
မန္တလေးတိုင်း ရေတံခွန်တောင်ဂေါက်ကွင်း အိမ်ရာစီမံကိန်းအတွက် သြဂုတ်လ ၂၅ ရက်နေ့က ခြံစည်းရိုးခတ်ရာမှ ဒေသခံတောင်သူများနှင့် ပဋိပက္ခဖြစ်ပေါ်ခဲ့မှုတွင် တောင်သူ ၁၀၀ ခန့်ကို ရဲတပ်ဖွဲ့က ပုဒ်မ ၆ ခုဖြင့် အမှုဖွင့်လိုက်ကြောင်း မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး စိုင်းလှထူးက ပြောသည်။
မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ရေကြည်ကျေးရွာတွင် ဖွံ့ဖြိုးသစ်ကုမ္ပဏီနှင့် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီတို့က ရေတံခွန်တောင် ဂေါက်ကွင်းစီမံကိန်း အကောင်အထည်ဖော်ရန် ခြံဝင်းခတ်နေစဉ် ဒေသခံတောင်သူများက တားဆီးရာမှ ပဋိပက္ခဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
လုံခြုံရေးတာဝန် ဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်များအား ရွာသူရွာသားများက ဆဲဆိုကြိမ်းမောင်းခြင်း၊ တုတ်ဓားလက်နက်များဖြင့် ပစ်ပေါက်ခြင်း၊ ဖန်ပုလင်းအတွင်း ဓာတ်ဆီများထည့်ကာ ပစ်ပေါက်ခြင်းများ ပြုလုပ်၍ ရဲတပ်ဖွဲ့ဝင် သုံးဦးနှင့် ကုမ္ပဏီမှခြံစည်းရိုးခတ်ရန် ငှါးရန်းထားသည့် အလုပ်သမား ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ရဲတပ်ဖွဲ့၏ပြောဆိုချက်အရ သိရသည်။
“သူတို့နစ်နာမှုရှိတယ်ဆိုရင် ရသင့်ရထိုက်တဲ့နေရာတွေကနေ ဥပဒေနဲ့အညီ တရားဝင်တင်ပြတောင်းခံပေါ့၊ အဲဒီလိုမဟုတ်ဘဲ ဥပဒေပြင်ပကနေ အကြမ်းဖက်လုပ်ရပ်လိုမျိုး ဓာတ်ဆီဖန်ပုလင်းတွေနဲ့ ပစ်ပေါက်တာတွေကြောင့် ကျွန်တော်တို့ ရဲတပ်ဖွဲ့နဲ့ဝန်ထမ်းတွေ ထိခိုက်ဒဏ်ရာရတာကြောင့် အမှုဖွင့်ရတာပါ” ဟု စည်ပင်သာယာရဲမှူး ဦးငြိမ်းချမ်းအောင်ကပြောသည်။
ကုမ္ပဏီအလုပ်သမားတစ်ဦးက ဓားဖြင့်ခုတ်၍ ဒေသခံများဘက်ကလည်း တောင်သူတစ်ဦး ဒဏ်ရာရရှိသွားခဲ့ကြောင်း မျက်မြင်တွေ့သူများကဆိုသည်။
“အမှုဖွင့်ခံထားရတာ မသိရသေးဘူး၊ ရဲက အကြောင်းမကြားသေးဘူး၊ ကျွန်မတို့ဘက်ကလည်း ဓားနဲ့ခုတ်တဲ့ ကုမ္ပဏီအလုပ်သမားနဲ့ စည်ပင်ကို အမှုပြန်ဖွင့်ထားတယ်” ဟု ဒေသခံတောင်သူ မနုနုက ပြောသည်။
ပုသိမ်ကြီးမြို့နယ် ဒုတိယမြို့နယ်မှူး ဒုရဲမှူး ခင်မောင်ထွန်းက တရားလိုပြုလုပ်၍ ပုသိမ်ကြီးမြို့မရဲစခန်းတွင် သြဂုတ်လ ၂၅ ရက်ညနေပိုင်းက တောင်သူ ဒေါ်လှခိုင်ပါ ၁၀၀ ဦးတို့အား တိုင်တန်းခဲ့ရာ ရာဇသတ်ကြီးဥပဒေ ပုဒ်မ- ၃၃၂/၃၃၃/၃၃၆/၂၉၄/၅၀၆/ ၁၁၄ တို့ဖြင့် အမှုဖွင့် အရေးယူထားသည်ဟု တိုင်းရဲတပ်မှူးရုံးထံမှ သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ပုသိမ်ကြီးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရဲမင်းဦးအား Myanmar Now မှ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ “ပြဿနာဖြစ်နေတာ ကြားတော့ မနေ့က သက်ဆိုင်တဲ့ ဌာနဆိုင်ရာတွေ သွားရောက်ရှင်းပြတယ်၊ ဒီမြေကြီးက ဖွံ့ဖြိုးသစ်ကုမ္ပဏီက လုပ်ပိုင်ခွင့်ရထားတယ်လို့ သိရတယ်။ ဧက၅ဝဝကျော်ရှိတယ်၊၊ သူတို့လုပ်ပိုင်ခွင့်ရထားတာ” ဟု ၄င်းကပြောသည်။
အဆိုပါ မြေဧက၅ဝဝကျော်ကို ၁၉၉၇ ခုနှစ်တွင် ဂေါက်ကွင်းစီမံကိန်း ပြုလုပ်ရန်ဟုဆိုကာ သိမ်းယူခဲ့ပြီး မြေဧက ၃ဝဝ ခန့်တွင် ရေတံခွန်တောင်ဂေါက်ကွင်းအဖြစ် အကောင်အထည်ဖော်ခဲ့ပြီး ကျန်ရှိသည့် မြေဧက ၂၅ဝ ခန့်မှာ စီမံကိန်းအတွက် အသုံးပြုခြင်းမရှိ၍ ပြန်လည်စွန့်လွှတ်ပေးရန် တောင်းဆိုနေခြင်း ဖြစ်ကြောင်း ဒေသခံများကဆိုသည်။