
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာအား ထောက်ခံသည့် ဆန္ဒပြပွဲများ ကို ဇူလိုင်လ ၁၇ ရက်နေ့ မနက်ပိုင်းက မြန်မာနိုင်ငံ အနှံ့အပြားရှိ မြို့ကြီးများတွင် ပြုလုပ်ခဲ့ကြသကဲ့သို့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၅၉(စ)မပြင်ဆင်ရေးနှင့် သံဃာသင်းကွဲအောင် သွေးခွဲစော်ကားနေမှုများ ဆန့်ကျင်ရှုတ်ချပွဲကို ယင်းနေ့ညနေပိုင်းတွင် အပြိုင်ပြုလုပ်ခဲ့သည်။
ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွင် ပြုလုပ်သည့် ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးဆန္ဒပြပွဲတွင် ထောင်နှင့်ချီသည့် ရန်ကုန်မြို့နေလူထုက “၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီကို–ထောက်ခံပါသည်” ဟု အော်ဟစ်ကြွေးကြော်ခဲ့ကြသည်။
ရန်ကုန်မြို့တော်ခန်းမရှေ့တွင် ပြုလုပ်သည့် ဆန္ဒပြပွဲသို့ ရောက်ရှိနေသည့် နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးဖြစ်ပြီး ပန်းချီဆရာ တစ်ဦးလည်းဖြစ်သူ ဦးထူးထူးဟန်က
“၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ တပ်မတော်အစိုးရလက်ထက်တွင် ရေးဆွဲထားသည့် အခြေခံဥပဒေဖြစ်ပြီး တိုင်းရင်းသားအားလုံးကို ကိုယ်စားပြုနိုင်သည့် အခြေခံဥပဒေတစ်ရပ် ပေါ်ပေါက်မှသာ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အထောက်အကူ ပြုနိုင်မည်ဖြစ်သည်” ဟု ယုံကြည်ကြောင်း ပြောဆိုသည်။
အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ အပြီးသတ်အစီရင်ခံစာကို ပြီးခဲ့သည့် ဇူလိုင်လ ၁၅ ရက်နေ့က ပြည်ထောင်စုလွှတ်တော်တွင် တင်သွင်းခဲ့ခြင်းဖြစ်ပြီး ယနေ့တွင် မြန်မာနိုင်ငံ၏ အထင်ကရ မြို့ကြီးများဖြစ်သည့် ရန်ကုန်မြို့တော်၊ မုံရွာ၊ စစ်ကိုင်း၊ ရွှေဘို၊ တောင်ကြီး၊ ကလေး စသည့် မြို့ကြီးများတွင် အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ အပြီးသတ်အစီရင်ခံစာကို ထောက်ခံကြောင်း လူထုဆန္ဒဖော်ထုတ်ပွဲများ တစ်ပြိုင်တည်း ကျင်းပခဲ့သည်။
ယင်းသို့ပင် အမျိုးသားရေးခေါင်းစဉ်ဖြင့် ပြုလုပ်ခဲ့သည့် ဆန္ဒပြပွဲများ၌ ပါဝင်ခဲ့သူများက ဦးဆောင်ပြုလုပ်သော ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၅၉ (စ) မပြင်ဆင်ရေးနှင့် သံဃာအချင်းချင်း သင်းကွဲအောင် သွေးခွဲစော်ကားနေမှုများအား ဆန့်ကျင်ရှုတ်ချ ဆန္ဒဖော်ထုတ်ပွဲကိုလည်း ယနေ့ ညနေပိုင်းတွင်(ဇူလိုင်လ ၁၇ ရက်နေ့)ရန်ကုန်မြို့၌ ကျင်းပ ပြုလုပ်ခဲ့သည်။
ဥပဒေပြုသူများ ဥပဒေကို ချိုးဖောက်နေပြီး နိုင်ငံတော်ပုန်ကန်မှု ဖြစ်နေကြောင်း ဆန့်ကျင်ရှုတ်ချ ဆန္ဒဖော်ထုတ်ပွဲတွင် ဟောပြောသူ ဒေါ်သီရိနေလင်းက ပြောဆိုခဲ့သည်။
“ဥပဒေပြုတဲ့သူတွေကိုယ်တိုင် ဥပဒေကို ချိုးဖောက်နေတာလောက် ရုပ်ဆိုး၊ အကျည်းတန်တာ မရှိပါဘူးလို့ ပြောလိုက်ပါတယ်ရှင့်။ ဘယ်နိုင်ငံကဖြစ်ဖြစ် အဲဒီတည်ဆဲ ဥပဒေကို ကျော်လွန်ပြီးတော့ လုပ်ရင် အဲဒီတည်ဆဲဥပဒေကို ဖောက်ဖျက်ရင် နိုင်ငံတော်ပုန်ကန်မှုဖြစ်တယ်လို့ ပြောလိုက်ပါတယ်ရှင့်” ဟု ၎င်းက ပြောဆိုခြင်း ဖြစ်သည်။
ယနေ့ နေ့လယ် ၁ နာရီတွင် စတင်သည့် ကန့်ကွက်ဆန္ဒပြသော အဖွဲ့က ၎င်းတို့အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို “မပြင်ဆင်နဲ့” ဟု ဆိုလိုခြင်း မဟုတ်ဘဲ ပုဒ်မ ၅၉(စ)ကို မပြင်စေလိုခြင်းသာ ဖြစ်ကြောင်း ဆိုကြသည်။
ထို့ပြင် မနက် ၉ နာရီခန့်က ပြုလုပ်ခဲ့သည့် အခြေခံဥပဒေပြင်ဆင်ရေးအစီရင်ခံစာကို ထောက်ခံသူများအား ၎င်းတို့ကဲ့သို့ တိကျရေရာသည့် အကြောင်းအရာ မရှိပါဘဲ ထောက်ခံနေကြသည်မှာ ရှက်စရာကောင်းကြောင်း ဝေဖန်ပြောဆိုခဲ့သည်။
၎င်းတို့အနေဖြင့် နိုင်ငံခြားသားနှင့် သွေးနှောထားသူများကို သမ္မတနေရာ မရစေလိုကြောင်း၊ ပုဂ္ဂိုလ်ရေးကို ကြည့်၍ တစ်ဦးတစ်ယောက် အကျိုးအတွက် အဆိုပါပုဒ်မကို မပြင်ဆင်သင့်ကြောင်း ပြောဆိုကြသည်။
ထိုဆန္ဒပြပွဲတွင် ဟောပြောသူ တစ်ဦးဖြစ်သည့် ဦးဝင်းစိုး (အမျိုးသားရေး)က “ဒီနေ့ ရူးကြောင်ကြောင် အတွေးတွေနဲ့ တောင်တွေးမြောက်တွေး လုပ်နေမယ် ဆိုရင်တော့ ပါးရိုက်ခံရလိမ့်မယ်လို့ သတိပေးချင်ပါတယ်” ဟု ပုံတိုပတ်စများကို ဥပမာပေးကာ ပြောဆိုခဲ့သည်။
သို့သော် ပြည်ထောင်စုလွှတ်တော်တွင် တင်သွင်းထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး အစီရင်ခံစာတွင် ပြင်ဆင်ရမည့် အချက်ပေါင်း ၃၇၆၅ ချက်ပါဝင်ပြီး ထိုအစီရင်ခံစာတွင် တိုင်းရင်းသားပါတီမှကိုယ်စားလှယ်များက လွှတ်တော်အတွင်းရှိ တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို လွှတ်တော်က ထွက်သွားရန် အကြံပြုထားပြီး NLD ပါတီကမူ တစ်ဆင့်ခြင်း လျှော့ချသွားရန် အကြံပြုထားသည်။