သတင်း

ရခိုင်ပြည်နယ်တွင် တပ်မတော်ပစ်ခတ်မှုကြောင့် ဆိုင်ကယ်စီးလာသူတစ်ဦး ထပ်မံသေဆုံး

ရခိုင်ပြည်နယ် စစ်တွေနှင့် ပုဏ္ဏားကျွန်းမြို့နယ်အစပ် အမြင့်ကျွန်း မင်းချောင်းတံတားအနီးတွင် တပ်မတော်ပစ်ခတ်မှုကြောင့် ဆိုင်ကယ်စီးလာသော ဒေသခံလူငယ်တစ်ဦး ထပ်မံသေဆုံးပြီး တစ်ဦးကို ဖမ်းဆီးထားကြောင်း သေဆုံးသူ၏ မိသားစုဝင်များက ယနေ့ ပြောဆိုသည်။

အမြင့်ကျွန်းရွာသားများဖြစ်သည့် ကိုချစ်သူအောင်နှင့် ကိုမျိုးကျော်ဦးတို့နှစ်ဦးမှာ ယမန်နေ့ည ၁၁ နာရီခန့်က ၄င်းတို့အလုပ်လုပ်သည့် ဂဏန်းဒိုင်မှ ၄င်းတို့နေထိုင်ရာ အမြင့်ကျွန်းရွာသို့ပြန်လာစဉ် ယင်းသို့ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ကိုချစ်သူအောင်၏အဒေါ် ဒေါ်ရွှေနှင်းဆီက ပြောသည်။

“ အလုပ်ပြီးလို့ပြန်လာတာတာပါ၊ ဘာအပြစ်မှလည်းမလုပ်ထားဘူး အေးအေးနေတဲ့ကလေးပါ ” ဟု ဒေါ်ရွှေနှင်းဆီက ပြောသည်။

ကိုချစ်သူအောင် သေဆုံးကြောင်းကို ပုဏ္ဏားကျွန်းမြို့နယ်ရဲစခန်းက လာရောက်အကြောင်းကြားသည်ကို ယနေ့မနက် ၈ နာရီခန့်တွင်မှ သိရသည်ဟု ဒေါ်ရွှေနှင်းဆီက ပြောသည်။

ပစ်ခတ်မှုဖြစ်ပြီး နာရီအနည်းငယ်အကြာ မနက် ၁ နာရီခန့်တွင် သေဆုံးသူအလောင်းအား လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်တွေဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ဆိုင်ကယ်ရပ်တန့်ပေးသည့် ကိုမျိုးကျော်ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ပုဏ္ဏားကျွန်းမြို့နယ်ရဲစခန်းသို့ အပ်နှံလိုက်သည်။ အဆိုပါရဲစခန်းသို့ Myanmar Now က ဖုန်းဖြင့်ဆက်သွယ်သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။

ကိုချစ်သူအောင်နှင့် ကိုမျိုးကျော်နိုင်တို့ကို စစ်ဆေးရန်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ရပ်တန့်ခိုင်းရာတွင် ကိုမျိုးကျော်ဦးက ဆိုင်ကယ်ကို ရပ်တန့်ပေးခဲ့သော်လည်း ကိုချစ်သူအောင်က မရပ်ပေးသည့်အတွက် ပစ်ခတ်ရခြင်းဖြစ်ကြောင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ပြောခွင့်ရ ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောသည်။

ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် နယ်မြေဖြစ်သည့်အတွက် ညဘက်ထွက်လာသည့် ၄င်းတို့ကို ပုံမှန်စစ်ဆေးမှုများ ပြုလုပ်ရန် ကြိုးစားစဉ် ဖြစ်ပွားရခြင်းဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောသည်။

“ စစ်တယ်ဆိုရင် အစစ်အဆေးခံလိုက်ပေါ့။ ရပ်ထားပေါ့။ ဒါဆို ဘာမှ ပြဿနာမရှိဘူး။ အခုက ဆိုင်ကယ်ကို မောင်းပြေးတယ်။ မောင်းပြေးလို့ ရပ်လို့အော်တဲ့အချိန်မှာ မရပ်တဲ့အတွက်ကြောင့် ကျွန်တော်တို့က ပစ်ခတ်လိုက်ရတယ် ” ဟု ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောသည်။

ဇူလိုင် ၂၈ ရက်နေ့ည ၈ နာရီခန့်က မြောက်ဦးမြို့နယ်တွင် တပ်မတော်က စစ်ဆေးရန် ဆိုင်ကယ်ကို ရပ်တန့်ခိုင်းရာတွင် ရပ်တန့်မပေး၍ဟုဆိုကာ တပ်မတော်က သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့်အတွက် INGO ဝန်ထမ်းတစ်ဦးဖြစ်သူ ကိုရဲလင်းနိုင်မှာ ရင်ဘတ်တွင် သေနတ်ထိမှန်ဒဏ်ရာရရှိပြီး စစ်တွေဆေးရုံတွင် ဆေးကုသမှုခံနေရသည်။

Show More

Related Articles

Back to top button