အလုပ်ချိန်အတွင်း မူးပြီး အလုပ်သမားများကို ရိုက်နှက်ခဲ့သည့် ဆီလီကွန်စက်ရုံပိုင်ရှင် တရုတ်နိုင်ငံသားက အလုပ်သမားများအား ယနေ့မနက်ပိုင်းက အလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူများရှေ့တွင် ပြန်လည်တောင်းပန်ခဲ့ကြောင်း အလုပ်သမားများက ပြောဆိုသည်။
ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ် မြောင်းတကာရှိ DAHAU ဆီလီကွန်စက်ရုံပိုင်ရှင် တရုတ်နိုင်ငံသားက စက်ရုံအလုပ်သမား ခြောက်ဦးကို အလုပ်ချိန်အတွင်း မူးပြီး ရိုက်နှက် ခိုင်းစေသည်ဟုဆိုကာ အလုပ်သမားများက နိုင်ငံတော်သမ္မတထံ တိုင်ကြားစာကို ဇူလိုင်လ ၁၀ ရက်နေ့က ပေးပို့ခဲ့ပြီး ယနေ့မနက် ၁၁ နာရီခွဲတွင်တော့ ရိုက်နှက်ခဲ့သည့် တရုတ်အလုပ်ရှင်က ပြန်တောင်းပန်ခဲ့ခြင်းဖြစ်သည်။
အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများရှေ့တွင် “သောက်စားပြီး ရိုက်မိခဲ့တဲ့အတွက် တောင်းပန်ပါတယ်။ နောက်လူတွေ ဒီလိုမဖြစ်အောင်လည်း တာဝန်ယူပါတယ်” ဟု ပြောဆိုကာ ရိုက်နှက်ခံခဲ့ရသော အလုပ်သမားများကို တောင်းပန်ခဲ့ကြောင်း ရိုက်နှက်ခံအလုပ်သမားတစ်ဦးဖြစ်သည့် ကိုကျော်သက်အောင်က ပြောသည်။
ဇူလိုင်လ ၆ ရက်နေ့ည ၁၂ နာရီကျော်က လုပ်ငန်းခွင်အတွင်း ထမင်းစားနားနေသော အလုပ်သမားများထဲမှ သန့်ရှင်းရေးတာဝန်ကျ အလုပ်သမားသုံးဦးအား သန့်ရှင်းရေးမလုပ်ထားဟုဆိုကာ နားရင်းတစ်ချက်စီအုပ်ခဲ့သည်ဟု ယနေ့ ရန်ကုန်မြို့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အလုပ်သမားများက ပြောသည်။
“ကျွန်တော်တို့က မလုပ်တော့ဘူး အိမ်ပြန်မယ်ဆိုပြီး စက်ရုံအပြင်ထွက်မယ်လုပ်တော့ လုံခြုံရေးတွေက သူဌေးခွင့်ပြုချက်မရရင် မသွားရဘူးဆိုပြီး ပြောတယ်။ နောက်မှ သူဌေးက မင်းတို့ အလုပ်ဆက်လုပ်မလုပ် အိမ်ပြန်စဉ်းစားကြလို့ ပြောတော့ ကျွန်တော်တို့ ထွက်ခွင့်ရတယ်” ဟု
အရိုက်နှက်ခံရသူ ၆ ဦးထဲမှ တစ်ဦးဖြစ်သည့် ကိုကျော်မင်းသူက ပြောသည်။
စက်ရုံအလုပ်ချိန်မှာ ည ၇ နာရီမှ မနက် ၇ နာရီအထိဖြစ်ပြီး အချိန်ပိုကြေး သုံးနာရီစာသာ ရသည်ဟု အဆိုပါ စက်ရုံတွင် ၃ နှစ်ကြာ အလုပ်လုပ်ခဲ့သည့် အလုပ်သမား ကိုကျော်သက်အောင် က Myanmar Now သို့ ပြောသည်။
“ကျွန်တော်တို့ အိုတီကြေး(အချိန်ပိုကြေး) ၄ နာရီကို သုံးနာရီပဲ သူတို့ပေးတယ်။ စက်ရုံမှာ လိုင်း ၈ ခုရှိတယ်။ ကျွန်တော်တို့လိုင်းက ထမင်းစားချိန် ၁ နာရီ ရသေးလို့ တော်သေးတယ်။ ကျန်တဲ့လိုင်းကလူတွေ ထမင်းကို အလုအယက် စားပြီး အလုပ်ပြေးလုပ်ရတာ” ဟု သတင်းထောက်များ၏ စက်ရုံတွင်းအလုပ်ချိန် မေးမြန်းမှုကို ရှင်းပြသည်။
ဆီလီကွန်ပြုလုပ်ရန် ကြိတ်ထားသည့် ရေသန့်ဘူး(ခုတ်ဖက်) အပိုင်းအစများ ကြမ်းပြင်သို့ ပြန့်ကျဲနေပြီး ထိုအစများ မရှင်းလင်းထားရာမှ ပြဿနာစခဲ့ခြင်းဖြစ်ကြောင်း အလုပ်သမားများက ဆိုသည်။
ပြန့်ကျဲနေသော ရေသန့်ဘူးဟောင်းအစများကို လက်ညှိုးထိုးကာ သန့်ရှင်းရေးမည်သူ့တာဝန်ဖြစ်သနည်းဟု မေးမြန်းခဲ့ကြောင်း ၊ ထို့နောက် တာဝန်ကျ အလုပ်သမားသုံးဦးကို ရှေ့သို့ခေါ်ထုတ်ကာ နားရင်းတစ်ချက်စီ ဖြတ်ရိုက်ခဲ့ကြောင်း ရိုက်နှက်ခံရသူ နောက်တစ်ဦးဖြစ်သည့် ကိုထက်မြက်စိုးက ပြောသည်။
၎င်းတို့ကို ရိုက်သည့်အချိန်သည် ထမင်းစားနားချိန်ဖြစ်ပြီး ည ၁၂ နာရီခွဲခန့် ရှိပြီဖြစ်ကြောင်း သူကပြောသည်။ ထို့နောက် စက်ရုံအနောက်ဘက် (လျှော်စက်လိုင်း)သို့ သွားပြီး နောက်ထပ် ၂ ဦးကို ထပ်မံခေါ်ထုတ်ကာ နားရင်းထပ်ရိုက်ခဲ့ကြောင်း ရှင်းပြသည်။
ထို့နောက် စက်ရုံအလုပ်သမားခေါင်းဆောင် ကိုထက်မြက်စိုးကို ရုံးခန်းအတွင်းသို့ ခေါ်ကာ အဆိုပါ တရုတ်သူဌေးက နားသယ်စပ်ကို တစ်ချက်ရိုက်ခဲ့ကြောင်း ဆိုသည်။
“ကျွန်တော်တို့ကို ဆဲတဲ့အထိ လက်ခံပေးလို့ရတယ်၊ အခုဟာက ကျွန်တော်တို့ကို အလုပ်သမားတွေရှေ့တင်ပဲ မူးပြီး နားရင်းကို ဖြတ်ရိုက်တာ။ အလုပ်သမားကို အလုပ်ရှင်ကရိုက်ပြီး ခိုင်းလို့ရတယ်လို့ ကျွန်တော်တို့ရှေ့မှာတင် စကားပြန်တွေက ပြောသွားတယ်” ဟု
ဇူလိုင်လ ၁၁ ရက်နေ့က Myanmar Now က ဖုန်းဖြင့်ဆက်သွယ် မေးမြန်းရာတွင် ပြန်လည်ဖြေကြားသည်။
ဇူလိုင်လ ၈ ရက်နေ့ နံနက်တွင် အဆိုပါကိစ္စကို မြောင်းတကာနယ်မြေရဲစခန်းသို့ သွားရောက်အမှုဖွင့်တိုင်တန်းရာ တိုင်ကြားသူ အလုပ်သမားများတွင် ထိခိုက်ဒဏ်ရာ ရရှိသည်ကို မတွေ့ရသဖြင့် ဆေးစာရေးမရတာကြောင့် အမှုဖွင့်မရကြောင်း၊ အလုပ်ရှင်ခေါ်၍ ညှိနှိုင်းရန် အကြံပေးခဲ့ကြောင်း အလုပ်သမားများက ဖုန်းဖြင့်ပြောသည်။
“ဒီလို အသေးအဖွဲလေးတောင် ဟိုတိုင်ဒီတိုင်လုပ်နေတာ၊ နင်တို့တွေ ဒီမှာအလုပ်မလုပ်ကြနဲ့တဲ့။ သူဌေးအစား ငါတောင်းပန်မယ် အဲ့ဒါမှမရရင် ကျွန်မကို လက်ထိတ်ခတ်ဆိုပြီး သူဌေးရဲ့စကားပြန် မမိုးမိုးက ပြောတယ်” ဟု ကိုထက်မြက်စိုးက ပြောသည်။
ရဲစခန်းတွင် ထိုသို့ပြောပြီး နောက်နေ့မနက်တွင် ၎င်းတို့ခြောက်ဦးအား အလုပ်မှထုတ်ပယ်ကြောင်း၊ အလုပ်ထုတ်နစ်နာကြေး လာယူရန် လူလွှတ်ပြောခိုင်းသည်ဟု သိရသည်။ အလုပ်သမားခြောက်ဦးတွင် ကျပ်၂၁၀,၀၀၀ မှ အမြင့်ဆုံး ၄၇၀,၀၀၀ ကျပ်စီ နစ်နာကြေးပေး အလုပ်ထုတ်ခဲ့သည်။
လက်ရှိတွင် အလုပ်ရှင်ဘက်မှ ၎င်းတို့ကို ပြန်လည်တောင်းပန်ခဲ့ပြီဖြစ်သည့်အတွက် ကျေအေးပေးခဲ့ပြီဖြစ်ကြောင်း ၎င်းတို့က ပြောသည်။
အဆိုပါ ( DAHAU) ဆီလီကွန်စက်ရုံသည် လှိုင်သာယာ(ရွှေလင်ဗန်း)နှင့် အရှေ့ဒဂုံ ရှိ စက်ရုံ ၂ ရုံမှ ကုန်ကြမ်းများယူကာ မြောင်းတကာစက်မှုဇုန်ဈေးအနီးတွင် ပင်မစက်ရုံအဖြစ် တည်ဆောက်ကာ လုပ်ကိုင်နေခြင်းဖြစ်သည်။