အပစ်အခတ်ရပ်စဲရေးအတွက် လမ်းစဝေးနေဆဲ ဖြစ်သည်ကို တွေ့ရမည် ဖြစ်သည်။
ထိုရှင်းလင်းပွဲတွင် မြောက်ပိုင်းသုံးဖွဲ့ကို “အကြမ်းဖက်သမားများ” ဟု အဆိုပါသတင်းစာရှင်းလင်းပွဲတွင် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သုံးနှုန်းသွားပြီး ပြင်ဦးလွင်နှင့်နောင်ချိုဒေသ တိုက်ခိုက်ခံရမှုများအားလည်း ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။
ထို့ပြင် “ငြိမ်းချမ်းရေးဆွေးနွေးပွဲကို လာမလား။ တပ်မတော်အနေနဲ့ ကြိုဆိုတယ်။ တိုက်ပွဲတွေ ဆက်တိုက်ချင်တာလား။ အသင့်ပဲ” ဟု
ယင်းအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်စိုးနိုင်ဦးက သတင်းထောက်များမှတစ်ဆင့် မြောက်ပိုင်းသုံးဖွဲ့ထံ သတင်းစကား ပါးလိုက်သည်။
ပြင်ဦးလွင်နှင့် နောင်ချိုတို့ရှိ တပ်မတော်လုံခြုံရေးစခန်းများကို တိုက်ခိုက်မခံရခင် တစ်ရက်အလို ဩဂုတ်လ ၁၄ ရက်နေ့ကတည်းက ငြိမ်းချမ်းရေးဆွေးနွေးမှုများကို တိုးတက်မှုရှိအောင် လုပ်ကြရန် တိုက်တွန်းထားကြောင်း၊ ယခုလကုန်ပိုင်းတွင် သက်တမ်းကုန်ဆုံးမည့် တပ်မတော်၏ အပစ်အခတ်ရပ်စဲမှုကာလ သက်တမ်းတိုးရေး၊ မတိုးရေးမှာ လက်နက်ကိုင်အဖွဲ့များ၏ လုပ်ရပ်ပေါ်တွင် မူတည်ကြောင်း တပ်မတော်က ဆိုသည်။
“ဆွေးနွေးတာ၊ မဆွေးနွေးတာ၊ လာတာမလာတာကတော့ သူတို့ရဲ့ ငြိမ်းချမ်းရေးလိုချင်တယ် မလိုချင်ဘူး အပေါ်မှာ မူတည်ပါတယ်” ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောသည်။