သတင်း

အင်းစိန်ထောင်မှ လွတ်သော လူငယ်တစ်ဦး နာရီပိုင်းအတွင်း ပြန်အဖမ်းခံရ

အောက်တိုဘာ ၁၉ ညပိုင်းက ရန်ကုန်၊ အင်းစိန်ထောင်မှ လွတ်မြောက်လာသည့် အသက် ၃၀ အရွယ် ကိုသက်ပိုင်ထွေးကို ထိုညမှာပင် ရဲများက နေအိမ်၌ လာရောက်ဖမ်းဆီးသွားသည်ဟု မိသားစုဝင်တစ်ဦးက Myanmar Now ကို ပြောသည်။

ည ၈ နာရီ ၁၅ တွင် အင်းစိန်မြို့နယ် နေအိမ်သို့ ပြန်ရောက်ပြီး ည ၉ နာရီကျော်ခန့်၌ ရဲများက အိမ်စီးကားဖြင့် ရောက်လာပြီး မေးမြန်းစရာရှိသည်ဟုဆိုကာ သူ့ကို အင်းစိန်ရွာမရဲစခန်းသို့ ခေါ်ဆောင်သွားသည်ဟု ဆိုသည်။

“လွတ်ပြီး သွားခေါ်လာပြီးတော့ အိမ်လည်းရောက်ရော မိသားစုတွေ မပျော်တောင် မပျော်ရသေးပါဘူး။ ဘာမှ မပြောဘူး၊ သူ့ကို မေးစရာနည်းနည်းကျန်ခဲ့လို့ စခန်းကို လိုက်ခဲ့ပါ၊ လာခေါ်ပြီး ကားပေါ်ကို ဆွဲတင်တယ်။ ကျွန်တော်လည်းလိုက်မယ်ဆိုတော့ ကားမဆံ့ဘူး၊ လိုက်လို့မရဘူးဆိုပြီး ထားခဲ့တယ်”ဟု ထိုမိသားစုဝင်က ဆိုသည်။ 

နောက်တစ်နေ့မနက်တွင် မိသားစုဝင်များက ရဲစခန်းသို့ သွားခဲ့သော်လည်း တွေ့ခွင့်မရကြောင်း၊ ထိုနေ့ နေ့လယ်တွင် အင်းစိန်ထောင်သို့ ပို့ဆောင်လိုက်သည်ကို သိရှိခဲ့ရကြောင်း ၎င်းက ဆက်ပြောသည်။

“မှားလွှတ်မိလို့ ပြန်လာပြီး လာဖမ်းတာတဲ့။ နေ့ခင်း ထမင်းစားချိန် ထမင်းသွားပို့တော့ ထမင်းထုပ်တွေ ယူထားလိုက်တယ်။ ပြီးတော့ အဲဒီ (ရဲစခန်း) က တစ်ယောက်က ထွက်လာပြီးတော့ ပြောတယ်၊ မရှိတော့ဘူး ထောင်ထဲ ပို့လိုက်ပြီတဲ့ ”ဟု  ၎င်းက ရှင်းပြသည်။ 

ကိုသက်ပိုင်စိုး ပြန်ဖမ်းဆီးခံရမှုနှင့် ပတ်သက်ပြီး အင်းစိန်ရွာမရဲစခန်းသို့ Myanmar Now က မေးမြန်းရန် ကြိုးပမ်သော်လည်း အဆက်အသွယ်မရရှိခဲ့ပေ။ 

စစ်ကောင်စီကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့သည့် ကိုသက်ပိုင်ထွေးသည် မေလ ၂ ရက်နေ့က ရန်ကုန်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ဖမ်းဆီးခံရပြီးနောက် ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅- က ဖြင့် အမှုဖွင့် တရားစွဲခံရသည်။ 

စစ်ကောင်စီက လွတ်ငြိမ်းသက်သာခွင့်ပေးသည်ဟုဆိုကာ အောက်တိုဘာ ၁၈၊ ၁၉၊ ၂၀ တို့တွင် ပြန်လွှတ်ပေးခဲ့သည့် အကျဉ်းသားများအနက် နေ့ချင်း ပြန်ဖမ်းဆီးခံလိုက်ရသူ ၁၁၀ ဦး ရှိနေသည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ယမန်နေ့ (အောက်တိုဘာ ၂၁ ) ၌ ထုတ်ပြန်သည်။

ထိုကဲ့သို့ လွတ်မြောက်ပြီး ထောင်ဘူးဝရောက်မှ ထပ်မံဖမ်းဆီးခံရခြင်း သို့မဟုတ် မိသားစုနှင့် နာရီပိုင်းမျှ နေ၍ ထပ်မံဖမ်းဆီးခံရခြင်းသည် ကာယကံရှင် နိုင်ငံရေးအကျဉ်းသားကိုသာမက မိသားစုကိုပါ ပြင်းထန်သော စိတ်ဒဏ်ရာများ ရစေကြောင်း၊ တစ်နည်းအားဖြင့် ထိုလုပ်ရပ်သည် ရက်စက်ကြမ်းကြုတ်သော စိတ်ပိုင်း/ရုပ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုပင်ဖြစ်ကြောင်း AAPP ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

အာဏာသိမ်းစစ်ကောင်စီဘက်ကမူ ရင်ဆိုင်နေရဆဲ အမှု ၄၃၂၀ မှုကို ပိတ်သိမ်းမည်၊ ထောင်ချခံထားရသူ ၁၃၁၆ ဦးကို ပြန်လွှတ်မည်ဟု ကြေညာခဲ့သော်လည်း တကယ့်လက်တွေ့၌ အကျဉ်းသား ၅၀၀၀ ကျော် ပြန်လွှတ်မလွှတ် အသေးစိတ်မသိရပေ။

အောက်တိုဘာ ၁၈ ညနေတွင် လွတ်စာရင်း၌ ပါဝင်သောကြောင့် ပြန်လွှတ်ပေးခဲ့၍ မိတ္ထီလာထောင်ဘူးဝတွင် ရှိနေစဉ် မိတ္ထီလာအမတ် ဦးလွင်မောင်မောင်အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် ၆ ဦး အခြားပုဒ်မတပ်၍ ပြန်ဖမ်းဆီးခံရသည်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်

Show More

Related Articles

Back to top button