သတင်း

ဖမ်းဆီးခံရသော ကျောင်းဆရာနှစ်ဦးကို ပြန်လွှတ်ပေးရန် ရှမ်းလူငယ်ကွန်ရက်တောင်းဆို

ပြင်ဦးလွင်ရှိ တပ်မတော်နည်းပညာတက္ကသိုလ် တိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ ဖမ်းဆီးထားသည့် ရှမ်းတိုင်းရင်းသား ပရဟိတကျောင်းဆရာနှစ်ဦးကို အမြန်ဆုံးလွှတ်ပေးရန် မြန်မာနိုင်ငံလုံးဆိုင်ရာ ရှမ်းလူငယ်ကွန်ရက်က တောင်းဆိုလိုက်သည်။

ပြင်ဦးလွင်မြို့တွင် နေထိုင်သော စိုင်းခွန်မိုင်းနှင့် စိုင်းလိုင်းစင့်တို့သည် ရှမ်းပြည်နယ် တောင်ပိုင်းတွင်ရှိသော ရှမ်းပညာရေးစင်တာ ကော်တိုင်းကျောင်းမှ ကျောင်းဆရာများဖြစ်ပြီး ရှမ်းစာနှင့် အင်္ဂလိပ်စာသင်ကြားပေးနေသူများ ဖြစ်သည်။

ဩဂုတ်လ ၁၅ရက်နေ့က ပြင်ဦးလွင်၊ နောင်ချိုတို့၌ တပ်မတော်ဌာနချုပ်များ၊ လုံခြုံရေးစခန်းများ တိုက်ခိုက်ခံရပြီးနောက် ဩဂုတ်လ ၁၇ရက်နေ့တွင် ပြင်ဦးလွင်မြို့နယ်၊ ဖောင်တော်ရပ်ကွက်ရှိ ၎င်းတို့နေအိမ်ကို စရဖ (စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့)က ဝင်ရောက်ရှာဖွေပြီးနောက် မသင်္ကာစရာပစ္စည်းများ ရှာဖွေတွေ့ရှိ၍  စစ်ဆေးမေးမြန်းလိုသည်ဟုဆိုကာ ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ဝင်ရောက်ရှာဖွေရာတွင် စကားပြောစက်၊ ကွန်မန်ဒိုကွက်ပါ ပြောက်ကျားအိပ်ရာခင်း၊ လက်ပ်တော့၊ ပန်းပင်ညှပ်သည့် ပလာယာ၊ နိုင်ငံကူးလက်မှတ်တို့ကိုပါ သိမ်းဆည်းသွားခဲ့ကြောင်း ၎င်းတို့၏မိခင် ဒေါ်နမ်းခမ်းမိုင်က ဆိုသည်။

“ခြံထဲမှာဘာမှမတွေ့ဘူး၊ သားအခန်းထဲရှာတော့မှ ကွန်မန်ဒိုပြောက်ကျား အိပ်ရာခင်းတွေပါလာတော့ ကျွန်မက ဘာမှ အထူးတလည်မဟုတ်ဘူး ထင်တာပေါ့၊ သူတို့က ဘာမဟုတ်တာလေးတွေကို သိမ်းယူနေတော့၊ လက်ပ်တော့ပါသိမ်းယူတော့၊ ဒါဘာလို့လဲ၊ ဘာထိခိုက်မှုရှိလို့လဲ လိုက်မေးတယ်၊ စစ်ဆေးစရာရှိလို့ပါဆိုပြီး သိမ်းသွားတာ” ဟု ဒေါ်နမ်းခမ်းမိုင်က ဆက်ပြောသည်။

အသက် ၂၈ နှစ်အရွယ် စိုင်းခွန်မိုင်းမှာ သြဂုတ်လ ၁၇ ရက်နေ့ ညတွင် ဖမ်းဆီးခံခဲ့ရပြီး၊ အသက် ၂၄ နှစ်အရွယ် စိုင်းလိုင်းစင့်ကို သြဂုတ် ၁၉ ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

သူတို့ကိုရဲအချုပ်မှာ စစ်ဆေးဖို့အတွက် တရားရုံးကနေ ရမန်ယူထားပါတယ်၊ ဒီရဲစခန်းမှာပဲ ထိန်းသိမ်းထားတယ်”ဟု ပြင်ဦးလွင် မြို့မရဲစခန်းမှ ရဲအရာရှိကပြောသည်။၎င်းတို့ ၂ ဦးကို သြဂုတ်လ ၂၀ ရက်နေ့က ပြင်ဦးမြို့နယ် တရားရုံးတွင် ရုံးထုတ်ကာ ချုပ်နှောင်ခွင့် (ရမန်) ရယူခဲ့ခြင်းဖြစ်သည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ တပ်မတော်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းအား ဆက်သွယ်မေးမြန်းရာတွင် လက်ခံဖြေဆိုခြင်းမရှိပေ။

စိုင်းခွန်မိုင်းနှင့် စိုင်းလိုင်းစင့်တို့အား ဖမ်းဆီးရာတွင် တရားရုံးအမိန့်မပါဘဲ ၂၄ နာရီထက်ကျော်လွန် ချုပ်နှောင်ထားခြင်း၊ ဖမ်းဆီးထားမှုနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာမှုမရှိခြင်းနှင့် ပြည်သူလူထုမျက်ကွယ်တွင် ဖိအားပေးအကျပ်ကိုင်ကာ ဝန်ခံထွက်ဆိုခိုင်းမည်ကို စိုးရိမ်မိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ရှမ်းလူငယ်ကွန်ရက်အဖွဲ့၏ ဩဂုတ်လ ၂၆ ရက်နေ့ ကြေညာချက်ထဲတွင် ဖော်ပြထားသည်။

စကားပြောစက်များမှာ ရှမ်းပြည်နယ်တွင် လွယ်ကူစွာ ဝယ်ယူရရှိနိုင်သော ကြိမ်နှုန်းအနိမ့် စကားပြောစက်ဖြစ်ပြီး စစ်သုံးပစ္စည်းမဟုတ်ကြောင်း၊ ကော်တိုင်းကျောင်းတွင်လည်း အသုံးပြုကြောင်း ကော်တိုင်းကျောင်း တည်ထောင်သူ စိုင်းဘုန်းခေါင်က ရှင်းပြသည်။

“မှားယွင်းစွာဖမ်းဆီးမှုပါ။ သူတို့က မြောက်ပိုင်းမဟာမိတ်နဲ့ ဘယ်လိုမှ ပတ်သက်စရာအကြောင်း လုံးဝမရှိဘူး။ ဘာလို့လဲဆိုတော့ ဆရာ(စိုင်း)လိုင်းစင့်ဆိုရင် ကျွန်တော်တို့ကျောင်းက ပြန်သွားတာ ငါးရက်လောက်ပဲ ရှိသေးတယ်” ဟု ၎င်းကပြောသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ကွန်ဟိန်းမြို့တွင် တည်ရှိသည့် ‌‌‌ကော်တိုင်းကျောင်းသည် ၂၀၀၄ ခုနှစ်ကတည်းက ထူထောင်ထားသော ပရဟိတကျောင်းဖြစ်ပြီး စိုင်းခွန်မိုင်းက ၂၀၀၇ ခုနှစ်၊ စိုင်းလိုင်းစင့်က ၂၀၀၉ ခုနှစ်တွင် ရောက်ရှိလာခြင်းဖြစ်ကြောင်း လက်ရှိတွင် ကျောင်းဆရာအဖြစ် လုပ်ကိုင်နေသူဖြစ်ကြောင်း စိုင်းဘုန်းခေါင်က ရှင်းပြသည်။

စိုင်းခွန်မိုင်းနှင့် စိုင်းလိုင်းစင့်တို့ မိသားစုများမှာ ယခင်က ရှမ်းပြည်ကျောက်မဲနှင့် မိုင်းလုံအကြား ဂန့်ဂေါရွာတွင် နေထိုင်ခဲ့ပြီး ပြင်ဦးလွင်ကို ပြောင်းလာသည်မှာ ၉ နှစ် ရှိပြီဖြစ်ကြောင်း ယင်းမိသားစုထံမှ သိရသည်။

Show More

Related Articles

Back to top button