သတင်း

မြောက်ဦးတွင် ဆိုင်ကယ်စီးလာသူတစ်ဦးကို တပ်မတော်က ပစ်ခတ်ဖမ်းဆီး

ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် မနေ့ည ၈ နာရီခန့်က တပ်မတော်၏ ပစ်ခတ်ဖမ်းဆီးမှုကြောင့် ဆိုင်ကယ်စီးနင်းလာသည့် အသက် ၂၆ နှစ်အရွယ် ကိုရဲလင်းနိုင်မှာ ဘယ်ဘက် ရင်ဘတ်တွင် သေနတ်ထိမှန်ဒဏ်ရာရရှိခဲ့ပြီး စစ်တွေဆေးရုံတွင် တက်ရောက်ကုသနေရသည်ဟု ၎င်း၏ဦးလေး ဦးစိန်ထွန်းက ယနေ့ (ဇူလိုင်လ ၂၉)တွင် ပြောသည်။

တပ်မတော်မှ ရှာဖွေစစ်ဆေးမှုများလုပ်နေစဉ် ဆိုင်ကယ်စီးနင်းလာသူ ကိုရဲလင်းနိုင်ကို တပ်မှ စစ်ဆေးရန် ရပ်တန့်ခိုင်းသော်လည်း ရပ်တန့်ခိုင်းသည့်အသံကို မကြားဘဲ ဆက်လက်မောင်းနှင်မိသဖြင့် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။

ဒီနေ့မနက်ပဲ စစ်တွေဆေးရုံရောက်တယ် စကားတော့ပြောနေနိုင်တယ်ဆိုပေမယ့် စိုးရိမ်ရတုန်းပဲ ဟု ဦးစိန်ထွန်းက ပြောသည်။

ပစ်ခတ်ခံရသည့် ကိုရဲလင်းနိုင်ကို တပ်က မြောက်ဦးဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ဒဏ်ရာမှာ စိုးရိမ်ရသည့်အတွက် ယနေ့မနက်တွင် စစ်တွေဆေးရုံသို့ ဆက်လက်ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။

မြောက်ဦးမြို့ ကျောက်ရဇ်ကေ ရပ်ကွက်အတွင်းရှိ ကျောက်ကုန်းတန်း ဘုန်းတော်ကြီးကျောင်းကို တပ်နှင့် မြောက်ဦးမြို့နယ် ရဲတပ်ဖွဲ့ဝင်တို့ ပူးပေါင်းပြီး မနေ့ ည ၈ နာရီခွဲခန့်က ရှာဖွေစစ်ဆေးနေစဉ် ဆိုင်ကယ်စီးနင်းလာသည့် ကိုရဲလင်းနိုင်မှာ စစ်ဆေးရန် ရပ်တန့်ခိုင်းသည်ကို ရပ်တန့်မပေးသဖြင့် ပစ်ခတ်ရခြင်းဖြစ်ကြောင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောသည်။

ထို့အပြင် ကိုရဲလင်းနိုင်မှာ ရက္ခိုင့်တပ်တော် AA မှ တပ်ဖွဲ့ဝင်ဖြစ်ကြောင်း၊ ၎င်းထံမှ ကွန်ပျူတာတစ်လုံး သိမ်းဆည်းရမိခဲ့ပြီး အချက်အလက်များကို စိစစ်နေဆဲဖြစ်သလို ၎င်း၏ ဆိုင်ကယ်တူးဘောက်အတွင်းမှ လက်ပစ်ဗုံး ၂ လုံးကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။

အရပ်သားဆိုရင် လက်နက်တွေ ကိုင်စရာမလိုဘူးလေ သေချာပါတယ် ဒီကောင်လေးက AA ပါ ဟု ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောသည်။

ပစ်ခတ်ခံရသူ ကိုရဲလင်းနိုင်အား မြောက်ဦးရဲစခန်းတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ထားကြောင်း ၎င်းက အတည်ပြုပြောဆိုသည်။

ကိုရဲလင်းနိုင်မှာ မင်းပြားမြို့နယ် ရွှေတမာကျေးရွာဇာတိဖြစ်ပြီး မြောက်ဦးတွင် ရုံးခွဲဖွင့်လှစ်ထားသည့် INGO တစ်ခုဖြစ်သည့် Plan International တွင် ဝန်ထမ်းအဖြစ် လုပ်ကိုင်နေသည်မှာ ၃ နှစ်ခန့် ရှိပြီဖြစ်သည်ဟု မိသားစုဝင်များက ပြောသည်။ AA တပ်ဖွဲ့ဝင်ဆိုသည့် တပ်၏စွပ်စွဲချက်ကိုလည်း မိသားစုဝင်များက ငြင်းဆိုသည်။

ကိုရဲလင်းနိုင်မှာ ၎င်းတို့၏ ဝန်ထမ်းဟုတ်မဟုတ် အတည်ပြုရန် Plan International သို့ ဖုန်းဆက်သွယ် မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိပေ။

ရခိုင်ပြည်နယ်တွင် တိုက်ပွဲများ စတင်ပြင်းထန်လာသည့် ၂၀၁၈ နိုဝင်ဘာလမှစ၍ တပ်မတော်၏ ပစ်ခတ်ဖမ်းဆီးခံရသည့် ဒေသခံအရေအတွက်မှာ မြင့်တက်နေဆဲဖြစ်ပြီး မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ တို့ဖြင့် ဖမ်းဆီးခံရမှုများလည်း ရှိနေသည်။

ထို့အပြင် ရက္ခိုင့်တပ်တော် AA မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၊ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်ညိုထွန်းအောင်၊ ဗိုလ်မှူးကြီးကျော်ဟန်နှင့် သတင်းပြန်ကြားရေးတာဝန်ခံ ခိုင်သုခ တို့ကိုလည်း မြောက်ဦးမြို့နယ်ရဲစခန်းမှ ဒုရဲမှူးအောင်သူက တရားလိုပြုလုပ်ကာ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်တရားစွဲဆိုထားသည်။

Show More

Related Articles

Back to top button