သတင်း

ရနောင်းလူသတ်မှုတွင် ထောင်ဒဏ်ချခံထားရသည့် မြန်မာနှစ်ဦး၏အယူခံ အောင်မြင်

ထိုင်းမြန်မာနယ်စပ် ရနောင်းတွင် အသက် ၁၆နှစ်အရွယ် ထိုင်းကျောင်းသူတစ်ဦး အသတ်ခံရမှုဖြင့် ထောင်ဒဏ်များ ချမှတ်ခံထားရသော မြန်မာရေလုပ်သားနှစ်ဦး အယူခံကို ထိုင်းနိုင်ငံတရားရုံးက ယနေ့ (ဇွန်လ ၂၇ ရက်) အမိန့်ချရာ အပြစ်မရှိကြောင်း ဆုံးဖြတ်ပြီး အယူခံကို အနိုင်ပေးလိုက်သည်။

ဒီကနေ့ မနက်က အယူခံရဲ့စီရင်ချက်ကို တရားရုံးက ထုတ်ပြန်ပေးပါတယ်။ အယူခံအရ အပြစ်မရှိကြောင်း ဆုံးဖြတ်လိုက်ပြီး ပြန်လွွှတ်ပေးလိုက်ပြီဟု အဆိုပါအမှုတွင် မြန်မာနှစ်ဦးဘက်မှ လိုက်ပါဆောင်ရွက်ပေးနေသော ထိုင်းနိုင်ငံတောင်ပိုင်းအခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း (FED) အလုပ်သမားရေးရာ ဌာနတာဝန်ခံ ဦးမင်းဦးက ပြောသည်။

ထိုင်း-မြန်မာ ကပြား ကျောင်းသူတစ်ဦး၏ ရုပ်အလောင်းကို ရနောင်းမြို့တွင် ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့က တွေ့ရှိပြီးနောက် မြန်မာရေလုပ်သားများ ဖြစ်သော စိန်ကတုံး၊ ဝေလင်း၊ မိုးဇင်အောင်နှင့် ကျော်စိုးဝင်းတို့က ဓားဖြင့် ၁၇ ချက် ထိုးသတ်ခဲ့သည်ဟူသော သံသယဖြင့် ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြသည်။

ထိုင်းကျောင်းသူ သေဆုံးမှုတွင် မြန်မာရေလုပ်သား လေးဦးသည် အပြစ်ရှိသည်ဟုဆိုကာ ထောင်ဒဏ်အသီးသီးနှင့် ငွေဒဏ် ထိုင်းဘတ် ၁၆ သိန်းကျော်ကို ထိုင်းတရားသူကြီးက ၂၀၁၈ ခုနှစ် ဧပြီလ ၁၉ ရက်နေ့တွင် အမိန့်ချခဲ့သည်။

ယင်းအမှုတွင် မြန်မာရေလုပ်သား လေးဦးတို့သည် ထောင်ဒဏ်အသီးသီး ချမှတ်ခံရပြီး ဒဏ်ငွေအဖြစ် ထိုင်းဘတ် ၁၆ သိန်းကျော် ချမှတ်ခံခဲ့ရသည်။

ရနောင်းမြို့တရားရုံးက အသက် ၁၅ နှစ်အရွယ် မိုးဇင်အောင်နှင့် အသက် ၁၆ နှစ်အရွယ် ကျော်စိုးဝင်းတို့ကို သီးခြားစီ ပြစ်ဒဏ်ချမှတ်ခဲ့ပြီး စိန်ကတုံးနှင့် ဝေလင်းတို့ကိုလည်း သီးခြားစီ အမိန့်ချမှတ်ခဲ့သည်။

အသက်မပြည့်သေးသော မိုးဇင်အောင်သည် ကလေးသူငယ်တရားရုံးတွင် အမှုရင်ဆိုင်ခဲ့ရပြီး ထောင်ဒဏ် လေးနှစ် ချမှတ်ခံခဲ့ရသည်။ သို့သော် ထိုင်းနိုင်ငံဥပဒေအရ အသက်မပြည့်သေးသူကို ပြစ်ဒဏ်ချမှတ်ပါက ၎င်းအသက် ၁၈ နှစ်ပြည့်လျှင် လွတ်မြောက်ခွင့်ရှိသောကြောင့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။

 ထောင်ဒဏ် နှစ် ချမှတ်ခံရသည့် ကျော်စိုးဝင်းမှာလည်း ချုပ်ရက် ခံစားခွင့်ရသောကြောင့် ၂၀၁၈ ခုနှစ် ဧပြီလ ၁၉ ရက်နေ့တွင် ထောင်မှ လွတ်မြောက်ခဲ့သည်။

သို့သော် စိန်ကတုံးက ထောင်ဒဏ် ရှစ်နှစ်၊ ဝေလင်းက ထောင်ဒဏ် ခြောက်နှစ် ချမှတ်ခံခဲ့ရပြီး ၎င်းတို့နှစ်ဦးအတွက် ရနောင်းမြို့တရားရုံးတွင် ၂၀၁၈ ခုနှစ် ဧပြီလက အယူခံတင်သွင်းခဲ့ရာ ယင်းအယူခံ နိုင်သွားခြင်းဖြစ်သည်။

 “သူတို့နှစ်ယောက်နဲ့ တွေ့တော့ အမှုကို ကူညီပေးခဲ့ကြသူတွေကို ကျေးဇူးတင်ကြောင်း ပြောလိုက်ပါတယ် ဟု ဦးမင်းဦးက ပြောသည်။

လက်ရှိတွင် စိန်ကတုံးနှင့် ဝေလင်းတို့ကို မြန်မာနိုင်ငံသို့ ပြန်ပို့နိုင်ရေး ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးအဖွဲ့နှင့် ညှိနှိုင်းနေပြီး ပြန်မပို့နိုင်သေးခင်တွင် ၎င်းတို့ကို လွတ်လွတ်လပ်လပ် ထားမည်ဖြစ်ပြီး ချုပ်နှောင်မထားဟု ထိုင်းလဝကက ပြောသည်ဟု ဦးမင်းဦးက ဆိုသည်။

ရနောင်းလူသတ်မှုတွင် အယူခံနိုင်သည်ဆိုခြင်းမှာ ထိုင်းတရားရုံးများအနေနှင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို အပြစ်မရှိဘဲ၊ အထောက်အထား မခိုင်လုံဘဲ၊ ပြစ်ဒဏ်ပေးနေခြင်းကို ပေါ်လွင်စေပြီး၊ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များဘက်က စနစ်တကျ ကူညီပေးပါက အောင်မြင်နိုင်သည်ကို ပြသခြင်းဖြစ်ကြောင်း FED ဒါရိုက်တာ ဦးထူးချစ်က မြန်မာအလုပ်သမား နှစ်ဦး၏ အယူခံအနိုင်ရသည့်အပေါ် ၎င်း၏ လူမှုကွန်ရက် facebook တွင် ယနေ့ မှတ်ချက်ပြုသည်။

Show More

Related Articles

Back to top button