သတင်း

ထွက်ပြေးတိမ်းရှောင်နေသည့် ဘူးလက်လှဆွေ၏ ပိုင်ဆိုင်မှုတစ်ခုမျှ ဝရမ်းမကပ်နိုင်

နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် အမှုဖွင့်အရေးယူခံရပြီးနောက် ထွက်ပြေးတိမ်းရှောင်နေသည့် ဘူးလက်လှဆွေ လာရောက်တရားရင်ဆိုင်စေရေးအတွက် ဝရမ်းကပ်ရန် ကြိုးပမ်းရာတွင် ဦးလှဆွေပိုင် အိမ်များမဟုတ်သောကြောင့် ဝရမ်းကပ်နိုင်ခြင်း မရှိကြောင်း တရားရုံးတာဝန်ရှိသူက ပြောသည်။ 

နေပြည်တော်၊ ရန်ကုန်နှင့် မကွေးတိုင်းဒေသကြီးအတွင်း ဦးလှဆွေပိုင်ဆိုင်သည်ဟု ယူဆရသော နေအိမ်သုံးလုံးကို တရားရုံးအမိန့်ဖြင့် ဝရမ်းစွဲကပ်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ပြီး မကွေးနှင့် ရန်ကုန်ရှိ နေအိမ်နှစ်လုံးမှာ ဦးလှဆွေပိုင် မဟုတ်သည့်အတွက် ဝရမ်းကပ်နိုင်ခဲ့ခြင်း မရှိဟု ဆိုသည်။ 

နေပြည်တော်ရှိ နေအိမ်တစ်လုံးကို ဝရမ်းကပ်ခဲ့ရာတွင် ဦးလှဆွေငှားရမ်းနေထိုင်သော အိမ်ဖြစ်၍ ဝရမ်းပယ်ဖျက်ပေးရန် အိမ်ပိုင်ရှင်က လျှောက်ထားလာရာ စိစစ်ပေးနေရကြောင်း အဆိုပါအမှုကို ကိုင်တွယ်နေသည့် အနောက်ပိုင်းခရိုင်တရားရုံးမှ သတင်းမီဒီယာပြန်ကြားရေးအရာရှိ ဦးဇော်ဇော်ထွန်းက ပြောသည်။

“ကပ်လာခဲ့တဲ့စာမှာကိုက ငှားရမ်းနေထိုင်ခဲ့သည်လို့တော့ ပါတော့ပါတယ်။ အဲဒီတော့ ငှားရမ်းနေထိုင်ခဲ့တဲ့ နေရာကို ကပ်လာတာပါ။ သူပိုင်တဲ့ပစ္စည်းကို ကပ်ရတာ ဖြစ်ပါတယ်။ ပိုင်တဲ့ပစ္စည်းကို လာရောက်စေခြင်းငှာ ကပ်ရတဲ့သဘော ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။ 

နေပြည်တော်ကောင်စီ၊ ပုဗ္ဗသီရိမြို့နယ် မြတ်လေးလမ်းနှင့် သံလွင်လမ်းမကြီးထောင့်၊ ရတနာဒီပရပ်ကွက်ရှိ နေအိမ်ကိုတော့ ရဲက ဝရမ်းကပ်ခဲ့သော်လည်း ထိုအိမ်မှာ ဦးလှဆွေငှားရမ်းနေထိုင်သော အိမ်ဖြစ်သောကြောင့် အိမ်ပိုင်ရှင်က ဝရမ်းပယ်ဖျက်ပေးရန် အနောက်ပိုင်းခရိုင်တရားရုံးသို့ လျှောက်ထားခဲ့ခြင်းဖြစ်သည်။ 

ဩဂုတ် ၁၇ ရုံးချိန်းတွင် ဝရမ်းကပ်ခံရသည့် အိမ်ပိုင်ရှင် ဒေါ်မေဇော်ထူးက ရတနာဒီပရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်နှင့် ဦးလှဆွေ၏ နောက်ထပ်ဇနီးဆိုသူ ဒေါ်ခင်မျိုးသူကို သက်သေအဖြစ် တင်သွင်း၍ စစ်ဆေးခံခဲ့ကြောင်း ဦးဇော်ဇော်ထွန်းက ပြောသည်။ 

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးလှဆွေနေထိုင်ခဲ့သည့် မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ် မြောက်ခင်ရန်းကျေးရွာရှိ နေအိမ်သည်လည်း ဦးလှဆွေပိုင် မဟုတ်သည့်အတွက် ဝရမ်းစွဲကပ်နိုင်ခြင်း မရှိခဲ့ဟု ဆိုသည်။ 

ထို့ပြင် ရန်ကုန် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ပြည်ထောင်စုလမ်းရှိနေအိမ်သည်လည်း ဇနီးဆိုသူက ဦးလှဆွေနှင့် တရားဝင်ကွာရှင်းပြီးသားဖြစ်သည့်အတွက် ဦးလှဆွေမပိုင်ဆိုင်သောကြောင့် ဝရမ်းကပ်နိုင်ခြင်း မရှိခဲ့ပေ။ 

ပြည်ခိုင်ဖြိုးပါတီဝင် လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးလှဆွေသည် ၂၀၁၉ ခုနှစ် ဩဂုတ်လအတွင်းက ရန်ကုန်မြို့လယ်ဟောပြောပွဲတစ်ခုတွင် လက်ရှိအစိုးရအဖွဲ့အကြီးအကဲများ ရုံးထိုင်သည့် နေရာများအပေါ် အမေရိကန်က ဗုံးကြဲစေချင်သည်ဟု ပြောဆိုခဲ့သည့်အပြင် အစိုးရအဖွဲ့ဝင်များကို ရည်ရွယ်ကာ ‘အကုန်လုံးသေပါစေ၊ အေးရော’ ဟု ထည့်သွင်းဟောပြောခဲ့သဖြင့် နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် အမှုဖွင့်အရေးယူခဲ့ရသည်။ 

ဖမ်းဝရမ်းထုတ်ခံရပြီးနောက် ထွက်ပြေးတိမ်းရှောင်နေသည့် ဦးလှဆွေကို တစ်နှစ်ပြည့်သည့် ယနေ့အချိန်ထိ ဖမ်းဆီးနိုင်ခြင်း မရှိသေးပေ။ ဦးလှဆွေကို စွဲဆိုထားသည့် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄-က သည် အမြင့်ဆုံးထောင်ဒဏ် တစ်သက်တစ်ကျွန်း (နှစ် ၂၀) အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။ 

ထိုအနောက်ပိုင်းခရိုင်တရားရုံး၌ပင် တရားခံပြေး ဦးဝီရသူအမှုကိုလည်း စစ်ဆေးခဲ့ရာ အမျိုးသားရေးဦးဆောင်ဆရာတော် ဦးဝီရသူ၏ ဘဏ်စာရင်းများကို ဝရမ်းစွဲကပ် ချိပ်ပိတ်ခဲ့သည်။ ဦးလှဆွေ၏ ဘဏ်စာရင်းကိုမူ တရားလိုဘက်မှ တင်ပြလာခြင်း မရှိ၍ ဝရမ်းကပ်နိုင်ခြင်း မရှိကြောင်း ဦးဇော်ဇော်ထွန်းက ဆိုသည်။ 

“တရားလိုဘက်က အဲဒါကို တင်ပြထားတာ မရှိပါဘူး။ ကျွန်တော်တို့က တင်ပြထားချက်ကို မူတည်ပြီးတော့ ရုံးက ဆောင်ရွက်ပေးတာ ဖြစ်ပါတယ်။ သူ့မှာ ဘာပစ္စည်းတွေ ရှိတယ်ဆိုတဲ့ တင်ပြထားချက်၊ အဲဒီပေါ်မှာ စွပ်စွဲခံရသူ လာရောက်စေခြင်းငှာ ဝရမ်းတွေ ကပ်တာပေါ့။ ဒီအမှု (ဦးလှဆွေအမှု) မှာတော့ ဘဏ်အကောင့်များနှင့် ပတ်သက်ပြီး တင်ပြထားခြင်း မရှိဘူး” ဟု ၎င်းက ပြောသည်။

Show More

Related Articles

Back to top button