အကျဉ်းသား နှစ်သောင်းကျော် ယခုနှစ်နှစ်ဆန်းပိုင်းက လွတ်ငြိမ်းသက်သာခွင့်ပေးခဲ့သည့် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်မှာ အခြေခံဥပဒေ ပုဒ်မ ၂၀၄ ၏ မည်သည့်ပုဒ်မခွဲအရ ပေးခြင်းဖြစ်သလဲဟု ပြည်ခိုင်ဖြိုး ပြည်သူ့လွှတ်တော်အမတ် ဒုသမ္မတဟောင်း ဦးဉာဏ်ထွန်းက ယနေ့လွှတ်တော်တွင် မေးခွန်းထုတ်လိုက်သည်။
နိုင်ငံတော်သမ္မတရုံးက ယခုနှစ် ဧပြီလနှင့် မေလများတွင် ထုတ်ပြန်ခဲ့သည့် ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်မှာ အခြေခံဥပဒေ ပုဒ်မ ၂၀၄(က)တွင် ပါရှိသည့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်လား၊ ၂၀၄(ခ)တွင် ပါရှိသည့် လွတ်ငြိမ်းချမ်းသာခွင့်လား ဆိုသည့်အချက်ကို ကွဲကွဲပြားပြား သိလိုကြောင်း ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် မေးမြန်းခဲ့ခြင်းဖြစ်သည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၄ (က) အရ နိုင်ငံတော်သမ္မတသည် ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးခွင့်ရှိသည်ဟု ပါရှိပြီး ၂၀၄ (ခ) အရ လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုပါက အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ထောက်ခံချက်ကို နိုင်ငံတော်သမ္မတက ရယူရမည်ဖြစ်သည်။
ဦးဉာဏ်ထွန်းက ယခုနှစ်မေလက ထုတ်ပြန်ခဲ့သည့် သမ္မတ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်မှာ အခြေခံဥပဒေပုဒ်မ ၂၀၄ (က)နှင့်သာမက (ခ) နှင့်ပါ သက်ဆိုင်နေပြီး သမ္မတဟောင်း ဦးသိန်းစိန်လက်ထက်ကလည်း ထိုပုဒ်မနှစ်ခုလုံးကို အသုံးပြုခဲ့သည်ဟု ပြန်လည်ညွှန်းဆိုသည်။
အခြေခံဥပဒေပုဒ်မ ၂၀၄ (က) ပြစ်ဒဏ်လွတ်ငြိမ်းခွင့်မှာ သနားကရုဏာကို ပြသခြင်းဖြစ်ပြီး လူပုဂ္ဂိုလ်တစ်ဦးချင်းကို ပေးခြင်းဖြစ်ကြောင်း၊ ကာ/လုံ၏ ထောက်ခံချက်ကို ရယူရမည့် ခြေဥပုဒ်မ ၂၀၄(ခ) လွတ်ငြိမ်းချမ်းသာခွင့်မှာမူ အကြွင်းမဲ့လွတ်ငြိမ်းခွင့်ပေးခြင်းနှင့် အမှတ်မထားခြင်းဖြစ်ပြီး လူပုဂ္ဂိုလ်အုပ်စုလိုက်ကို ပေးခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်၏ အရေးကြီးပြဿနာများကို ဖြေရှင်းသည့် နိုင်ငံရေးနည်းနာဖြစ်ကြောင်း ၎င်းကပြောသည်။
ထို့ပြင် သမ္မတရုံးက မေလ ၇ ရက်နေ့တွင် ထုတ်ပြန်သည့် ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်အမိန့်တွင် “နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ချောမွေ့အောင်မြင်စေရန်နှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး အထောက်အကူပြုစေရန်” ဆိုသည့်အချက် ပါရှိနေကြောင်း၊ ယင်းမှာ နိုင်ငံတော်က လက်ငင်းရင်ဆိုင်နေရသည့် အရေးကြီး အမျိုးသားရေးကိစ္စများကို နိုင်ငံရေးနည်းအရ ဖြေရှင်းခြင်းဖြစ်၍ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၄ (ခ) ပါ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ထောက်ခံချက်နှင့်အညီ ဆောင်ရွက်ရမည့် လွတ်ငြိမ်းချမ်းသာခွင့် သဘောဆောင်နေကြောင်း ၎င်းကဆိုသည်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ယခုနှစ် နှစ်ဆန်းပိုင်း ဧပြီလ ၁၇ ရက်နေ့တွင် အကျဉ်းသား ၉,၅၃၅ ဦး၊ နိုင်ငံခြားသားအကျဉ်းသား ၁၆ ဦး၊ ဧပြီလ ၂၆ ရက်နေ့တွင် အကျဉ်းသား ၆,၈၄၈ ဦး၊ မေလ ၇ ရက်နေ့တွင် အကျဉ်းသား ၆,၅၂၀ ဦး စုစုပေါင်း ၂၂,၉၀၃ ဦးနှင့် နိုင်ငံခြားသား ၁၆ ဦးတို့ကို ရာဇဝတ်ကျင့်ထုံး ဥပဒေ ၄၀၁ ပုဒ်မခွဲ (၁) အရ စည်းကမ်းသတ်မှတ်ချက် မထားဘဲ ပြစ်ဒဏ်လွတ်ငြိမ်း သက်သာခွင့် ပြုခဲ့သည်။
ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၄ ပုဒ်မခွဲ (က) အရ နိုင်ငံတော်သမ္မတက ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ကို ပေးပိုင်ခွင့်ရှိပြီး၊ ရာဇဝတ်ကျင့်ထုံးဥပဒေ ၄၀၁ ပုဒ်မခွဲ (၁)နှင့်အညီ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုခဲ့ခြင်းဖြစ်သည်ဟု ယနေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် လာရောက်ရှင်းလင်း ဖြေကြားသည်။
သမ္မတရုံးက ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့် ထုတ်ပြန်ခဲ့သည့် ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁)တွင် “ပြစ်မှုတစ်စုံတစ်ရာအတွက် တစ်ဦးတစ်ယောက်အား ပြစ်ဒဏ်ချမှတ်ပြီးသည့်အခါ နိုင်ငံတော်သမ္မတသည် မည်သည့်အခါမဆို စည်းကမ်းချက်မထားဘဲဖြစ်စေ၊ ပြစ်ဒဏ်စီရင်ခြင်းခံရသူ သဘောတူသည့် စည်းကမ်းချက်တစ်ခု ထား၍ ဖြစ်စေ ၎င်းအပေါ်ချမှတ်သည့် ပြစ်ဒဏ်အတည်ပြုခြင်းကို ဆိုင်းငံ့ထားနိုင်သည် (သို့မဟုတ်) ၎င်းစီရင်သည့် ပြစ်ဒဏ်အားလုံး သို့မဟုတ် အစိတ်အပိုင်း တစ်စုံတစ်ရာကို လွတ်ငြိမ်းသက်သာခွင့်ပေး နိုင်သည်” ဟု ပါရှိသည်။
ဗိုလ်ချုပ်အောင်သူက “ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၁၃ (ဇ)တွင် အလွယ်တကူ ရရှိနိုင်သော မှတ်တမ်းများ (သို့မဟုတ်) စာအုပ်များတွင်ပါရှိသည့် အကြောင်းအရာများကို သိရှိရန် မေးမြန်းခြင်းမပြုရဟု စည်းကမ်းချက်သတ်မှတ်ထားရှိပြီး ယခုမေးခွန်းမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၀၄ (က) တွင်လည်းကောင်း၊ ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁တွင် လည်းကောင်း တိကျရှင်းလင်းစွာ ဖော်ပြထားပြီး ဖြစ်သည်ဟု ပြန်လည်ဖြေကြားခဲ့သည်။