ရခိုင်အသင်း(စင်ကာပူ)မှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တချို့အား ပြည်နှင်ဒဏ်ပေးလိုက်သည့်ကိစ္စနှင့်ပတ်သက်ပြီး စင်ကာပူပြည်ထဲရေးဝန်ကြီးဌာန၏ ဇူလိုင် ၁၀ ရက်နေ့ ထုတ်ပြန်ချက်တွင် သုံးစွဲထားသည့် အသုံးအနှုန်းများသည် ပြင်းထန်လွန်းပြီး မျှတမှုမရှိကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA/AA) က ယမန်နေ့က ထုတ်ပြန်လိုက်သည်။
စင်ကာပူအစိုးရက ဖမ်းဆီးအရေးယူထားသော ရခိုင်အသင်း(စင်ကာပူ)မှ ဥက္ကဋ္ဌ ကိုဟိန်းဇော်အပါအဝင် ၆ ဦးကို ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့်တိုက်ပွဲဖြစ်ပွားနေသည့် ရက္ခိုင့်တပ်တော် AA ကို ရန်ပုံငွေရှာပေးနေသည့်အဖွဲ့အဖြစ် စင်ကာပူအစိုးရက စွပ်စွဲထားပြီး AA ကိုလည်း အကြမ်းဖက်အဖွဲ့အဖြစ် ခေါ်ဝေါ်သုံးစွဲထားသည်။
အဆိုပါ စင်ကာပူအစိုးရ၏ထုတ်ပြန်ချက် အသုံးအနှုန်းအများသည် တစ်ဖက်သတ်ဆန်သည့်အပြင် တရားမျှတမှုမရှိကြောင်းနှင့် ရခိုင်အသင်း(စင်ကာပူ)မှာ ရခိုင်ဒေသရှိ စစ်ဘေးရှောင်များအတွက် လှူဒါန်းငွေများ ရှာဖွေပေးနေသည့်အဖွဲ့ဖြစ်သည်ဟု AA ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခက ပြောသည်။
“ စင်ကာပူလိုသန့်ရှင်းတဲ့ နိုင်ငံတစ်ခုအနေနဲ့ ဒီကိစ္စကတော့ မဖြစ်သင့်ဘူးလို့ မြင်တယ်။ ဒါကြောင့် ပြန်စဉ်းစားပေးဖို့ တောင်းဆိုတဲ့သဘောနဲ့ ထုတ်ပြန်လိုက်တာဖြစ်တယ် ” ဟု ခိုင်သုခက ပြောသည်။
ဇူလိုင် ၉ ရက်နှင့် ၁၀ ရက်နေ့များတွင် ရခိုင်အသင်း(စင်ကာပူ)မှ ဥက္ကဋ္ဌအပါအဝင် ၆ ဦးကို စင်ကာပူ CID၊ လဝကနှင့် ရဲများက စင်ကာပူနိုင်ငံရှိ ၎င်းတို့၏ နေအိမ်အသီးသီးတွင် ဝင်ရောက်ဖမ်းဆီးလိုက်သည်။
ဖမ်းဆီးခံထားရသူများမှာ AA မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီတော်စပ်သူဟု ဆိုသည့် ကိုအောင်မြတ်ကျော်၊ ကိုထွန်းအေး၊ ရခိုင်အသင်း(စင်ကာပူ) ဥက္ကဋ္ဌ ကိုဟိန်းဇော်၊ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုသားလေး(ခ)ရဲကျော်ထက်၊ မေကြီး(ခ)အေးမြတ်မွန်နှင့် ကိုတင်လှိုင်ဦးတို့ဖြစ်သည်။
ဖမ်းဆီးထားသူများကို ပြည်နှင့်ဒဏ်ပေးမည်ဟု စင်ကာပူအစိုးရက ထုတ်ပြန်ပြီးနောက် ဇူလိုင်လ ၁၀ ရက်နေ့ည ၁၂ နာရီခန့်တွင် ကိုတင်လှိုင်ဦးနှင့် မမေကြီး(ခ)မအေးမြတ်မွန်တို့ ရန်ကုန်သို့ ပြန်လည်ရောက်ရှိခဲ့သည်။
၎င်းတို့ နှစ်ဦးအား နေပြည်တော်ရှိ ရဲစခန်းတစ်ခုတွင် ဖမ်းဆီးထားကြောင်း၊ မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကို မသိရကြောင်း ကိုတင်လှိုင်ဦးနှင့် အဆက်အသွယ်ရသည့် ရခိုင်အခြေစိုက် DMG သတင်းဌာနက ဖော်ပြထားသည်။
ဖမ်းဆီးမှုနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီးမျိုးသူစိုးကို Myanmar Now ကဆက်သွယ်သော်လည်း ၎င်းက ဖြေဆိုရန်ငြင်းဆန်သည်။
“ လောလောဆယ် ကျွန်တော် ပြောစရာမရှိသေးပါဘူး။ ပြောရမဲ့အချိန်ကျရင်တော့ ကျွန်တော်ပြောပါမယ် ” ဟု ရဲမှူးကြီးမျိုးသူစိုးက ပြောသည်။
ကိုအောင်မြတ်ကျော် အပါအဝင် ၄ ဦးမှာ မည်သည့်နေရာတွင် ရောက်ရှိနေကြောင်းကို Myanmar Now မှ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။
ထို့အပြင် ရက္ခိုင့်တပ်တော် AA မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်အပါအဝင် ထိပ်တန်းခေါင်းဆောင် ၄ ဦးကို မြောက်ဦးမြို့နယ် ရဲစခန်းမှ စခန်းမှူး ဒုရဲမှူးအောင်သူရက အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနှင့် အမှုဖွင့် တရားစွဲဆိုထားသည်။
AA သည် ၂၀၀၉ ခုနှစ်က ကချင်ပြည်နယ်တွင် စတင်တည်ထောင်ခဲ့သည့် အဖွဲ့ဖြစ်ပြီး ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည့် အဖွဲ့ဖြစ်သလို အကြမ်းဖက်သောင်းကျန်းသူအဖွဲ့အဖြစ် အစိုးရနှင့် တပ်မတော်က သတ်မှတ်ထားသည်။