သတင်း

တပ်မတော်က ဖမ်းဆီးထားသူများတွင် မြို ၁၉ ဦးပါဝင်နေ၍ ပြန်လွှတ်ပေးရန်တောင်းဆို

ရခိုင်ပြည်နယ်မြောက်ပိုင်း ကျောက်တော်မြို့နယ် ကျောက်ဆည်ပြင် ကျေးရွာအနီးတွင် တပ်မတော်က ဖမ်းဆီးထားသည့် ဒေသခံ ၂၅ ဦး၌ မြိုတိုင်းရင်းသား ၁၉ ဦး ပါဝင်နေပြီး အမြန်ဆုံးပြန်လွှတ်ပေးရန် သမ္မတ၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တပ်မတော်တို့ထံ တောင်းဆိုသွားမည်ဖြစ်ကြောင်း မြိုအမျိုးသားဒီမိုကရေစီ ပါတီဥက္ကဋ္ဌက ယနေ့ပြောသည်။

ကျောက်ဆည်ပြင်ကျေးရွာအနီးတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့ ဇွန်လ ၁၃ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီး အဆိုပါ ကျေးရွာအနီးတွင် ရှိသည့် AA နှင့် ပတ်သက်သည်ဟု ယူဆရသူ မသင်္ကာဖွယ်ဒေသခံ ၂၅ ယောက်ကို တပ်မတော်က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးထားသူများထဲမှ ၁၉ ဦးမှာ မြိုတိုင်းရင်းသားများဖြစ်ပြီး ၎င်းတို့မှာ AA နှင့် ပတ်သက်မှုမရှိကြောင်း မြိုအမျိုးသား ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးမြထွန်းက ပြောသည်။

“ ဒီလူတွေက ဘယ်သူတွေဆိုတာကအစ သိတယ် အားလုံးက သာမန်ရွာသားတွေပဲ ” ဟု ဦးမြထွန်းက ပြောသည်။

ဖမ်းဆီးခံထားရသည့် မြိုတိုင်းရင်းသားများမှာ ကျာကန်၊ ကြပ်စင်၊ ရန်အောင်ပြင်၊ ကျောက်တော်၊ စပါးဆိပ်၊ ရှောက်ချောင်းနှင့် ပေါက္ကန်ချောင်း တို့မှဖြစ်ပြီး ကျောက်ဆည်ပြင်ကျေးရွာတွင်ရှိသည့် မောင်စိုးမျိုးနိုင်၏ တက္ကသိုလ်ဝင်တန်း အောင်မြင်သောကြောင့် ပျော်ပွဲစားလာခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

ဖမ်းဆီးခံရသူများထဲတွင် ကျာကန်ရွာမှ အသက် ၂၆ နှစ်အရွယ် ကိုဇော်ဝင်းထွန်းလည်း ပါဝင်ပြီး ၎င်းမှာ သာမန်လက်လုပ်လက်စားတစ်ဦးသာဖြစ်ပြီး AA နှင့် ပတ်သက်ဆက်နွှယ်မှုမရှိကြောင်း ၎င်း၏ ဦးလေး ဦးသာဇင်လှက ပြောသည်။

“ ၁၀ တန်းအောင်တဲ့ ကလေးဆီ အောင်ပွဲစားသွားတာပါ ဘာမှ AA မဟုတ်ဘူး ” ဟု ၎င်းကပြောသည်။

ဖမ်းဆီးခံထားရသူများကို ကျောက်တော်ရဲစခန်းတွင် အပ်နှံထားပြီး စစ်ဆေးမှုများကို ဆက်လက်ဆောင်ရွက်နေသည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။

“ စစ်ဆေးတဲ့အခါ ပေါ်လာပါလိမ့်မယ် AA ဟုတ်မဟုတ်ဆိုတာ၊ အဲဒီတော့မှ ဥပဒေအရ ဆက်လက်လုပ်ဆောင်ပါမယ် ” ဟု ၎င်းက ဆက်လက်ပြောသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်း တိုက်ပွဲများအတွင်း AA က အရပ်သားများအသွင်ယူကာ တိုက်ခိုက်နေကြောင်း တပ်မတော်က စွပ်စွဲထားခဲ့သော်လည်း ထိုသို့တိုက်ခိုက်ခြင်းမရှိကြောင်း AA က ငြင်းဆန်ထားသည်။

ယမန်နှစ် နိုဝင်ဘာလမှ စတင်ပြင်းထန်လာသည့် ရခိုင်တိုက်ပွဲများအတွင်း နှစ်ဖက်လက်နက်ကိုင်တပ်ဖွဲ့များ၏ အဖမ်းအဆီးကို ခံရသည့် အရပ်သားအရေအတွက်မှာလည်း ဆက်လက်များပြားလျက်ရှိသည်။

စစ်တွေအခြေစိုက် ရခိုင်စစ်ဘေးရှောင်များကို ကူညီပေးနေသည့် ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC) ၏အချက်အလက်များအရ ရခိုင်ပြည်နယ်တိုက်ပွဲများအတွင်း အရပ်သား ၅၀ ကျော် သေဆုံးပြီး ထိခိုက်ဒဏ်ရာ ရသူပေါင်း ၈၀ ကျော် ရှိနေသည်။

ယခုနှစ်ဧပြီလအတွင်းက မြောက်ဦးမြို့နယ် လက္ကာရွာတွင် လူ၂၇ ဦးကို တပ်မတော်မှ ဖမ်းဆီးစစ်ဆေးခဲ့ပြီး စစ်ဆေးနေစဉ် ၃ ဦး သေဆုံးသွားခဲ့သည်။ ထို့အပြင် ရသေ့တောင်မြို့နယ် ကျောက်တန်းရွာတွင်လည်း မေလဆန်းက တပ်မတော်မှ ရွာအတွင်းရှိ ရွာသား ၂၇၅ ဦးကို စာသင်ကျောင်းအတွင်း ထိန်းသိမ်းစစ်ဆေးနေစဉ် ရုန်းရုန်ဆန်ခတ်ဖြစ်ပွားမှုကြောင့် ပစ်ခတ်ဖြိုခွင်းခဲ့ပြီး အဆိုပါဖြစ်စဉ်တွင် ရွာသား ၇ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရခဲ့သည်။

Show More

Related Articles

Back to top button