သတင်း

သီဟမျိုးနိုင် တရားရုံးလာရောက်၊ ရဲတပ်ဖွဲ့ဖမ်းဆီး၍ အင်းစိန်ထောင်ပို့

တရားခံပြေး ကြေညာခံထားရသူ သီဟမျိုးနိုင် (နိုင်ဒဂုံ)မှာ ယနေ့ တောင်ဒဂုံမြို.နယ် တရားရုံးတွင် ကိုယ်တိုင်အမှုလာရောက် ရင်ဆိုင်ခဲ့ပြီး ရဲတပ်ဖွဲ့က ဖမ်းဆီးကာ အင်းစိန်ထောင်သို့ ပို့ဆောင်လိုက်သည်။

၎င်းက သူသည် တရားခံမဟုတ်ကြောင်း အမျိုးဘာသာသာသနာအတွက် လုပ်ဆောင်နေသူဖြစ်ကြောင်း ရဲအချုပ်ကားပေါ်သို့အတက်တွင် အော်ဟစ်ပြောဆိုခဲ့သည်။

တောင်ဒဂုံ ဘာသာရေး အကြောင်းပြ ဆူပူမှုဖန်တီးမှုကြောင့် တရားခံပြေးကြေညာ ခံထားရသော မိုက်ကယ်ကျော်မြင့်၏နှင့် သီဟမျိုးနိုင်တို့တွင် သီဟမျိုးနိုင် (နိုင်ဒဂုံ)က ယနေ့ မနက် ၁၀ နာရီ ဝန်းကျင်က  တောင်ဒဂုံ တရားရုံးတွင် လာရောက် အဖမ်းခံခဲ့ခြင်းဖြစ်သည်။

ယင်းဆူပူမှုတွင် အဓိက တရားခံအဖြစ် သတ်မှတ် ခံထားရသော မိုက်ကယ်ကျော်မြင့်မှာမူ လာရောက် အဖမ်းခံခြင်း မရှိသေးဘဲ ဆက်လက်ထွက်ပြေး တိမ်းရှောင်နေသည်။

ယနေ့ မနက်ပိုင်းက အမျိုးသားရေးဝါဒီ အင်အား ၄၀ ခန့် တောင်ဒဂုံတရားရုံးသို့ ကြိုတင်ရောက်ရှိနေခဲ့ပြီး  သီဟမျိုးနိုင်(နိုင်ဒဂုံ)ကို ထောက်ခံကြိုဆိုခဲ့ကြသည်။

၎င်းကို ပုဒ်မ ၅၀၅ ()ဖြင့် ရင်ဆိုင်ရန် တရားရုံးက ဇွန်လ ၁၄ ရက်သို့ ပြန်လည် ချိန်ဆိုထားသည်။

သီဟမျိုးနိုင်(နိုင်ဒဂုံ)မှာ တရားခံပြေးအဖြစ် ရဲက အလိုရှိနေသည့် မိုက်ကယ်ကျော်မြင့်၏ ညွှန်ကြားမှုဖြင့် တည်ထောင်ထားသည့် အခြေခံလူတန်းစားဘဝ တိုးတက်မြင့်မားရေးပါတီ၏ တောင်ဒဂုံမြို့နယ်ဥက္ကဋ္ဌ ဖြစ်သည်။

မေလ ၁၅ ရက် ညက ဖြစ်ပွားခဲ့သည့် တောင်ဒဂုံဆူပူမှုတွင် မိုက်ကယ်ကျော်မြင့် ဦးဆောင်သည့် လူအင်အား ၁၀၀ ခန့်က တောင်ဒဂုံမြို့နယ် ၁၀၆၊ ၆၄ နှင့်၂၆ ရပ်ကွက်များရှိ အစ္စလာမ်ဘာသာဝင်များ ဝတ်ပြုဆုတောင်းရာ နေအိမ်များကို ဝင်ရောက်စစ်ဆေးခဲ့ပြီး ဒေသခံ အစ္စလာမ်ဘာသာရေး လူကြီးများအား နောင်တွင် ထပ်မံဝတ်ပြုခြင်း မပြုလုပ်ရန် ညဉ့်သန်းခေါင်ယံအချိန်တွင် ခံဝန်ရေးထိုးစေခဲ့သည်။

ယင်းသို့ လုပ်ဆောင်မှုကြောင့် မိုက်ကယ်ကျော်မြင့်နှင့် သီဟမျိုးနိုင်(နိုင်ဒဂုံ)တို့ နှစ်ဦးသည် ရာဇသတ်ကြီးပုဒ်မ ၅၀၅() ဖြင့် တရားစွဲဆိုခြင်းခံထားရပြီး၊ တရားရုံးသို့ ဆင့်ခေါ်ထားသည့် မေလ၂၃ရက်နေ့တွင် လာရောက်ခြင်း မရှိသောကြောင့် တောင်ဒဂုံမြို့နယ် တရားရုံးက တရားခံပြေးအဖြစ် ကြေညာခံထားရသူဖြစ်သည်။

သို့သော် မိုက်ကယ်ကျော်မြင့်တို့မှာ အဖမ်းခံခြင်း မရှိဘဲ ဆက်လက်ထွက်ပြေးတိမ်းရှောင်နေ၍ မေလ ၃၁ ရက်နေ့တွင် မိုက်ကယ်ကျော်မြင့် နှင့် သီဟမျိုးနိုင်(ခ)မောင်ထွေး တို့အား ရဲက အလိုရှိနေကြောင်း ကြေညာလိုက်သည်။

မိုက်ကယ်ကျော်မြင့်သည် ၂၀၁၇ ခုနှစ်အတွင်းက ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း နှင့် ကိုယ်ရေးအရာရှိတို့ မြေကိစ္စတွင် လာဘ်စားခဲ့သည်ဟု စွပ်စွဲမှု၊ ဆန္ဒပြမှုတို့ကြောင့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် ထောင်ဒဏ် ခြောက်လ ၊ မမှန်မကန် စွပ်စွဲမှုကြောင့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၁၁ ဖြင့် ထောင်ဒဏ် သုံးလ၊ ယင်းအပြင် ငြိမ်းချမ်းစွာစုဝေးခွင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၁၉ ဖြင့် ထောင်ဒဏ် တစ်လ၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) ဖြင့် ထောင်ဒဏ် တစ်နှစ် ချမှတ်ခံခဲ့ရသူလည်း ဖြစ်သည်။

Related Articles

Back to top button