သတင်း

အောင်သပြေရွာသားတစ်ဦးကို ထပ်ဖမ်း

ကျောက်မီးသွေး စွမ်းအင်သုံး အယ်လ်ဖာ ဘိလပ်မြေစက်ရုံစီမံကိန်း ပဋိပက္ခတွင် ပါဝင်သည်ဟုဆိုကာ အောင်သပြေကျေးရွာမှ အသက်သုံးဆယ်ကျော်အရွယ် ကိုကျော်ဇေယျကို ဇူလိုင်လ ၁၄ ရက်နေ့တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း ပုသိမ်ကြီးမြို့မရဲစခန်းက အတည်ပြုပြောကြားသည်။

ဟုတ်ကဲ့၊ ဖမ်းဆီးထားပါတယ်၊ ဘာလို့ဖမ်းလဲဆိုတော့ ကျေးရွာပဋိပက္ခမှာပါလို့ ဝရမ်းထုတ်ထားလို့ ဖမ်းတာပါ၊ နောက်ထပ်လည်း ဖမ်းဖို့အများကြီး ကျန်ပါသေးတယ်။ ဆက်လက်လုပ်ဆောင်သွားမှာပါ ဟု ပုသိမ်ကြီးမြို့မရဲစခန်းမှ ရဲတပ်ကြပ်လှခိုင်က ပြောသည်။

ရဲတပ်ဖွဲ့က ၎င်းအား ကျေးရွာ၏တောင်ဘက်တွင်ရှိသော ယာခင်းတွင် အလုပ်လုပ်ကိုင်နေစဉ် အရပ်ဝတ် ၅ ဦးဖြင့် ဝင်ရောက် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံဖြစ်သူ ဦးတင်လင်းက ပြန်ပြောပြသည်။

အောင်သပြေကျေးရွာမှ ရွာသူရွာသားများသည် ၎င်းတို့ကျေးရွာနှင့်ကပ်လျက် လာရောက်အကောင်အထည်ဖော်နေသည့် မြင့်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ၏ ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံကို အစဉ်တစိုက် ကန့်ကွက်လာခြင်းဖြစ်သည်။

မေလ ၁၄ရက်နေ့တွင် စက်ရုံ၏ ယာဉ်၊ ယန္တရားများ အသွားအလာပြုလုပ်နေသည့် လမ်းကို ပိတ်ဆို့တားဆီးခဲ့ကြရာမှ ရဲတပ်ဖွဲ့က ရာဘာကျည်များဖြင့် ပစ်ခတ်ဖြိုခွဲခဲ့ပြီး ရုန်းရင်းဆန်ခတ်ဖြစ်ကာ သတင်းထောက်တစ်ဦးအပါအဝင် ရွာသားအချို့ ဖမ်းဆီးခံခဲ့ရသည်။

ယင်းနောက် ရွာသားတို့က ကုမ္ပဏီဝင်းအတွင်းမှ ကားနှစ်စီးနှင့် အဆောက်အအုံအချို့ကို မီးရှို့ခဲ့ပြီး၊ ယာဉ်များမှ မှန်များလည်း ဖျက်ဆီးခဲ့သည်။

အဆိုပါဖြစ်စဉ်များနှင့် ပတ်သက်ပြီး ရွာသူရွာသားများအား မီးရှို့မှုအပါအဝင် ပုဒ်မ ၁၄၇(ရုန်းရင်းဆန်ခတ် မှု) ပုဒ်မ ၃၅၃(ပြည်သူ့ဝန်ထမ်းကို နှောင့်ယှက်ဟန့်တား) ပုဒ်မ ၃၃၂(ပြည်သူ့ဝန်ထမ်းကို သာမန်ဒဏ်ရာရအောင်ပြုမှု) ပုဒ်မ ၃၃၃(ပြည်သူ့ဝန်ထမ်းကို ပြင်းထန်ဒဏ်ရာရအောင်ပြုမှု) ပုဒ်မ ၁၁၄(အားပေးကူညီမှု) အစရှိသည့် ပုဒ်မများဖြင့် ပုသိမ်ကြီးမြို့မရဲစခန်းမှ တရားလိုပြုလုပ်ကာ အမှုဖွင့်လှစ်ထားပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် အမှုဖွင့်လှစ်ခံရသူများလည်းရှိသည်။

အဆိုပါ ပဋိပက္ခတွင် ပါဝင်သည်ဟုဆိုကာ အောင်သပြေရွာသား ကိုထွန်းမြင့်ဝင်းကို ဇွန်လ ၂ ရက်နေ့မနက်တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးပြီး အိုးဘိုထောင်သို့ ပို့ဆောင်ခဲ့ရာ အငြင်းပွားဖွယ်ရာ ဒဏ်ရာများဖြင့် ဇွန်လ ၅ ရက်နေ့တွင် ထောင်အတွင်း၌ သေဆုံးခဲ့သည်။

အဆိုပါ ပဋိပက္ခဖြစ်စဉ်တွင် ဝရမ်းထုတ်ခံထားရသူ အယောက်၃၀ကျော်အထိ ရှိနေကြောင်း ရှေ့နေဦးစည်သူထံမှ သိရသည်။

Show More

Related Articles

Back to top button