သတင်း

လူ့အခွင့်အရေးကော်မရှင်၏ ထောင်စနစ်ပြုပြင်ရန်အကြံပြုချက် လွှတ်တော်အမတ်များ ထောက်ခံ

မြန်မာနိုင်ငံရှိ အကျဉ်းထောင်နှင့် အကျဉ်းစခန်းများတွင် အကျဉ်းသားဦးရေ အဆမတန်များပြားနေခြင်း၊ ကျောက်ထုတ်စခန်းများတွင် အဓမ္မခိုင်းစေခံနေရကာ လုပ်အားအမြတ်ထုတ်ခံနေရခြင်းတို့ကို ပြုပြင်ပေးရန် ယနေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များက တိုက်တွန်းဆွေးနွေးခဲ့ကြသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ ၂၀၁၈ ခုနှစ် နှစ်ပတ်လည်အစီရင်ခံစာတွင် အကျဉ်းထောင်ဆိုင်ရာ အကြံပြုချက်များအပေါ် ကိုးကားပြီး လွှတ်တော်အမတ်များက ယင်းသို့ဆွေးနွေး တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

အမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ အကျဉ်းထောင်ဆိုင်ရာ အကြံပြုချက်များတွင် အကျဉ်းထောင်များတွင် အကျဉ်းသားဦးရေ အဆမတန်များပြားနေခြင်းကြောင့် အကျဉ်းထောင်အာဏာပိုင်များအနေဖြင့် စီမံအုပ်ချုပ်ရန် ခက်ခဲနေပြီး ကျန်းမာရေး၊ လူမှုရေးပြဿနာများလည်း ပေါ်ပေါက်လာနိုင်ကြောင်း အကြံပြုထားသည်။

ထို့ပြင် အကျဉ်းထောင်တွင် ဝင်ဆံ့သည့် ပမာဏထက် ၂၀၀ ရာခိုင်နှုန်း (၂ဆ)ကျော်ထိ အကျဉ်းသားဦးရေ မြင့်တက်နေပြီး နိုင်ငံတော်ဘဏ္ဍာငွေလည်း ပိုမိုသုံးစွဲနေရခြင်းကြောင့် အကျဉ်းသားဦးရေလျှော့ချရန် နည်းလမ်းပေါင်းစုံ အသုံးပြုသင့်သည်ဟု အစီရင်ခံစာက အကြံပြုထားသည်။

Myanmar Now က စုံစမ်းဖော်ထုတ်ခဲ့သည့် ဆောင်းပါးကို ဖတ်ရှုရန်

ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် ၁၀ မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် နော်လှလှစိုးက အကျဉ်းထောင်အတွင်း ရောက်ရှိနေသူများ၏ ၅၀ ရာခိုင်နှုန်းကျော်မှာ မူးယစ်ဆေးဝါးအမှုဖြင့် ရောက်ရှိနေကြခြင်းဖြစ်ကြောင်း၊ ပြင်ဆင်ထားသည့် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေတတ်သော ဥပဒေအရ မူးယစ်ဆေးဝါးသုံးစွဲသူများကို ထောင်ချခြင်းမဟုတ်ဘဲ လူမှုရေးပြစ်ဒဏ်များပေးရန် ပြောဆိုသည်။

မူးယစ်ဆေးဝါးအမှုဖြင့် အကျဉ်းထောင်တွင်းသို့ ပို့မည့်အစား လူမှုရေးပြစ်ဒဏ်များချမှတ်ပါက အကျဉ်းထောင်များတွင် အကျဉ်းသားဦးရေ အဆမတန်များပြားနေခြင်းကို လျှော့ချနိုင်မည်ဖြစ်ကြောင်း အကြံပြုသည်။

ကသာမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ကြည်က မြန်မာနိုင်ငံတွင် အကျဉ်းထောင် ၄၄ လုံးရှိပြီး လိုအပ်သည့်နေရာများတွင် အကျဉ်းထောင်များ ထပ်မံဆောက်လုပ်ရန် ပြည်ထဲရေးဝန်ကြီးဌာနကို တိုက်တွန်းလိုကြောင်း ပြောသည်။

ထို့ပြင် လူ့အခွင့်အရေးကော်မရှင်၏ ထိုအစီရင်ခံစာတွင် အမျိုးသမီးကျောက်ထုတ်စခန်းများ ပိတ်သိမ်းပေးရန် တိုက်တွန်းထားသည်။

ယင်းနှင့်ပတ်သက်ပြီး ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၁၁)မှ ဒေါက်တာခွန်ဝင်းသောင်းက အမျိုးသမီးကျောက်ထုတ်စခန်းများရှိ အကျဉ်းသူများမှာ သာမန်ယောက်ျားများပင် မလုပ်ကိုင်နိုင်သည့် အလုပ်ကြမ်းများကို လုပ်ကိုင်နေရပြီး နာတာရှည်ရောဂါစွဲကပ်ကာ အကျဉ်းစခန်းက လွတ်မြောက်သည်နှင့် သေပွဲဝင်ရဖို့သာ နီးစပ်နေသောကြောင့် အမျိုးသမီးကျောက်ထုတ်စခန်းများကို ပိတ်သိမ်းပေးရန် ထည့်သွင်းဆွေးနွေးခဲ့သည်။

ထို့ပြင် အကျဉ်းစခန်းများတွင် အကျဉ်းသားများ၏ လုပ်အားကို တစ်ရက်နှစ်ရာကျပ်ဖြင့် သတ်မှတ်ထားခြင်းမှာ ခေတ်နှင့်မလျော်ညီသည့်အတွက် တစ်ရက်ကို တစ်ထောင်ကျပ်အထိ တိုးမြှင့်သတ်မှတ်ပေးရန် ယင်းအစီရင်ခံစာတွင် တိုက်တွန်းထားသည်။

လုပ်အားခအပေါ် တမင်အသုံးချပြီး အမြတ်ထုတ် ရက်စက်ရာရောက်သလို ဖြစ်နေတာကြောင့် နာယကကြီးမှတစ်ဆင့် လုပ်အားခတိုးမြှင့် ချီးမြှင့်ပေးဖို့ ဒီကိစ္စကို မဖြစ်မနေလုပ်ဆောင်ပေးဖို့ ထပ်မံတိုက်တွန်းပါတယ် ဟု ဒေါက်တာ ခွန်ဝင်းသောင်းက ပြည်ထောင်စုလွှတ်တော်တွင် ထည့်သွင်းဆွေးနွေးခဲ့သည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က ၂၀၁၅ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း အကျဉ်းထောင် ၄၄ ခုကို ၆၈ ကြိမ်၊ အကျဉ်းစခန်း ၄၁ ခုကို ၅၆ ကြိမ် သွားရောက်လေ့လာခဲ့သည်ဟု အစီရင်ခံစာတွင် ပါရှိသည်။

Related Articles

Back to top button