သတင်း

လွတ်ငြိမ်းသက်သာခွင့်ပေးပြီးနောက် ၁၀၀ ကျော်ကို ချက်ချင်းပြန်ဖမ်း

စစ်ကောင်စီက လွတ်ငြိမ်းသက်သာခွင့်ဖြင့် အောက်တိုဘာလအတွင်း ပြန်လွှတ်ပေးခဲ့သည့် အကျဉ်းသားများအနက် နေ့ချင်း ပြန်လည်ဖမ်းဆီးခံလိုက်ရသူ ၁၁၀ ဦးရှိနေကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ယနေ့ထုတ်ပြန်သည်။

ထိုအထဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် သက်ဆိုင်သူများ၊ ဆန္ဒပြလှုပ်ရှားမှုခေါင်းဆောင်များ၊ နိုင်ငံရေးသမားများ ပါဝင်နေသည်။ 

အာဏာသိမ်းစစ်ကောင်စီက အောက်တိုဘာ ၁၈ တွင် ၄၃၂၀ ဦး၏ အမှုများကို ရုပ်သိမ်းပေးမည်၊ ထောင်ချခံထားရသူ ၁၃၁၆ ဦးကို ပြန်လွှတ်ပေးမည်ဟု ကြေညာခဲ့သည်။

ထို့နောက် အောက်တိုဘာ ၁၈၊ ၁၉ နှင့် ၂၀ တို့တွင် ထောင်အသီးသီးမှ အကျဉ်းသားများကို ပြန်လွှတ်ပေးခဲ့ရာတွင် အများအပြားကို ပုဒ်မနောက်တစ်ခုတပ်ကာ ပြန်လည်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ 

အောက်တိုဘာ ၁၈ ညနေတွင် လွတ်စာရင်း၌ ပါဝင်သောကြောင့် ပြန်လွှတ်ပေးခဲ့၍ မိတ္ထီလာထောင်ဘူးဝတွင်ပင် ရှိနေစဉ် မိတ္ထီလာအမတ် ဦးလွင်မောင်မောင်အပါအဝင် NLD ပါတီဝင် ၆ ဦးကို အခြားပုဒ်မတပ်၍ ပြန်ဖမ်းဆီးသည်ဟု ထိုထောင်မှ ပြန်လွတ်လာသူတစ်ဦးက Myanmar Now ကို ပြောသည်။

ဦးလွင်မောင်မောင်၊ NLD မိတ္ထီလာခရိုင်အတွင်းရေးမှူး ဦးသက်မောင်မောင်တို့ကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) စသည့် အဖွဲ့များနှင့် ဆက်သွယ်သည်ဆိုကာ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇/၁ ဖြင့် ကနဦးအမှုဖွင့်၍ မိတ္ထီလာမြို့ အမှတ်(၁) ရဲစခန်း၌ ချုပ်နှောင်ထားသည်။ 

မိတ္ထီလာထောင်၌ ခံဝန်ထိုး၍ ပြန်လွတ်လာသူ ၃၈ ဦးအနက် အထက်ပါ ၆ ဦးအပါအဝင် ၁၁ ဦးကို ချက်ချင်းပြန်ဖမ်းခြင်းဖြစ်သည်။ ပြန်အဖမ်းခံရသူများတွင် အမျိုးသား ၁၀ ဦးနှင့် အမျိုးသမီး ၁ ဦးပါဝင်ကြောင်း၊ နောက်တစ်နေ့ (အောက်တိုဘာ ၁၉) တွင် ၄ ဦးကို ရဲစခန်းမှ ပြန်လွှတ်ပေးခဲ့ကြောင်း ပြန်လွတ်လာသူတစ်ဦးက ပြန်ပြောပြခြင်း ဖြစ်သည်။ 

အောက်တိုဘာ ၁၉ ရက်နေ့က ရန်ကုန်အင်းစိန်ထောင်မှ ပြန်လွတ်လာသူတစ်ဦးကို ထောင်အပြင်ဘက်မှ စောင့်ကြိုနေသည့် မိတ်ဆွေနှစ်ဦးကြားတွင် တွေ့ရစဉ်။ (ဓာတ်ပုံ – EPA)

NLD ပါတီဝင် အခြားအမျိုးသား ၄ ဦးဖြစ်သည့် ကိုသီဟကျော်၊ ကိုဇော်ထက်အောင်၊ ကိုအောင်ကျော်ထက် တို့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ၅၀ (ည) ဖြင့်လည်းကောင်း၊ ကိုပိုင်ဇေစိုးဆိုသူကို မီးရှို့မှု ရာဇသတ်ကြီးပုဒ်မ ၄၃၆ ဖြင့်လည်းကောင်း အမှုဖွင့်ထားသည်ဟု ၎င်းက ဆိုသည်။ 

“(၃ ဦးကို) ကျတော့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေကို ထောက်ပံ့တယ်ဆိုပြီးတော့ ၅၀ (ည) နဲ့ ကပ်တယ်။ ပိုင်ဇေစိုးကိုကျတော့ ခရိုင်ပညာရေးမှူးရုံး မီးရှို့လို့ဆိုပြီးတော့ ၄၃၆ နဲ့ စွဲလိုက်တယ်” ဟု ၎င်းက ပြောသည်။

​​ပုဒ်မ ၅၀ (ည) သည် နိုင်ငံတော်အစိုးရက အကြမ်းဖက်အဖွဲ့ဟု သတ်မှတ်ထားသည့်အဖွဲ့ကို ငွေကြေးထောက်ပံ့ခြင်းဆိုင်ရာလုပ်ငန်းများ လုပ်ပါက တရားစွဲဆိုခံရမည့် ပုဒ်မဖြစ်ပြီး ပြစ်မှုထင်ရှားပါက ထောင်ဒဏ် တစ်သက်နှင့် ငွေဒဏ် ကျခံရမည့် ပုဒ်မဖြစ်သည်။

ရာဇသတ်ကြီးပုဒ်မ ၄၃၆ အရ အကျိုးဖျက်ဆီးပါက ထိုသူကို တစ်သက်တစ်ကျွန်းထောင်ဒဏ်ဖြစ်စေ၊ ဆယ်နှစ်အထိ ထောင်ဒဏ်အမျိုးမျိုးဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

ထို ၆ ဦးကို ရဲစခန်းတွင် ချုပ်ထားပြီး လာမည့် နိုဝင်ဘာ ၂ တွင်မှ ရမန်ယူ၍ ထောင်ကြီးချုပ်သို့ ပို့ရန် စီစဉ်ထားသည်ဟု ကြားသိရကြောင်း ထိုအမျိုးသားက ဆက်ပြောသည်။ ၎င်းသည် ၅၀၅-က ဖြင့် ထောင် ၃ နှစ် ချခံထားရသူဖြစ်ပြီး လွတ်ငြိမ်းဖြင့် ပြန်လွတ်လာသူ အရပ်သားတစ်ဦးဖြစ်သည်။

ထို့အတူ မန္တလေးတိုင်း၊ မြင်းခြံအကျဉ်းထောင်ဝ၌ ပြန်အဖမ်းခံရသူ ၂၂ ဦးရှိကြောင်း နိုင်ငံရေးအကျဉ်းသားများကို ကူညီပေးနေသူ မန္တလေးတိုင်းမှ ရှေ့နေတစ်ဦးက Myanmar Now ကို ယနေ့ (အောက်တိုဘာ ၂၁) တွင် အတည်ပြုပြောသည်။

အင်းစိန်ထောင်မှ ပြန်လွတ်လာသည့် သားငယ်အား မိခင်မှ ပန်းစည်းပေးနေသည်ကို အောက်တိုဘာ ၁၉ က တွေ့ရစဉ်။ (ဓာတ်ပုံ-EPA)

မကွေးထောင် (ဒေါင်းနေထောင်) ၌ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၆ ဦးအပါအဝင် စုစုပေါင်း ၈ ဦး၊ ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်ထောင်၌ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုဘဲဥ၊ ကိုဝင်းမင်းသန်း၊ ဇီးကုန်းမြို့နယ် NLD အတွင်းရေးမှူး ကိုပြည်ကျော်တို့ ၃ ဦး စသဖြင့် ပြန်လည်ဖမ်းဆီးခံလိုက်ရသည်ဟု ပဲခူးအခြေစိုက် မြေလတ်အသံသတင်းဌာနတွင် ရေးသားဖော်ပြထားသည်။

ကယားပြည်နယ် လွိုင်ကော်ထောင်မှ ပြန်လွှတ်ပေးသူ ၂၀ ဦးအနက် ၂ ဦး၊ စစ်ကိုင်းတိုင်း မုံရွာထောင်မှ တကသကျောင်းသားအလုပ်အမှုဆောင်ဟောင်း ကိုခန့်ဇင်ကို၊ ရန်ကုန် အင်းစိန်ထောင်မှ နိုင်ကျဉ်း ကိုသက်ပိုင်ထွေးနှင့် အဆိုတော် အီတိုးတို့ ပြန်ဖမ်းဆီးခံခဲ့ရသည်။ 

အလွှတ်ပြပြီး ပြန်ဖမ်းရခြင်းနှင့် ပတ်သက်ပြီး စစ်ကောင်စီပြန်ကြားရေးအရာရှိ ဗိုလ်ချုပ်ဇော်မင်းထွန်းကို မေးမြန်းရန် ကြိုးပမ်းသော်လည်း ဖုန်းအဆက်အသွယ် မရသေးပေ။

အောက်တိုဘာ ၁၉ တွင် RFA သတင်းဌာနက မေးမြန်းရာတွင်မူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ထိုကိစ္စနှင့် ပတ်သက်ပြီး အသေးစိတ်မသိဟု အကြောင်းပြန်ထားသည်။

ထိုသို့ လွတ်မြောက်ပြီးခါမှ အခြားပုဒ်မတပ်၍ ချက်ချင်းဖမ်းဆီးခြင်းသည် ဖမ်းဆီးခံများပြန်လွတ်မည်ကို စောင့်ကြိုနေသည့် သက်ဆိုင်ရာ မိသားစုအသီးသီးကို စိတ်ဒဏ်ရာ ပြင်းပြင်းထန်ထန်ရစေကြောင်း၊ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာညှဉ်းပန်းနှိပ်စက်မှုဖြစ်၍ ပြင်းထန်စွာရှုတ်ချကြောင်း AAPP ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်

Show More

Related Articles

Back to top button