မဘသအဖွဲ့ကို အမည်ပြောင်းထားသည့် အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေး ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း၏ ဇွန်လလယ် စုံညီတွေ့ဆုံပွဲ၌ တပ်မတော်က အလှူငွေ သိန်း ၃၀၀ ထည့်ခဲ့ခြင်းသည် “နိုင်ငံတော်သံဃမဟာနာယက အဖွဲ့၏ ဆုံးဖြတ်ချက်ကို ဆန့်ကျင်ရာရောက်သော လုပ်ရပ်” ဖြစ်သည်ဟု အရပ်သားအစိုးရ၏ သာသနာရေးဝန်ကြီးဌာနက ဆိုလိုက်သည်။
“ထို့အပြင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ က တရားမဝင်ဟု သတ်မှတ်ထားသော အဖွဲ့ထံ အဖွဲ့အစည်းကြီးတစ်ခုမှ ငွေကျပ်သိန်း ၃၀၀ လှူဒါန်းခဲ့ခြင်းသည် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့၏ ဆုံးဖြတ်ချက်ကို ဆန့်ကျင်ရာရောက်သော လုပ်ရပ်တစ်ခုဖြစ်ကြောင်း အများပြည်သူက ရှုမြင်ကြပါသည်” ဟု ဇွန်လ ၂၇ ရက်နေ့စွဲဖြင့် “သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ရန်လိုအပ်” ခေါင်းစဉ်ဖြင့် ရေးသားထားသည့် အဆိုပါ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
သာသနာရေးဝန်ကြီးဌာနက အမည်မတပ်ဘဲ ရေးထားသည့် “အဖွဲ့အစည်းကြီးတစ်ခု” ဆိုသည်မှာ ရန်ကုန်တိုင်း စစ်ဌာနချုပ်ကို ဆိုလိုခြင်းဖြစ်ပြီး ယင်းနေ့က တိုင်းမှူးဗိုလ်ချုပ် သက်ပုံကိုယ်တိုင် ထိုအခမ်းအနားသို့ တက်ကာ ကျပ်သိန်း ၃၀၀ လှူဒါန်းခဲ့ခြင်းဖြစ်သည်။
လူမျိုးရေး၊ ဘာသာရေး အမုန်းတရားဖြန့်ချိသည့်တရားများ ဟောကြားခဲ့သည့် မန္တလေးမြို့မှ ဦးဝီရသူနှင့် ပတ်သက်ပြီး ဦးဝီရသူဘက်က ပြတ်ပြတ်သားသား ရပ်တည်သည့် ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းနှင့် ထိုဖောင်ဒေးရှင်းကို အလှူငွေထောက်ပံ့သည့် တပ်မတော်တို့နှင့်ပတ်သက်ပြီး သာသနာရေးဝန်ကြီးဌာနက ပထမဆုံးအကြိမ်အဖြစ် ထုတ်ဖော်ဝေဖန်ရေးသားခြင်းလည်း ဖြစ်သည်။
သို့သော် တပ်မတော်ဘက်ကမူ ထိုသို့ ငွေလှူဒါန်းခြင်းသည် သံဃာကိုရည်မှန်း၍ လှူဒါန်းခြင်းသာဖြစ်သည်ဟု မကြာသေးမီက ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ခု၌ ပြောသည်။
ပြီးခဲ့သည့် ဇွန်လ ၁၇ ရက်နေ့က အင်းစိန်မြို့နယ် အောင်ဆန်းတောရတပ်ဦးကျောင်းတိုက်၌ ကျင်းပသည့် အထက်ပါဖောင်ဒေးရှင်း နှစ်ပတ်လည် စုံညီပွဲနှင့် ဩဝါဒခံယူပွဲ၌ ဒုဥက္ကဋ္ဌ ဆရာတော်တစ်ပါးက ဦးဝီရသူအား ‘သာသနာ့သူရဲကောင်း’ ဟု သုံးနှုန်းခဲ့ခြင်းသည်လည်း “မသင့်မလျော် ပြောကြားခဲ့ခြင်း” ဖြစ်သည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ဆိုထားသည်။
ထို့ပြင် ထိုနေ့က ညီလာခံအပြီးတွင် “လက်ရှိ ဒီမိုကရေစီအစိုးရကို ဆန္ဒမဲမပေးဘဲ ရတဲ့နည်းနဲ့ ဆန့်ကျင်တွန်းလှန်ဖယ်ရှားပစ်ဖို့” အစရှိသော အချက်ပါ ကြေညာချက်များသည် “တရားမဝင်သည့် အသင်းအဖွဲ့တစ်ခုက အများပြည်သူရွေးချယ်တင်မြှောက်ထားသည့် ဒီမိုကရေစီအစိုးရအား ဖျက်လိုဖျက်ဆီးဆောင်ရွက်ရန် စိန်ခေါ်သည့် ပြယုဂ်တစ်ခုဖြစ်၍ အများပြည်သူက စောင့်ကြည့်တားဆီးကာကွယ်သွားရန် လိုအပ်” ကြောင်းနှင့် “တရားမဝင်အဖွဲ့အစည်းများ၏ လောကဓမ္မနှင့် ဆန့်ကျင်သော လုပ်ဆောင်ချက်များသည် သမိုင်းတင်ကျန်ခဲ့မည်ကို အထူးသတိချပ်သင့်” ကြောင်းလည်း ဆိုထားသည်။
ထို့ပြင် မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းမှ ဆရာတော်ဦးဥတ္တမနှင့် လက်ရှိခေတ် အမုန်းတရား ဖြန့်ချိနေသော ရဟန်းများကို မနှိုင်းယှဉ်ရန်လည်း ရေးသားထားသည်။
“ထိုကဲ့သို့ အမျိုးဘာသာသာသနာကို အကြောင်းပြု၍ အခြေအနေအရပ်ရပ်ကို ရှုပ်ထွေးအောင် ဆောင်ရွက်နေသည့် တရားမဝင်အဖွဲ့အစည်းများကို အချိန်မီရှင်းလင်းဖယ်ရှားခြင်း မပြုနိုင်ပါက အမျိုးဘာသာ သာသနာ၏ ဂုဏ်သိက္ခာသည် အဖတ်ဆယ်၍မရအောင် ထိခိုက်ကျဆင်းသွားနိုင်ပါသည်။ သို့ဖြစ်ပါ၍ သာသနာတော်ကြီး သန့်ရှင်းစွာဖြင့် အရှည်တည်တံ့ပြန့်ပွားရေးအတွက် ပြည်သူ တစ်ရပ်လုံးက ဝိုင်းဝန်းကူညီပူးပေါင်းဆောင်ရွက်ကြရန် အချိန်တန်ပြီဖြစ်ပါကြောင်း အသိပေး နှိုးဆော်အပ်ပါသည်” ဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ရေးသားဖော်ပြထားသည်။