
ပြီးခဲ့သည့် သီတင်းပတ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက ထိန်းသိမ်းခဲ့သည့် ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့ ဒေသခံ ၁၃ ဦးအနက် ၈ ဦးအား ယမန်နေ့က ပြန်လွှတ်ပေးလိုက်ပြီး ကျန် ၅ ဦးအား အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေဖြင့် ရဲတပ်ဖွဲ့ကတရားစွဲရန် ပြင်ဆင်လျက်ရှိသည်။
တပ်မတော်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များက ဩဂုတ်လ ၉ ရက်နေ့ ညနေပိုင်းက ဘူးသီးတောင်မြို့နယ် ကျောက်ရံရွာမှ ရွာသား ၁၃ ဦးအား ရက္ခိုင့်တပ်တော် AA နှင့် ပတ်သက်သည့် သံသယဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ဖမ်းဆီးခံထားရသူများအနက် ကျောက်ရံကျေးရွာအုပ်ချုပ်ရေးမှူး ဦးစံမောင်၊ ရွာသား ဦးကျော်သူစိုး၊ ရွာကျောင်းဆရာ ဦးအောင်နိုင်ထွန်း နှင့် ဖမ်းဆီးစဉ်က ကျောက်ရံရွာသို့ ရောက်ရှိနေသည့် သရက်ပြင်ရွာသား ဦးမောင်ထွန်းစိန်နှင့် ဖုံညိုလိပ်ရွာသား ဦးဖြူတောင်းတို့အား ဆက်လက်ဖမ်းဆီးထားပြီး ကျန်သံသယရှိသူများအား ယမန်နေ့ညက ပြန်လွှတ်ပေးခဲ့သည်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ပြောခွင့်ရ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ကျောက်ရံရွာအနီးတွင် မကြာခဏ မိုင်းပေါက်ကွဲပြီး မိုင်းခွဲသူများမှာ ကျောက်ရံရွာသားများဖြစ်ကာ ၎င်းတို့ထဲမှ တချို့မှာ AA ဆက်စပ်သူများဖြစ်ကြောင်း သတင်းရသည့်အတွက် ဝင်ရောက်စစ်ဆေးရခြင်းဖြစ်သည်ဟု ပြောသည်။
ထို့အပြင် ကျောင်းဆရာ၏လက်ကိုင်ဖုန်းထဲမှ AA နှင့်ပြောဆိုဆက်သွယ်ချက်များအပြင် ကျောက်ရံရွာအုပ်ချုပ်ရေးမှူးထံမှ မပေါက်ကွဲသေးသည့် ဗုံးသီးများကို တွေ့ရသည်ဟု ၎င်းက ဆက်လက်ပြောသည်။
သို့သော် ကျောင်းဆရာ၏ဖခင် ဦးဘသန်းမောင်က သူ၏သားအပေါ်စွပ်စွဲမှုများအား ငြင်းဆန်ပြီး သူ၏သားသည် ကျောက်ရံကျေးရွာတွင် ကျောင်းဆရာအဖြစ် တာဝန်ကျနေခြင်းသာဖြစ်ကာ AA တပ်ဖွဲ့ဝင် မဟုတ်ကြောင်း ပြောသည်။
ဖမ်းဆီးစစ်ဆေးနေသူ ၅ ဦးအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(က)ဖြင့် ချုပ်နှောင်ခွင့်(ရမန်) နှစ်ပတ်ပေးထားသည်မှာ မှန်ကန်ကြောင်း ဘူးသီးတောင်မြို့နယ် တရားသူကြီး ဦးဉာဏ်ထွန်းက Myanmar Now ကို အတည်ပြုပြောဆိုသည်။
“ အမှတ်(၃) နယ်ခြားစောင့်ရဲတပ်ရင်းမှာပဲ သူတို့ကို လောလောဆယ်ကတော့ အမှုနဲ့ပတ်သက်ပြီး စစ်ဆေးနေတယ် ” ဟု ဦးဉာဏ်ထွန်းက ပြောသည်။
အဆိုပါ ပုဒ်မသည် ပြစ်မှုထင်ရှားပါက အနည်းဆုံးထောင်ဒဏ် ၁၀ နှစ်မှ အများဆုံး တစ်သက်တစ်ကျွန်းအပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။
ချုပ်နှောင်ခွင့်(ရမန်)မှာ ဩဂုတ်လ ၂၇ ရက်နေ့တွင် ကုန်ဆုံးမည်ဖြစ်ပြီး ဖမ်းဆီးခံရသည့် ၅ ဦးကို ထိုနေ့တွင် ဘူးသီးတောင်မြို့နယ် တရားရုံး၌ပင် ပြန်လည်ရုံးထုတ်မည်ဖြစ်သည်။
စစ်တွေမြို့တွင် အခြေစိုက်ပြီး ရခိုင်စစ်ဘေးရှောင်များအရေး ကူညီပေးနေသလို တိုက်ပွဲအတွင်း အချက်အလက်များ စုဆောင်းနေသည့် ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)၏ ဇူလိုင်လအထိ အချက်အလက်များအရ တပ်မတော်နှင့်ရဲတပ်ဖွဲ့၏ဖမ်းဆီးခြင်းခံရသူ ဒေသခံအရေအတွက်မှာ ၈၇ ဦးအထိရှိလာပြီး ထိုအထဲမှ ၇၀ ကျော်မှာ တရားစွဲဆိုခံထားရသည်ဟု သိရသည်။