နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄-က ဖြင့် တရားစွဲခံထားရသည့် ဦးလှဆွေကို ဖမ်းမိခြင်းမရှိသေး၍ ဖမ်းဝရမ်းကို စက်တင်ဘာလ ၁၁ ရက်နေ့အထိ သက်တမ်း ၁၄ ရက် ထပ်တိုးလိုက်ကြောင်း ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးက ယနေ့ ဆုံးဖြတ်လိုက်သည်။
“ဘူးလက်လှဆွေ” ဟု လူသိများသည့် ဦးလှဆွေသည် ဖမ်းဝရမ်းပါ မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့တွင် နေထိုင်ခြင်းမရှိတော့ဘဲ လက်ရှိတွင် နေပြည်တော်နှင့် ရန်ကုန်မြို့၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်တို့တွင် ပြောင်းရွှေ့နေထိုင်လျက်ရှိသည်ဆိုသော အစီရင်ခံစာကို ဂန့်ဂေါ မြို့မရဲစခန်းက ဩဂုတ်လ ၉ရက်နေ့တွင် ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးသို့ စာတိုက်မှတစ်ဆင့် ပေးပို့ခဲ့သည်။
ရဲတပ်ဖွဲ့၏ အစီရင်ခံစာကို တရားရုံးက ဩဂုတ်လ ၁၅ ရက်နေ့တွင် လက်ခံရရှိသော်လည်း ဦးလှဆွေအား တရားရုံးတော်ရှေ့သို့ ခေါ်ဆောင်နိုင်ခြင်း မရှိသေး၍ အစီရင်ခံစာပါ လိပ်စာအတိုင်း ဖမ်းဝရမ်းကို ဆက်လက်အတည်ပြုရန် သက်တမ်းတိုးမြှင့်လိုက်ခြင်းဖြစ်ကြောင်း ယင်းတရားရုံးထံမှ သိရသည်။
“ပြောင်းရွှေ့နေထိုင်နေတဲ့ လိပ်စာတွေအပေါ်မှာ အတည်ပြုပြီးတော့ ဖမ်းဝရမ်းအရ ဆက်လက်ဆောင်ရွက်ပေးပါလို့ ရဲစခန်းကို ပြန်ပေးခဲ့တာ။ အဲဒီဖမ်းဝရမ်းကို ၁၁ ရက်နေ့မှာ ပြန်သွင်းရမယ်။ ဖမ်းဝရမ်းကို အတည်ပြုဆောင်ရွက်ပါ ဆိုပြီးတော့ ဂန့်ဂေါရဲစခန်းကို ခိုင်းလိုက်တယ်” ဟု
တရားရုံး သတင်းပြန်ကြားရေးအရာရှိ ဦးမင်းသန့်က ရှင်းပြသည်။
ဂန့်ဂေါ ရဲတပ်ဖွဲ့အနေဖြင့် စက်တင်ဘာလ ၁၁ရက်နေ့ရုံးချိန်းတွင် တရားရုံး၏ ဖမ်းဝရမ်းအပေါ် စုံစမ်းစစ်ဆေးမှု အခြေအနေကို ဆက်လက်ရှင်းလင်း တင်ပြရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ အမျိုးသားလွှတ်တော်အမတ်ဟောင်း ဦးလှဆွေသည် ဩဂုတ်လ ၃ ရက်နေ့က ရန်ကုန်မြို့လယ်တွင် ကျင်းပသည့် ဟောပြောပွဲ၌ သုံးနှုန်းပြောဆိုခဲ့သည့် စကားများကြောင့် ယခုကဲ့သို့ တရားစွဲဆိုခံရခြင်းဖြစ်သည်။
“အမေရိကန်နိုင်ငံမှ မြန်မာတပ်မတော် ထိပ်တန်းအရာရှိများအပေါ် အရေးယူပိတ်ဆို့မှုများအား ဆန့်ကျင်ကန့်ကွက်ရှုတ်ချပွဲ” ဟု အမည်တပ်ထားသည့် ယင်းဟောပြောပွဲတွင် ဦးလှဆွေက “အမေရိကန်ကလာဗုံးကြဲရင် ဝန်ကြီးများရုံးတို့၊ အစိုးရအဖွဲ့ရုံးတို့၊ အတိုင်ပင်ခံရုံးတို့၊ သမ္မတရုံးတို့ ဗုံးကြဲရင် သဘောမတူဘူးလား” ဟု စင်ပေါ်က အော်ဟစ်ခဲ့ပြီးနောက် စင်အောက်မှ နားထောင်နေသူများက “ထောက်ခံပါတယ်” ဟု သံပြိုင်အော်ဟစ်ခဲ့ကြသည်။
ယင်းအပြင် “ဗုံးကြဲစမ်းပါ။ အစိုးရအဖွဲ့ရုံး၊ ဝန်ကြီးတွေရုံးတွေ၊ အစိုးရအဖွဲ့ရုံးတွေ၊ အကုန်လုံးသေပါစေ၊ အေးရော မဟုတ်ဘူးလား”ဟု လည်းကောင်း ပြောဆိုသွားခဲ့သည်။
ဦးလှဆွေ၏ထိုသို့ပြောဆိုချက်များသည် နိုင်ငံတော်အစိုးရအပေါ် ထိခိုက်စော်ကားသည်ဟုဆိုကာ ကျောက်တံတားမြို့နယ် ဒုတိယအထွေထွေအုပ်ချုပ်ရေးမှူး ဦးမျိုးမြင့်က အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။
၎င်းကိုစွဲဆိုထားသည့် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံးထောင်ဒဏ် တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့် ပုဒ်မဖြစ်သည်။
ထို့အတူ ဦးလှဆွေ၏ ဩဂုတ် ၃ ရက် ပြောဆိုချက်များတွင် အစ္စလာမ်ဘာသာကို ထိခိုက်စေသည့် အသုံးအနှုန်းများ ပါဝင်သည်ဟုဆိုကာ အစ္စလာမ်ဘာသာရေးဆရာ ဦးဆန်းအောင်က သာသနာညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅ ဖြင့် ကျောက်တံတားမြို့နယ်တရားရုံးတွင် ဩဂုတ်လ ၆ ရက်က တရားလိုပြုလုပ် တိုင်တန်းထားသည်။
တပ်မတော်တွင် ဒုဗိုလ်မှူးကြီးအထိ တာဝန်ထမ်းဆောင်ဖူးသော အသက် ၅၉ နှစ်အရွယ်ရှိ ဦးလှဆွေသည် ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြု ယှဉ်ပြိုင်ခဲ့ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဖြစ်လာခဲ့သည်။
၎င်းသည် လွှတ်တော်ကိုယ်စားလှယ်ဘဝက တိုင်းရင်းသားလက်နက်ကိုင်များအား ငြိမ်းချမ်းရေးဆွေးနွေးရန် “… ရွှေလက်နဲ့ခေါ်တုန်းလာပါ… ဘူးလက် (ကျည်ဆန်) လွှတ်ရတာ မကောင်းပါဘူး” ဟု ပြောခဲ့သဖြင့် “ဘူးလက်လှဆွေ” ဟု အမည်တွင်လာခဲ့သူဖြစ်သည်။
၎င်းသည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ထပ်မံဝင်ရောက်ယှဉ်ပြိုင်သော်လည်း ပြန်လည် ရွေးကောက်မခံရတော့ပေ။ ယင်းနောက်ပိုင်းတွင် တပ်မတော်ထောက်ခံပွဲများ၊ အခြေခံဥပဒေပုဒ်မ ၅၉ (စ) မပြင်ဆင်ရေး ထောက်ခံပွဲများ၊ အမျိုးသားရေးအမည်ခံ ဆန္ဒပြပွဲများတွင် ပါဝင်ဟောပြောလေ့ရှိသည်။