အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မင်းပြားတွင် ဒေသခံ ၄၀၀၀ကျော် စစ်ပြေးရှောင်

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ပန်းမြောင်းတိုက်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့အကြား စစ်ရေးတင်းမာနေပြီး လက်နက်ကြီးများဖြင့် တိုက်ခိုက်နေကြသည့်အတွက် ဒေသခံ ၄၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေကြသည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက Myanmar Now ကို ပြောသည်။

ကျေးရွာများအနီး လက်နက်ကြီးဖြင့် ပစ်ခတ်နေမှုများကြောင့် ပန်းမြောင်းတိုက်နယ်အတွင်းရှိ ကျေးရွာငါးခုမှ ပြည်သူများသည် မင်းပြား၊ မြောက်ဦးတို့ရှိ ကယ်ဆယ်ရေးစခန်းများသို့ ထွက်ပြေးခိုလှုံနေကြကြောင်း ၎င်းက ဆိုသည်။

“လက်နက်ကြီးတွေပစ်တော့ ရွာသားတွေ သေဆုံးတာတွေကြောင့် ရွာသားတွေက စိုးရိမ်ကြတယ်။ ပိုဆိုးလာနိုင်မယ့်အခြေအနေရှိတယ်” ဟု ကိုဇော်ဇော်ထွန်းက ပြောသည်။

ဩဂုတ်လ ၂၄ရက်နေ့က မင်းပြားမြို့နယ် ပန်းမြောင်းတိုက်နယ်စာသင်ကျောင်းရပ်ကွက်၌ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ပြီး လူသုံးဦး သေဆုံးခဲ့ပြီး လေးဦး ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့သည်။ သေဆုံးသူ သုံးဦးတွင် ကလေးငယ်နှစ်ဦး ပါ၀င်သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ယင်းတိုက်ခိုက်မှုသည် ပန်းမြောင်းတိုက်နယ် ရွာအလယ်ရှိ အောင်မင်္ဂလာဘုန်းကြီးကျောင်းဝင်းတွင် တပ်စွဲထားသည့် တပ်မတော်ဘက်မှ ပစ်ခတ်ခြင်းဖြစ်ကြောင်း ဩဂုတ်လ ၂၅ရက်နေ့ ရက်စွဲဖြင့် AAက သတင်းထုတ်ပြန်ကာ စွပ်စွဲခဲ့သည်။ တိုက်ခိုက်မှုအတွက် လက်တုံ့ပြန်မည်ဟုလည်း AA ထုတ်ပြန်ချက်က ဆိုသည်။

သို့သော် တပ်မတော်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပန်းမြောင်းကျေးရွာအတွင်းသို့ ၎င်းတို့ မပစ်ခတ်ကြောင်း၊ ကျေးရွာနှင့်မျက်နှာချင်းဆိုင် တောင်ကုန်းပေါ်ရှိ AA တပ်ဖွဲ့များက ပစ်ခတ်ခြင်းကြောင့် ရွာသားများ သေဆုံးရခြင်းဖြစ်ကြောင်း Myanmar Now ကို ပြောသည်။

“သူတို့ရဲ့ထုတ်ပြန်ချက်က လုံးဝ အဓိပ္ပာယ်မရှိပါဘူး။ ကျွန်တော်တို့တပ်တွေက ရွာဘက်မှာ။ အရှေ့ဘက်တောင်ကုန်းတွေဘက်က (AA) ပစ်တဲ့ လက်နက်ကြီးတွေ ရွာထဲကျတာပါ။ တပ်မတော်အနေနဲ့ ရွာသားပစ်မှတ်တွေကို ရှောင်ရှားဖို့ သတိပေးထားပါတယ်။ ရွာနားတွေမှာ တိုက်ပွဲမဖော်ဆောင်ဖို့ကိုလည်း ထုတ်ပြန်ထားပါတယ်။ သူတို့(AA)ဘက်က လိုက်နာခြင်းမရှိပါဘူး”ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။

၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှ ယနေ့အထိ တပ်မတော်နှင့် AA တို့ အကြားတိုက်ပွဲများကြောင့် သေဆုံးသည့်အရပ်သား ၆၀ ကျော် နှင့် ထိခိုက်ဒဏ်ရာရသူ ၁၈၀ ကျော်ရှိကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး၏ စာရင်းအရ သိရသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles